• Today is: Friday, August 12, 2022

တရုတ်နိုင်ငံ၏ လူနဲစုအမျိုးသားရေးရာ ပေါ်လစီနှင့် လက်တွေ့ပြဿနာ

တရုတ်နိုင်ငံ၏ လူနဲစုအမျိုးသားရေးရာ ပေါ်လစီနှင့် လက်တွေ့ပြဿနာ

ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၉ ခုနှစ်အောက်တိုဘာလ (၁)ရက်နေ့က စတင်တည်ထောင်ခဲ့သော တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် ကွန်မြူနစ်ပါတီခေါင်းဆောင်သော နိုင်ငံတခုဖြစ်ပါလျက် လူနဲစုတိုင်း ရင်းသားရေးရာ ပေါ်လစီ (Ethnic Minorities Policy) တွင် လီနင်ဝါဒ၏ အခြေခံမူ တရပ်ဖြစ်သော အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ခွဲထွက်ခွင့်ကို မကျင့်သုံးခဲ့ပေ။ ထို့အတူ ဆိုဗီယက်ယူနီယံနှင့် ယူဂိုဆလပ်ဗီးယားစသည့် ဆိုရှယ်လစ် အရှေ့အုပ်စုဝင်နိုင်ငံတချို့ကျင့်သုံးခဲ့သော လူမျိုးအခြေပြု ဖက်ဒရယ်စနစ်ကိုလည်း ကျင့်သုံးခြင်းမပြုခဲ့ချေ။ တရုတ်ပြည်ကျင့်သုံးခဲ့သည်မှာ အမျိုးသားစည်းလုံး ညီညွတ်ရေးကို ပိုမိုအားကောင်းစေသည်ဟု ယူဆသော၊ ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေး (Regional autonomy) စနစ်သာ ဖြစ်သည်။

ဘုံပိုင်အမည်ရှိသည့် နိုင်ငံ

တရုတ်နိုင်ငံ၏ နယ်စပ်ဒေသအများစုမှာ တိုင်းရင်းသားလူမျိုးများနေထိုင်ရာ ဒေသများဖြစ်သောကြောင့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးမှာ နိုင်ငံ၏ လုံခြုံရေး ကိစ္စများနှင့် နိုင်ငံနယ်နိမိတ် အချုပ်အခြာအာဏာ ပိုင်စိုးမှုတို့အပေါ် များစွာ သက်ရောက်မှု ရှိပေသည်။ တရုတ်အစိုးရက တရားဝင်အသိအမှတ်ပြုထားသည့် တိုင်းရင်းသားလူမျိုးများမှာ လူများစုကြီးဖြစ်သည့် ဟန်လူမျိုးအပါအဝင် (၅၆)များရှိသည်။ အဆိုပါ (၅၆) မျိုးကို လူဦးရေများရာမှ နဲရာအလိုက် တန်းစီရလျင် အောက်ပါအတိုင်း တွေ့ရမည် ဖြစ်သည်။ (၁) ဟန် (၂) ကျွမ့် (၃) မန်ချူး (၄) ဟွေ (၅) မြောင် (၆) ဝေဝါ (၇) ယီ (၈) ထူကျား (၉) မွန်ဂိုလ် (၁၀) တိဗက် (၁၁) ပုယီ (၁၂) တုံ့ (၁၃) ယောင် (၁၄) ကိုရီးယန်း (၁၅) ပိုင် (၁၆) ဟားနီ (၁၇) လီ (၁၈) ကာဇက် (၁၉) တိုင်း (၂၀) ရှဲ (၂၁) လီစူး (၂၂) ကဲလောက် (၂၃) လားဟူ (၂၄) တုန်းရှန်း (၂၅) ၀ (၂၆) ရွှေ (၂၇) နရှီး(မိုဆိုး အပါအဝင်) (၂၈) ချန်း (၂၉) ထူ (၃၀) ရှိးပေါ (၃၁) မုလောဝ် (၃၂) ကာဂျစ် (ကာ့ကဇစ်) (၃၃) တားပေါ့ (၃၄) ဂျင်းဖေါ့ (၃၅) ဆားလား (၃၆) ပုလန် (၃၇) မောက် နန် (၃၈) တာဂျစ် (၃၉) ဖူးမီ (၄၀) အားချန်း (၄၁) နု (၄၂) အက်ဝင်းခ် (အီးဝင်ကီ) (၄၃) ကျင်း (ဗီယက်နမ် သို့မဟုတ် ကင်း) (၄၄) ကျင်းနော့ (၄၅) တအန်း (၄၆) ဥဇဘက် (၄၇) ရပ်ရှန်း (၄၈) ပေါက်အန်း (၅၀) မိန်ပေါ့ (၅၁) အော့လွန်ချွင်း (အောရဂင်) (၅၂) တူးလုံ (၅၃) တာတာ (၅၄) ဟော့ကြဲ (၅၅) လိုပါး (၅၆) ကောင်းရှန်း တို့ ဖြစ်ကြသည်။

ဟန် ဟု ခေါ်သော တရုတ်လူမျိုးမှာ တနိုင်ငံလုံး လူဦးရေ ၁.၃ ဘီလီယံ၏ ၉၂ % ရှိသည်။ ဟန် လူမျိုးများမှာ ဟူပေ၊ ကျန်းစု၊ ကွမ်တုံး စသည့် အရှေ့ဘက် ပိုင်းဒေသများတွင် သိပ်သည်းထူထပ်စွာ နေထိုင်ကြသည်။ လူနဲစုတိုင်းရင်းသားများမှာ တနိုင်ငံလုံး၏ ၈ % ဖြစ်သော လူဦးရေ ၁၀၅ သန်းခွင့်ရှိသည်။ လူနဲစု တိုင်းရင်းသား အဖြစ် သတ်မှတ်ရာတွင် ရှရှား၊ ကိုးရီးယား၊ မွန်ဂိုလီယား၊ ကာဇက်၊ တာဂျစ်၊ ဥဇဘက် စသည့် အိမ်နီးချင်းနိုင်ငံတချို့မှ အဓိက လူမျိုးများကိုလည်း တရုတ်ပြည်၏ လူနဲစု တိုင်းရင်းသား အဖြစ် သတ်မှတ်ခြင်းမှာ ထူးခြားသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုး တချို့ဖြစ်သော တိုင်း (ရှမ်း)၊ မြောင်၊ လီစူး၊ လားဟူ၊ ဂျင်းဖေါ၊ တအန်း(ပလောင်)၊ ဟားနီ (အခါ) ၀ လူမျိုးတို့မှာလည်း တရုတ်ပြည်၏ တရားဝင် လူနဲစု တိုင်းရင်းသားများ ဖြစ်ကြသည်။

လူမျိုးအလိုက် ဟန်လူမျိုး၊ မွန်ဂိုလ်လူမျိုး၊ ကျွမ့်လူမျိုး စသဖြင့် ခေါ်ဆိုကြသော်လည်း အားလုံးကို ခြံငုံခေါ်ဆိုသည့် နိုင်ငံနှင့် လူမျိုးမှာ ”ကျုံးကော့” နှင့် “ကျုံးကော့ရင်” ဖြစ်သည်။ အဓိပ္ပါယ်အားဖြင့် “ဗဟို နိုင်ငံ နှင့် ဗဟိုနိုင်ငံသား” ဟု တိုက်ရိုက်အနက်ဖွင့်နိုင်သဖြင့် နိုင်ငံနှင့် နိုင်ငံသားအမည်မှာ အများပိုင်နမ် ဖြစ်သည်။ အဆိုပါဘုံဆိုင်အမည်ကို ပေးသူမှာ တရုတ်ကွန်မြူနစ်အစိုးရ မဟုတ်ဘဲ၊ ၁၉၁၂ ခုနှစ်က တရုတ်သမ္မတနိုင်ငံကို မထူထောင်မှီ နောက်ဆုံးအုပ်စိုးသွားသည့် မန်ချူးမင်းဆက် (သို့မဟုတ်-ချင်းမင်းဆက် Qing dynsty – ၁၆၃၆-၁၉၁၂) အတွင်း ပေးခဲ့သောအမည်ဖြစ်သည်။ မန်ချိူးတို့မှာ (Dulimbai Gurun) နှင့် တရုတ်ဘာသာ စကားဖြင့် (Zhongguo) ကျူံးကော့ “ဗဟိုနိုင်ငံ” စုခေါ်ဝေါ်သမုတ်ခဲ့ကြသည်။ အဓိပ္ပါယ်မှာ တရုတ်ပြည်သည် ဟန်လူမျိုး တမျိုးတည်း၏ နိုင်ငံမဟုတ်ပဲ လူမျိုးပေါင်းမှီတင်းနေထိုင်ရာ နိုင်ငံတော် ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။

တရုတ်နိုင်ငံကို စတင်တည်ထောင်သည့် ကွန်မြူနစ်ပါတီက “နိုင်ငံတော်သည် လူမျိုးပေါင်းစုံ ပါဝင်သော နိုင်ငံတခု” ဖြစ်ခြင်းနှင့် “တိုင်းရင်းသားအချင်းချင်းကြား သွေးစည်းညီညွတ်ရေးကို တည်ဆောက်မည်” ဆိုသည့် အချက်နှစ်ချက်ကို ၎င်းတို့ တိုင်းရင်းသားရေးရာ ပေါ်လစီတွင် အဓိက ဦးစားပေးချမှတ်ခဲ့သည်။ သို့ဖြစ်၍ ပါတီ၏ လူနဲစုတိုင်းရင်းသားရေးရာ ပေါ်လစီဆောင်ပုဒ်မှာ “တန်းတူရေး၊ သွေးစည်းရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး” ဖြစ်သည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အခြေခံဥပဒေတွင် ဤသို့ဆိုထားသည်။

“တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများအားလုံးသည် တန်းတူညီမျှ အခွင့်အရေးရှိကြသည်။ နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးအားလုံး၏ ဥပဒေအရ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ပြီး တိုင်းရင်းသားလူမျိုးများအကြား တန်းတူဆက်ဆံရေး၊ စည်းလုံးညီညွတ်ရေးနှင့် အပြန်အလှန် ရိုင်းပင်ကူညီရေး မူတို့ကို ဆုတ်ကိုင်ကာ ပိုမို တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်သည်။ တိုင်းရင်းသားလူမျိုးတရပ်ရပ်ကို ခွဲခြားဆက်ဆံခြင်းနှင့် ဖိနှိပ်ခြင်းကို တားမြစ်သည်”။

တိုင်းရင်းသားလူမျိုးဖြစ်မှုအတွက် စံထားချက် ()ချက်

တိုင်းရင်းသားလူမျိုး အဖြစ် သတ်မှတ်သည့် စံနှုံးမှာ ၁၉၁၃ ခုနှစ်လောက်က ပေါ်ပေါက်ခဲ့သည့် ဂျိူးဇက်စတာ လင်၏ သတ်မှတ်ချက် (၄) ချက်ကို အခြေခံကာ၊ အသစ်ထပ်မံဖြည့်စွက်ထားချက် (၂)ချက်ဖြင့် ပေါင်း၍ အချက် (၆)ချက်နှင့် သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ စံနှုံးမှာ – တူညီသော ဘုံသမိုင်းကြောင်းရှိခြင်း၊ တူညီသော ထုတ်လုပ်ရေး နည်းနာပိုင်ဆိုင်ခြင်း၊ (လယ်ယာ စိုက်ပျိုးခြင်း သို့မဟုတ် တိရိစ္ဆာန်မွေးမြူခြင်း စသည်)၊ တူညီသော ဓလေ့ထုံးစံရှိခြင်း၊ တူညီသော စိတ်နေသဘောထား ရှိခြင်းတို့ ဖြစ်ကြသည်။ လူနဲစုတိုင်းရင်းသား အားလုံး၏ တဝက်ကျော်ဖြစ်သော သန်း ၅၀ ခန့်မှာ နယ်စပ်ဒေသများတွင် နေထိုင်ကြသည်။  လူနဲစု တိုင်းရင်းသားလူမျိုးများ သိပ်သည်းစွာ နေထိုင်ကြသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများမှာ အတွင်းမွန်ဂိုးလီယား၊ ရှင်ကျန်း၊ နင်ရှား၊ ကွမ်းရှီး၊ တိဗက်၊ ယူနန်၊ ကွေ့ကျိုး၊ ချင်းဟိုင်၊ စစ်ချွမ်း၊ ကန်းစု၊ လျောင်နင်း၊ ကျိလင်၊ ဟူနန်၊ ဟူပေ၊ ဟိုင်နန် နှင့် ထိုင်ဝမ် တို့ဖြစ်ကြသည်။

၁၉၆၆ ခုနှစ်မှ ၁၉၇၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ပစ္စည်းမဲ့ယဉ်ကျေးမှုတော်လှန်ရေးကာလတွင် တိုင်းရင်းသား အချင်းချင်းအကြားရှိ ပဋိပက္ခကို လူတန်းစား ပဋိပက္ခအမြင်ဖြင့် ချဉ်းကပ်ခဲ့သဖြင့် တိုင်းရင်းသားလူနဲစုများကို ခေတ်နောက်ကျသူများအဖြစ် ရှုမြင်ခဲ့ကြသည်။ လူနဲစု တိုင်းရင်းသားရေးရာ ပေါ်လစီကို လူတန်းစားပဋိပက္ခတွင် အသုံးပြုသည့် လူစုလှုပ်ရှားမှုဖြင့် အစားထိုးခဲ့သည်။

လူနဲစုတိုင်းရင်းသားများ၏ ဘာသာရေးပွဲများ၊ ဒေသဆိုင်ရာ ဓလေ့ထုံးစံပွဲတော်များနှင့် တိုင်းရင်းသား ဘာသာစကား ပြောဆိုချက်များကို ခေတ်နောက်ပြန်ဆွဲသော၊ ဖောက်ပြန်မှုများအဖြစ် သတ်မှတ်ကာ ရက်စက်စွာ နှိပ်ကွက်ခဲ့ကြသည်။ ၁၉၇၆ ခုနှစ်၊ မော်စီတုံး ကွယ်လွန်ပြီး လေးယောက်ဂိုဏ်း ပြုတ်ကျသွားသည့်နောက်ပိုင်းတွင် လူနဲစုတိုင်းရင်းသားရေးရာ ပေါ်လစီမှာ တဖြေးဖြေး ပြန်လည်ရှင်သန်လာခဲ့သည်။

တိန့်ရှောက်ဖျင်၏ လူနဲစု တိုင်းရင်းသားရေးရာ ပေါ်လစီ

တိုင်းရင်းသားတမျိုးနှင့် တမျိုးကြား ဝိရောဓိများကို လူတန်းစားတိုက်ပွဲ၏ ရလာဒ်အဖြစ် ရှုမြင်မှုကို ဗဟိုအစိုးရ က ငြင်းပယ်ခြင်းကဲ့သို့ လူနဲစုတိုင်းရင်းသားရေးရာ ပေါ်လစီ၏ တက်ကြွသည့် အခန်းကဏ္ဍကို ဆန်ကျင်သည့် တွေးခေါ်မှု အတားအဆီးများအား ဖယ်ရှားခြင်း၊

  • တိုင်းရင်းသားဒေသဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုတ်မြင့်တင်ရေးကို နိုင်ငံတော်၏ လူနဲစုတိုင်းရင်း သားရေးရာပေါ်လစီ အလေးထားချက်အဖြစ် သတ်မှတ်ခြင်း။
  • တိုင်းရင်းသားဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်စနစ်ကို ဆက်လက် ဆုတ်ကိုင်၍ ပိုမိုတိုးတက်ကောင်းမွန် အောင်ပြုလုပ်ခြင်း။

စသည့်အချက်များကို လူနဲစုတိုင်းရင်းသားရေးရာ ပေါ်လစီ အကောင်အထည်ဖော်ရာတွင် အခြေခံအဖြစ် အတည်ပြုခဲ့သည်။

 
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပဓာန ဝါဒ

အထက်တွင်ဖော်ပြခဲ့သည့် အခြေခံ ပေါ်လစီ (၃)ရပ်တွင် မှားယွင်းသော တွေးခေါ်မှုကို ဆန့်ကျင်တိုက်ဖျက်ရေး ကို ပထမထားပြီး၊ ဒုတိယ အချက်အနေဖြင့် လူနဲစုတိုင်းရင်းသားဒေသတွင် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်လာစေရေးကို ဦးတည်ထားသည်။ မတူကွဲပြားခြားနားသော တိုင်းရင်းသားလူမျိုးများအကြား မတူညီသော ဝိသေသ လက္ခဏာရှိမှုနှင့် ဝိရော ဓိဖြစ်မှုများကို လူတန်းစားအမြင်ဖြင့် ချဉ်းကပ်ရှုမြင်ခြင်းသည် မှားယွင်းသည်။ ၎င်းအစား အားလုံးမျှဝေခံစားကြနိုင်ခဲ့သည်။ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် တိန့်ရှောက်ဖျင်၏ အတွေးအခေါ်မှာ တိုင်းရင်းသားတမျိုးနှင့် တမျိုးအကြားရှိ  ဝိရောဓိများကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေမှု ရှုထောင့်မှ ချဉ်းကပ်သည့် တိန့်ရှောက်ဖျင်၏ အမြင်ကို နောက်ပိုင်းခေါင်းဆောင်များ ဖြစ်ကြသော ကျန်းဇီးမင်းနှင့် ဟူကျင်းထောင် တို့ကလည်း ဆက်လက် လက်ခံကျင့်သုံးသည်။

ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေး

တရုတ်ပြည်၏ လူနဲစုတိုင်းရင်းသားရေးရာပေါ်လစီကို နိုင်ငံရေးအရ ပုံဖော်မှုမှာ ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် ဖြစ်သည်။ ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် ကျင့်သုံးမှုအောက်တွင် သက်ဆိုင်ရာဒေသ နိုင်ငံတော် ယန္တယားများ၌ ဥပဒေ ပြဌာန်းခွင့်ရှိသည်။ ထို့အတူ သက်ဆိုင်ရာ ဒေသအဆင့်၏ ဘဏ္ဍာရေးစီမံခန့်ခွဲခွင့်၊ ဒေသခံများအား အလုပ်အကိုင် ဖန်တီးပေးခွင့်၊ တိုင်းရင်းသား ဘာသာ စကား၊ စာပေ ယဉ်ကျေးမှုနှင့် ပညာရေးဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်ခွင့် အာဏာများ ရှိကြသည်။ ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကျင့်သုံးခြင်းက သက်ဆိုင်ရာအစိုးရ၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် ဒေသအခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်ကာ ပိုမိုထိရောက် ကောင်းမွန်စေသည်။

၂၀၀၃ ခုနှစ်ကုန်စာရင်းအရ လူနဲစုတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ ၁၅၅ ခု ရှိသည်။ အဆိုပါ ၁၅၅ ခုတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကြီး ၅ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ၃၀ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင် ၁၂၀ တို့ပါဝင်သည်။ ၂၀၀၀ ခုနှစ်က ကောက်ယူခဲ့သော စာရင်းဇယားအရ လူနဲစုတိုင်းရင်းသား ၅၅ မျိုးတွင် ၄၄ မျိုးက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများ ရှိကြသည်။ လူနဲစုတိုင်းရင်းသား အားလုံး၏ ၇၁ % က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများတွင် နေထိုင်ကြပြီး အဆိုပါ နယ်မြေများမှာ တရုတ်တပြည်လုံး ဧရိယာ၏ ၆၄ % ရှိသည်။

လက်တွေ့ပြဿနာ

လူနဲစုတိုင်းရင်းသားများအတွက် ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေးကျင့်သုံးမှုတွင် ထူးခြားချက် နှစ်ရပ်ပါရှိသည်။ ပထမ တခုမှာ- အမျိုးသားသွေးစည်းညီညွတ်မှုကို ဦးစားပေးခြင်းနှင့် လူနဲစု အခွင့်အရေးများအပေါ် ဗဟိုချုပ်ကိုင်မှု ရှိခြင်းဖြစ်သည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဒေသဆိုင်ရာ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ရေး ဥပဒေ ပုဒ်မ ၅ တွင် ဒေသ အစိုးရများက အမျိုးသား စည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းရန် တာဝန်ရှိမှုကို ပြဌာန်းထားပြီး၊ ပုဒ်မ ၇ တွင် ဒေသအစိုးရ များသည် ဗဟိုအစိုးရ၏ လက်အောက်ခံဖြစ်ကြောင်းနှင့် လူနဲစု အခွင့်အရေးမှာ နိုင်ငံတော်အကျိုးစီးပွား၏ လက်အောက်ခံ ဖြစ်ရမည်ဟု ပြဌာန်းထားသည်။

ဒုတိယ တခုမှာ – ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေးသည် တိုင်းရင်းသားများနှင့် ဒေသဆိုင်ရာ အချက်အလက်များ ပေါင်းစပ်ထားမှုနှင့် နိုင်ငံရေး နှင့် စီးပွားရေးဆိုင်ရာ အချက်အလက်များ ပေါင်းစပ်ထားသည့် ပုံသဏ္ဍာန်ပင်ဖြစ်ပြီး ရည်ရွယ်ချက်မှာ တမျိုးသားလုံး၏ စည်းလုံးညီညွတ်ရေး၊ လူ့အဖွဲ့အစည်းတည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန် ဖြစ်ပေသည်။

တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများတည်ထောင်ပေးသည်နှင့် လိုက်လျောညီစွာ၊ အခြေခံဥပဒေ ပုဒ်မ ၅၉ အရ အမျိုးသားပြည်သူ့ကွန်ဂရက်သို့ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေများ၏ ကိုယ်စားလှယ်စေလွှတ်ခွင့် အထူးအခွင့်အရေးကို ပေးထားသည်။ အဆိုပါ အခွင့်အရေးအရ အမျိုးသားပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ်ရေ အားလုံး၏ ၁၂% ကိုလူနဲစု တိုင်းရင်းသားများ ကိုယ်စားပြုခွင့် ရရှိကြသည်။ ထို ၁၂ % မှာ တပြည်လုံးရှိ လူနဲစု တိုင်းရင်းသားအရေးအတွက် အချိုးအစား ၈ % ထက်ပိုမိုများပြားသည့် မှန်သော်လည်း ဒီမိုကရေစီ အခြေခံအုတ်မြစ်အားနဲမှုကြောင့် လုံလောက်သော ကိုယ်စားပြုမှုမဟုတ်ကြောင်း ဝေဖန်မှုများလည်း ရှိနေလေသည်။ ဒီမိုကရေစီ အခြေခံအုတ်မြစ်အားနဲမှု ဆိုသည်မှာ တိုင်းရင်းသားဒေသ ကိုယ်စားလှယ်များသည် လွတ်လပ်စွာ ယှဉ်ပြိုင်ကြရသည့် ရွေးကောက်ပွဲများဖြင့် ရွေးချယ်ခြင်းမဟုတ်ဘဲ ပါတီက လက်ရွေးစဉ်ရွေးချယ် စေလွှတ်လိုက်သူများ ဖြစ်သောကြောင့် ဖြစ်လေသည်။

ရဲထွန်း (သီပေါ)

ကိုးကား: Ethnic minority policy of People’s Republic of China, An overview by Yuen Siu Tim, The Hong Kong Institution of Education