• Today is: Saturday, April 20, 2024

ဖားကန့်တွင် စက်သုံးဆီပြတ်လပ်မှုဖြစ်နေပြီး ဆီပန့်ဆိုင်တချို့ ပိတ်ထားရ

ဖက်ဒရယ်ဂျာနယ်၊ ဇူလိုင် ၁၉

ဖားကန့်မြို့တွင် စက်သုံးဆီပြတ်လပ်မှုဖြစ်နေပြီး မြို့တွင်းရှိ ဆီပန့်ဆိုင်များ မနေ့ ဇူလိုင် ၁၈ ရက်နေ့မှစပြီး ပိတ်ထားရကြောင်း ဒေသခံများထံမှ သိရသည်။

စက်သုံးဆီသယ်ယဉ်များက လမ်းကြော ဂိတ်တွေမှာ အခွန်အကောက်ပေးဆောင်ရသာ များသာကြောင့် စက်သုံးဆီတွေ သယ်ယူနိုင်ဖို့ အခက်အခဲ ကြုံနေရတယ်ဟု ကချင်လူမှုဖွံ့ဖြိုးရေးဖောင်းဒေးရှင်း အတွင်း ရေးမှူး ဒါ့ရှီနော်လောမ်က ဖက်ဒရယ်ဂျာနယ်သို့ ပြောသည်။

 “ဒီလမ်းကြောတွေမှာ အခွန်အကောက်တွေ များတဲ့အပိုင်းလည်း ပါတယ်။ အခုရေလမ်းကြောင်းကနေတော့ လုံးဝမတက်လာတော့ဘူး။ ကုန်းလမ်းကြောင်းပဲ၊ ကားမိုင်းမှာက ဆီတစ်ပေပါကို တစ်သောင်းကောက် တယ်တဲ့၊ ဂိတ်တွေများတော့ ပေးရတာများတာပေါ့လေ။ အဲလိုမကိုက်တဲ့အတွက်ကြောင့် တချို့က မသယ်ဘူး။ အဲဒီလိုဖြစ်ကုန်တာ”ဟုပြောဆိုသည်။

စက်သုံးဆီ မလောက်ငှမှုတို့ကြောင့် စက်ယန္တရားကို အဓိကထား လည်ပတ်သည့် လုပ်ငန်းအများစုက အခက်တွေ့ နေရတယ်ဟု သူက ဆက်ပြောသည်။

“အခုလောလောဆယ် အခက်အခဲကြုံနေတယ်။ စက်ယန္တရားနဲ့အလုပ်လုပ်နေတဲ့သူတွေက ဆီကိုလိုချင် သလောက် မရဘူးပေါ့လေနော်၊ စောင့်ပြီးဝယ်ရတာမျိုးတို့ လိုက်စုံစမ်းပြီးတော့မှ ဝယ်ရတာမျိုး ဖြစ်နေတယ် အခုကတော့” ဟု ပြောသည်။

လက်ရှိတွင်လည်း စက်သုံးဆီ အရောင်းဆိုင်များတွင် “ဆီလက်ကျန်ကုန်နေပါသဖြင့် ဆိုင်ပိတ်ထားသည်”ဟု အသိပေးစာ များကပ်ထားပြီး ဆီပန့်ဆိုင်များပြန်ဖွင့်နိုင်မည့်အချိန်ကို ဒေသခံများက မျှော်လင့်နေကြောင်း ဒေသခံများကဆိုသည်။

ဒါ့အပြင် ဖားကန့်ဒေသတွင် ဓါတ်ဆီတလီတာကို ၂၈၀၀ ထိ စျေးပေါက်နေပြီး ဒီဇယ် တလီတာကတော့ ၃၀၀၀ ထိ စျေးတက်နေကြောင်း သိရသည်။ စက်ယန္တရားကြီးဖြစ် လည်ပတ်သည့် လုပ်ငန်းများတွင်မူ ဒီဇယ် တစ်ပေပါကို ၇သိန်း ၄သောင်းဝန်းကျင်ခန့် ပေးဝယ်နေရကြောင်းလည်း သိရသည်။

ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင် စက်သုံးဆီ စျေးကွက်ကျနေသောလည်း ဖားကန့်ဒေသတွင် အကန့်အသတ်ဖြစ်သာ စက်သုံးဆီ ဝင်လာနိုင်၍ စက်သုံးဆီ ကျနိုင်သည့် အနေအထား မရှိနိုင်သေးကြောင်း နားလည်ရသည်။