• Today is: Friday, August 12, 2022

မိသားစု၊ ပုဂ္ဂလိကပိုင်ဆိုင်မှုနှင့်နိုင်ငံတော်တို့၏ မူလအစ

မိသားစု၊ ပုဂ္ဂလိကပိုင်ဆိုင်မှုနှင့်နိုင်ငံတော်တို့၏ မူလအစ

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

ကျော်ကိုကို ဘာသာပြန် ဆောင်းပါး – The social democrat post

အခန်း(၁) သမိုင်းမတိုင်ခင်ယဉ်ကျေးမှုအဆင့်များ

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

ရှေးအကျဆုံးလူသားတွေရဲ့ သမိုင်းကို တိကျတဲ့ အစီအစဉ်တွေနဲ့ မိတ်ဆက်ပေးဖို့ ကြိုးစားအား ထုတ်တဲ့နေရာမှာ ကျွမ်းကျင်ကျင်လည်ဆုံးနဲ့ အသိပညာအကြွယ်ဝဆုံးလူကတော့ မော်ဂန်ပဲဖြစ်ပါတယ်။

အချိန်အတော်ကြာတဲ့အထိ နောက်ထပ် အရေးကြီးတဲ့ အပြောင်းအလဲသစ်တွေ ထပ်မဖြည့်နိုင်သေးတာကို တွေ့ရသလို ခုထိ မော်ဂန်ရဲ့ ဂန္တဝင်မြောက်ရှင်းပြချက်တွေက ခိုင်မာအားကောင်းနေဆဲဆိုတာ သံသယရှိစရာ ကို မလိုအပ်ပါဘူး။

သူတင်ပြခဲ့တဲ့ အဓိကသမိုင်းခေတ်အပိုင်းအခြားသုံးရပ်ရှိပါတယ်။ဒါတွေကတော့ လူရိုင်းခေတ်၊လူကြမ်း ခေတ်နဲ့ လူယဉ်ကျေးခေတ်တို့ပဲဖြစ်ပါတယ်။

သူ့လေ့လာမှုကို အရှေ့ကနှစ်ခေတ်ဖြစ်တဲ့ လူရိုင်းခေတ်၊လူကြမ်းခေတ်တွေအပြင် လူယဉ်ကျေးခေတ်ဆီ ကူးပြောင်းတဲ့ကာလတွေအပေါ်မှာ ဂရုဓမ္မထားခဲ့ပါတယ်။

မော်ဂန်က လူရိုင်းခေတ်နဲ့ လူကြမ်းခေတ်တွေကို အဆင့်နိမ့်၊အလယ်အလတ်ဆင့်နဲ့ အဆင့်မြင့်အဖြစ် သုံးဆင့်စီခွဲပြီး တင်ပြခဲ့တာပါ။ဒီလိုအဆင့်တွေကို အစားအသောက်ထုတ်လုပ်မှုအပေါ် အခြေခံပြီး တဆင့်ချင်းစီ တိုးတက်လာတယ်လို့ သူက တင်ပြထားပါတယ်။

“ကမ္ဘာမြေတခွင်မှာ လူသားသာလျှင် ကြီးမြတ်ဆုံးသတ္တဝါဖြစ်ရခြင်း အကြောင်းတရားကို ပြပါဆိုရင် လူသားတွေရဲ့ အစားအသောက်ထုတ်လုပ်နိုင်စွမ်းရှိတဲ့ အရည်အချင်း‌ကြောင့်လို့ပဲ လက်ညှိုးထိုးပြ ရပါ လိမ့်မယ်။ အစားအသောက်ထုတ်လုပ်ရေးလုပ်ငန်းအပေါ် အပြည့်အဝထိန်းချုပ်ထားနိုင်တာဟာ လူသား တမျိုးတည်းပဲ ပိုင်ဆိုင်တဲ့အဓိက အရည်အသွေးလို့ ပြောလို့ရပါတယ်။ဘဝရှင်သန်ရေးအတွက် အသုံးပြုရမယ့်ရင်းမြစ်တွေကို ကြီးမားများပြားလာအောင် လုပ်နိုင်စွမ်းရှိတာနဲ့ တပြိုင်တည်း လူသားတွေရဲ့ တိုးတက်မှုဟာ နောက်ကနေ တဆင့်ပြီးတဆင့် ကပ်ပါလာတော့တယ်”လို့ မော်ဂန်က ပြောခဲ့ပါတယ်။

မိသားစုတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာလည်း အပြိုင်လေ့လာရမယ့်အကြောင်းအရာ တစ်ရပ်ဖြစ်လာတယ်။ ဒါပေမယ့် မိသားစုတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ လူသားတွေရဲ့ သမိုင်းလို အဆင့်အလိုက် ကွဲကွဲပြားပြားမြင် ရလောက်အောင်အထိ သတ်မှတ်ထားရတဲ့ အထင်ကရအမှတ်အသားတွေမျိုးတော့ မတွေ့နေရပါဘူး။

(၁) လူရိုင်းခေတ်

(က) အဆင့်နိမ့်လူရိုင်း

▪️▪️▪️▪️▪️▪️▪️▪️

ဩစတြာလိုပီးသီးကပ်စ်ဆိုတဲ့ သတ္တဝါဟာ လူသားမျိုးနွယ်ကြီးတရပ်လုံးရဲ့ ရင်သွေးငယ်လို့ ပြောရမယ်။

ဒီအချိန်က လူတွေဟာ သူတို့ရဲ့ မူရင်းဇာတိဖြစ်တဲ့ အပူပိုင်းဇုံနဲ့ သမပိုင်းဇုံက တောအုပ်တွေထဲမှာ နေ‌ထိုင်နေ ဆဲပဲဖြစ်တယ်။

လူတွေဟာ သစ်ပင်ပေါ်မှာပဲ နေထိုင်ကြသူတွေဖြစ်ကြတယ်။ဒီလိုနေထိုင်ရခြင်းအကြောင်းရင်းဟာ အားကြီးတဲ့အခြားသတ္တဝါကြီးတွေကြားမှာ ရှင်သန်အောင် နေထိုင်ဖို့အတွက်ကလွဲရင် အခြားတပါးသော အကြောင်းရင်းတစ်ခုခုရှိမလားဆိုတာတော့ ရှင်းမပြတတ်ဘူး။

သစ်သီး၊သစ်နှံ၊သစ်မြစ်တွေကိုသာ သူတို့အစားအစာအဖြစ် စားသုံးကြတယ်။

ရှင်းလင်းပြတ်သားစွာ စကားပြောလာနိုင်ခြင်းဟာ အဲ့ဒီခေတ်အတွက် အဓိကရလာဒ်လို့ ပြောလို့ရတယ်။

လူသားအားလုံးရဲ့ သမိုင်းအပေါ် သိမြင်နိုင်ခြင်းက ဒီအဆင့်မှာ ကင်းမဲ့နေသေးတယ်။ဒီအဆင့်မှာ နှစ်ထောင် သောင်းချီကြာမှာဖြစ်ပေမယ့် ဘယ်လောက်ကြာသလဲဆိုတာကို တိတိကျကျ အထောက်အထားနဲ့တော့ ခုထိသက်သေမပြနိုင်သေးဘူး။

ဒါပေမယ့် တိရိစ္ဆာန်အနေအထားကနေ လူဟာ တဖြေးဖြေးဆင့်ကဲပြောင်းလဲလာတယ်ဆိုတာကို လက်ခံရင် အခုအဆင့်လို ကြားကာလ(အသွင်ကူးပြောင်းရေးအဆင့်)လည်းရှိလိမ့်မယ်လို့တော့ မှန်းဆရမှာပဲ။

(ခ)အလယ်အလတ်ဆင့်လူရိုင်း

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

အစားအစာအတွက် ငါး၊ဂဏန်း၊ဂုံးခရုနဲ့အခြားရေသတ္တဝါတွေကို စတင်စားသောက်တာနဲ့ အလယ်အလတ် အဆင့်ကို ရောက်ရှိသွားခဲ့ပါတယ်။ဒီအဆင့်မှာ မီးကိုလည်း စတင်သုံးစွဲခဲ့ကြပါတယ်။

မီးသုံးစွဲနိုင်တာနဲ့ ငါးကိုစားသုံးတာဟာ တခုနဲ့တခု ဆက်စပ်မှုရှိတဲ့အရာတွေဖြစ်တယ်။ငါးဆိုတဲ့အမျိုးဟာ မီးနဲ့ကင်စားမှသာ စားကောင်းတဲ့အစာဖြစ်တာမျိုးပါ။

အာဟာရအသစ်တွေကို မှီဝဲသုံးဆောင်လာနိုင်တဲ့အတွက် လူဟာ ရာသီဥတုနဲ့ ဒေသဝန်းကျင်ကနေ အချုပ်အနှောင်ကင်းမဲ့ပြီး လွတ်မြောက်နိုင်လာပါတယ်။ဘယ်နေရာ၊ဘယ်ဒေသ၊ဘယ်ဥတုမျိုးမှာမဆို နေတတ်စားတတ်လာတယ်လို့ ဆိုလိုတာပါ။

လူရိုင်းအဖြစ်ရှိနေသေးပေမယ့် အစာရှိရာ မြစ်ချောင်းအင်းအိုင်တွေတလျောက် ဆန့်ထွက်သွားလာပြီး ကမ္ဘာမြေကြီးအနှံ့ ခြေစက်ြာဖြန့်နိုင်လာကြပါပြီ။

ဒီလိုရွှေ့ပြောင်းအခြေချနေထိုင်မှုရဲ့ သက်သေခံပစ္စည်းတွေဖြစ်တဲ့ ကျောက်ခေတ်ဟောင်း အကြမ်းထည် လက်နက်တွေကို တိုက်ကြီးအတော်များများမှာ တွေ့ရှိနိုင်ပါတယ်။

ဒီကာလကို ပလီယိုလစ်ခေတ်လို့ ခေါ်ပြီး အခုလက်ရှိကာလကနေ သက်တမ်းပြန်ကောက်ကြည့်လို့လည်း ရပါတယ်။

ပတ်ဝန်းကျင်အသစ်တွေ၊သူ့တီထွင်ဖန်တီးမှုကို အဆက်မပြတ်လုပ်ဆောင်တာတွေနဲ့ ပွတ်တိုက်မှုကနေ မီးထွက်အောင်လုပ်နိုင်စွမ်းတာတွေဟာ လူကို အစားအစာသစ်တွေ ရှာ‌ဖွေနိုင်အောင် လမ်းပြဆောင်ခဲ့ပါတယ်။

ကစီဓာတ်ကြွယ်ဝတဲ့ အမြစ်နဲ့ဥတွေကို ပြာပူပူမှာ မီးအုံးပြီး စားတတ်လာကြပြီး မြေမီးဖိုထဲလည်း ထည့်ဖုတ်တတ်လာခဲ့ပါတယ်။

ပထမဆုံးသောလက်နက်တွေဖြစ်တဲ့ တင်းပုတ်နဲ့ လှံတံကို ဒီခေတ်မှာ ထွင်တယ်လို့ ယူဆရပြီး အမဲလိုက်ခြင်းကနေ ခရီးဝေးဝေးသွားခြင်းကိုပါ အဆစ်ပေါင်းထည့်ပေးလိုက်တယ်လို့ ပြောရမှာပါ။

ဒါပေမယ့် စာအုပ်တွေထဲမှာ ပုံဖော်ထားတဲ့ လူရိုင်းမျိုးနွယ်စုတွေကြားမှာ အမဲလိုက်ခြင်းဟာ လက်တွေ့အနေအထားအရ ရှိမနေတာကို တွေ့ရပါတယ်။အမဲလိုက်ခြင်းရဲ့ ရလာဒ်ဟာ တကယ်ခက်ခဲပြီး အန္တရာယ်များတဲ့အတွက်ကြောင့်ပဲဖြစ်တယ်။

အဲ့ဒီခေတ်အဆင့်မှာ အစားအစာရင်းမြစ်တွေဟာ မရေမရာဆက်ဖြစ်နေဆဲပဲမို့လို့ ဇာတ်တူသား(လူသား) စားတဲ့အလေ့ စတင်ပေါ်ထွက်လာတယ်လို့ ယူဆပါတယ်။လူသားစားဓလေ့ဟာ နောက်နှစ်ပေါင်း အတော်ကြာကြာအထိ ဆက်လက် ကျင့်သုံးနေဆဲပဲဖြစ်ပါတယ်။

ဩစတြေးလျားက အဘောရီးဂျင်းတွေနဲ့ ပိုလီနီးရှင်းလူမျိုးနွယ်အများစုကတော့ ဒီနေ့အထိ လူရိုင်းအဆင့် အလယ်အလတ်အခြေအနေမှာပဲ ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။

(ဂ)အဆင့်မြင့်လူရိုင်း

▪️▪️▪️▪️▪️▪️▪️▪️

လေးနဲ့မြှားကို တီထွင်နိုင်ခဲ့ခြင်းက ဒီအဆင့်ကို အစပြုခဲ့တယ်။ဒီလက်နက်တွေကြောင့် တောကစားထွက်ခြင်းဟာ ပုံမှန်အစားအစာရရှိနိုင်တဲ့နည်းလမ်းဖြစ်လာပြီး အမဲလိုက်ခြင်းဟာ လူသားတွေအတွက် ပုံမှန်အလုပ်အကိုင်ဖြစ်လာပါတယ်။

လေးရယ်၊ကြိုးရယ်၊မြှားရယ် ပေါင်းစပ်အသုံးပြုနိုင်ခြင်းဟာ အင်မတန်ရှုတ်ထွေးတဲ့ ကိရိယာတန်ဆာပလာတစ်ခုကို တီထွင်နိုင်ခဲ့တာပဲဖြစ်တယ်။ ဒီလိုထွင်နိုင်စွမ်းရှိတဲ့သူတွေဟာ အရင့်အရင် အတွေ့အကြုံတွေကြွယ်ဝရုံတင်မက ဉာဏ်ရည်ဉာဏ်သွေးလည်း ထက်မြက်လာကြလို့ ခုလိုတီထွင်နိုင်တာလို့ ယူဆရတယ်။ဒီလိုအရည်‌အသွေးရှိရင် အခြားအရာဝတ္တုပစ္စည်းတွေကိုလည်း တီထွင်ခဲ့ကြမှာပဲလို့ မှတ်ချက်ချရမယ်။

ကျနော်တို့ရှာဖွေတွေ့ရှိတဲ့ အချက်အလက်တွေအရ လေးနဲ့မြှားကို ကျင်ကျင်လည်လည်ကိုင်တွယ် အသုံးပြုနိုင်ပေမယ့် အိုးခွက်ပန်းကန်တွေ အသုံးမပြုတတ်သေးတဲ့သူတွေဟာ ကျေးရွာလိုနေရာတွေမှာ အခြေချနေထိုင်ဖို့အတွက် ကနဦးကြိုးပမ်းမှုတွေရှိနေပြီဖြစ်ကြောင်း၊ ရှင်သန်ရပ်တည်ရေးအတွက် ကုန်ထုတ်လုပ်မှုတချို့ကို ပိုင်ပိုင်နိုင်နိုင် လုပ်လာနိုင်ပြီဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။(မော်ဂန်ကတော့ အိုးခွက်ပန်းကန်တွေကို လူကြမ်းခေတ်မှာမှ ထုတ်လုပ်နိုင်ခဲ့တယ်လို့ဆိုတယ်)

သစ်သားကိုအခေါင်းထွင်းထားတဲ့ ခွက်တွေ၊မီးဖိုချောင်သုံးကိရိယာတွေ၊သစ်ခေါက်တွေကို ခွာပြီး ရစ်ပတ် ထားတဲ့ လက်ဖြစ်အထည်ရက်တာတွေ(ရက်ကန်းကိုယ်ထည်အိမ်မဟုတ်သေး)၊သစ်မျှင်တွေနဲ့ နွယ်ပင် တွေကို ကျစ်ပြီး ခြင်းတောင်းရက်တာတွေနဲ့ ပိုမိုချွန်မြတဲ့ ကျောက်လက်နက် (နီယိုလစ်သစ် လက်နက်) တွေကို ကျနော်တို့ ရှာဖွေတွေ့ရှိခဲ့တယ်။

မီးအသုံးချနိုင်တာနဲ့ ကျောက်ပုဆိန်လုပ်တတ်တာဟာ သစ်ပင်ကို အခေါင်းထွင်းပြီး လုံးထွင်းလှေကို ပုံမှန်လုပ်တတ်နေပြီဆိုတဲ့ သဘောမျိုးပါပဲ။

သစ်လုံးနဲ့သစ်ပြားတွေကို တခါတရံသုံးပြီး နေအိမ်တွေကိုတောင် ဆောက်လုပ်တတ်လာကြတယ်။

မြောက်အမေရိကနေ အင်ဒီးယန်းတွေကြားမှာ အခုလို တိုးတက်မှုတွေကို တွေ့ရှိရတယ်။သူတို့ဟာ လေးနဲ့မြှားကို ကျင်လည်စွာအသုံးပြုတတ်ပေမယ့် အိုးခွက်ပန်းကန်တွေတော့ မလုပ်တတ်ကြသေးသူ‌ တွေဖြစ်ရဲ့။

ဒါကြောင့် လေးနဲ့မြှားဟာ လူရိုင်းခေတ်အတွက်၊ သံမဏိဓားတွေဟာ လူကြမ်းခေတ်အတွက်၊ မီးပေါက်လက်နက်တွေဟာ လူယဉ်ခေတ်အတွက် အဆုံးအဖြတ်လက်နက်တွေဖြစ်တယ်လို့ မှတ်ချက်ပြုရမယ်။