• Today is: Monday, August 8, 2022

ယူဂိုဆလပ်ဗီးယားနိုင်ငံ

ယူဂိုဆလပ်ဗီးယားနိုင်ငံ ပြိုကွဲမှု သို့မဟုတ်

လူမျိုးအခြေပြု ဖက်ဒရယ်ပြည်ထောင်စုနှင့် ခွဲထွက်ခွင့်ပါဝင်သည့် ကိုယ်ပိုင်ပြဌာန်းခွင့် အန္တရယ်

ယူဂိုဆလပ်ဗီးယား ဆိုရှယ်လစ်ဖက်ဒရယ် သမ္မတနိုင်ငံကို ၁၉၄၅ ခုနှစ် ဒုတိယ ကမ္ဘာစစ်အပြီးတွင် တည်ထောင်သည်။ ၎င်းတွင် ဘော့စနီးယား-ဟာဇီဂိုဗီးနား၊ ကရိုးရှား၊ မက်ဆီဒိုးနီယား၊ မွန်တီနီးဂရိုး၊ ဆလိုဗေးနီးယားနှင့် ဆားဗီးယား ဟူသည့် ရီပတ်ဘလစ်(သမ္မတနိုင်ငံ) (၆)ခုဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။ ဆားဗီးယားအတွင်းတွင် ဗိုဂျ်ဗိုဒီးနားနှင့် ကိုဆိုဗို ဟု ခေါ်တွင်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်နှစ်ခု ပါဝင်သေးသည်။ အသီးသီးသော ရီပတ်ဘလစ်(၆)ခုတွင် ယူဂိုဆလပ်ဗီးယား ကွန်မြူနစ်အဖွဲ့ချုပ် (League of Communists of Yugoslavia) ၏ ပါတီဌာနခွဲ အသီးသီးရှိကြသည်။ အချင်းချင်းအကြားရှိ ပြဿနာများကို ဖက်ဒရယ်ဘယ်ဗယ် (ပြည်ထောင်စုအဆင့်)တွင် ဖြေရှင်းကြသည်။

၁၉၈၁ ခုနှစ် သန်းကောင်စာရင်းအရ ယူဂိုဆလားဗီယားနိုင်ငံတွင် ဆာ့ဗ်လမျိုးမှာ လူဦးရေ အများဆုံးဖြစ်ပြီး နိုင်ငံတဝှမ်း အခြားလူမျိုးများနှင့် အတူအောက်ပါအတိုင်း ပြန့်နှံ့နေထိုင်ကြသည်။

ဘော့စနီယား-ဟာဇီဂိုဗီးနားတွင် အဓိကနေထိုင်ကြသော လူမျိုးများမှာ ဘေ့ာစနီးယားလူမျိုး ၃၉.၅% (၁.၆သန်း) ဆာ့ဗ် လူမျိုး ၃၂%(၁.၃သန်း)၊ ကရုတ် (Croat) ၁၈.၄% (၀.၇၆သန်း) နှင့် အခြားလူမျိုးများ ဖြစ်ကြသည်။

ကရိုးရှားတွင် အဓိကနေထိုင်ကြသော လူမျိုးများမှာ တရုတ်လူမျိုး ၇၅.၁% (၃.၅သန်း)၊ ဆာ့ဗ်လူမျိုး ၁၁.၆%(၀.၅၃သန်း)နှင့် အခြားလူမျိုးများဖြစ်ကြသည်။

မက်ဆီဒိုးနီးယားတွင် အဓိက နေထိုင်ကြသော လူမျိုးများမှာ မက်ဆီဒီုးနီးယန်းလူမျိုး ၆၇% (၁.၃သန်း)၊ အယ်လ်ဘေးနီးယန်းလူမျိုး ၁၉.၈%(၀.၃၈သန်း)၊ ဆ့ာဗ်လူမျိုး ၂.၃% (၀.၀၈သန်း) နှင့် အခြားလူမျိုးများ ဖြစ်ကြသည်။

မွန်တီနီးဂရိုးတွင် အဓိက နေထိုင်ကြသောလူမျိုးများမှာ မွန်တီနီးဂရိုးလူမျိုး ၆၈.၅% (၀.၄သန်း)၊ ဆာ့ဗ်လူမျိုး ၃.၃ % (၀.၀၂ သန်း) နှင့် အခြားလူမျိုးများ ဖြစ်ကြသည်။

ဆလိုဗေးနီးယားတွင် အဓိက နေထိုင်ကြသောလူမျိုးမှာ ဆလိုဗေးနီးယားလူမျိုး ၉၀.၈% (၁.၇သန်း)၊ ကရုတ် လူမျိုး ၂.၉% (၀.၀၅၄သန်း)၊ ဆာ့ဗ်လူမျိုး ၂.၃% (၀.၀၄သန်း) နှင့် အခြားလူမျိုးများဖြစ်ကြသည်။

ဆာဗီးယားတွင် အဓိကနေထိုင်ကြသောလူမျိုးများမှာ ဆ့ာဗ်လူမျိုး ၇၇.၃% (၆သန်း)၊ ဟန်ဂေရီလူမျိုး ၅% (၀.၄သန်း)၊ ဘော့စနီးယားလူမျိုးမူဆလင် ၂% (၀. ၁၆သန်း) နှင့် အခြားလူမျိုးများဖြစ်ကြသည်။

ဗိုဂျ်ဗိုဒီးနာတွင် အဓိကနေထိုင်ကြသော လူမျိုးများမှာ ဆာ့ဗ်လူမျိုး ၅၄.၄% (၁.၁သန်း)၊ ဟန်ဂေရီလူမျိုး ၁၈.၉%(၀.၃၉သန်း)၊ ကရိုးရှန်းလူမျိုး ၅.၉ % (၀.၁၂သန်း)၊ ဆလိုဗက် ၃.၄% (၀.၀၇သန်း) နှင့် အခြားလူမျိုးများ ဖြစ်ကြသည်။

ယူဂိုဆလပ်ဗီးယား တနိုင်ငံလုံးတွင် ဆာ့ဗ်လူမျိုး ၃၆.၃% (၈.၁သန်း)၊ ကရုတ်လူမျိုး ၁၉.၇%(၄.၄သန်း)၊ ဘော့စနီးယားမူဆလင် ၈.၉% (၂သန်း)၊ ဆလိုဗေးနီးယန်း ၇.၈% (၁.၈သန်း)၊ အယ်လ်ဘေးနီးယားလူမျိုး ၇.၇% (၁.၇သန်း)၊ မက်ဆီဒီုးနီး ယန်းလူမျိုး ၆% (၁.၃ သန်း)၊ မွန်တီနီးဂရိုးလူမျိုး ၂.၆% (၀.၅၈သန်း) နှင့် အခြားလူမျိုးများ ဖြစ်ကြသည်။

သမ္မတတီတိုးလက်ထက် ယူဂိုဆလပ်ဗီးယားနိုင်ငံ

သမ္မတတီတိုး လက်ထက်ယူဂိုဆလပ်ဗီးယား၏ စီးပွားရေးစနစ်မှာ စီမံကိန်းချ ဗဟိုချုပ်ကိုင်သည့်စနစ်နှင့် လစ်ဘရယ် စီးပွားရေးစနစ်အကြား အလယ်အလတ် လမ်းစဉ်ကို ကျင့်သုံးခြင်းဖြစ်သဖြင့် နှိုင်းယှဉ်ချက်အရ အောင်မြင်သည်ဟု ပြောနိုင်ပြီး ၁၉၆၀ ခုနှစ်မှ ၁၉၈၀ ခုနှစ်ကာလများသည် ယူဂိုဆလပ်ဗီးယားနိုင်ငံအတွက် ရွှေရောက်ကာလများဖြစ်ခဲ့သည်။ နှစ်စဉ် ဂျီဒီပီ တိုးတက်နှုံး ၆.၁၊ စာတက်မြောက်မှုနှုံး ၉၁ % အခမဲ့ဆေးဝါး ကုသခွင့်နှင့် ပျမ်းမျှလူ့သက်တမ်း ၇၂ နှစ်ရှိသည့် နိုင်ငံတနိုင်ငံဖြစ်ခဲ့သည်။

သမ္မတတီတိုးက ၁၉၇၄ ခုနှစ်တွင် အခြေခံ ဥပဒေသစ်ကို ပြဌာန်းလျက် ရာသက်ပန် သမ္မတတာဝန်ကိုယူပြီး သူကွယ်လွန်သည့်နောက်တွင် ယူဂိုဆလပ်ဗီးယားသမ္မတ တာဝန်ကို ယူရိုဆလပ် သမ္မတအဖွဲ့ (Yugoslav Presidency) ဖြင့် အုပ်ချုပ်ရန် စီစဉ်ခဲ့သည်။ ထိုအဖွဲ့ကို မူလက အဖွဲ့ဝင် (၂၃)ဦးဖြင့် ဖွဲ့စည်းခဲ့ရာမှ (၉)ဦးသို့ လျော့ချဖွဲ့စည်းခဲ့သည်။ အဆိုပါ အဖွဲ့ဝင်(၉)ဦးမှာ ရီပတ်ဘလစ် (၆)ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် (၂)ခုတို့မှ ကိုယ်စားလှယ်တဦးကျစီနှင့် ယူဂိုဆလပ်ဗီးယားကွန်မြူနစ်အဖွဲ့ချုပ် ဥက္ကဌ(၁)ဦး တို့ဖြစ်သည်။

ဆာဗီယားရီပတ်ဘလစ်အတွင်းရှိ ကိုဆိုဗိုနှင့် ဗိုဂျ်ဗိုဒီးနာ ပြည်နယ်နှစ်ခုကိုလည်း ဆာဗီးယားလွှတ်တော်တွင် ဗီတိုအာဏာပေးထားခြင်းဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပိုမိုတိုးတက်ပေးအပ်ခဲ့သည်။

ထို့အပြင် ၁၉၇၄ ခုနှစ်အခြေခံဥပဒေက ဂျိုးဇစ်ဘရော့တီတိုးကို အမည်နာမ ဖော်ပြလျက် သက်ဆုံးတတိုင် သမ္မတအဖြစ် တာဝန်ပေးအပ် သတ်မှတ်ခဲ့သည်။ ၁၉၈၀ ခုနှစ် သမ္မတ တီတိုးကွယ်လွန်သည့် နောက်ပိုင်းတွင် အလှည့်ကျ သမ္မတ တာဝန်ယူသည့် စနစ်ဖြင့် အုပ်ချုပ်ခဲ့လေသည်။

ကိုယ်ပိုင်ပြဌာန်းခွင့် ခွဲထွက်ခွင့်

၁၉၇၄ ခုနှစ် အခြေခံဥပဒေတွင် အခြေခံမူ ၁၀ ချက်ပါဝင်လေရာ၊ ပထမအခြေခံမူတွင် “ယူဂိုဆလပ် ဗီယားဆိုသည်မှာ တန်းတူညီမျှသောလူမျိုးများ၊ တိုင်းရင်းသားများ၏ ဖက်ဒရယ် သမ္မတနိုင်ငံ ဖြစ်ပြီး၊ ညီရင်းအကို ပမာချစ်ကြည်ရေးနှင့် ညီညွတ်ရေးအခြေခံမူအပေါ်တွင် တိတိကျကျရှိသော ဘုံအကျိုး စီးပွား များအတွက်၊ ခွဲထွက်ခွင့်အပေါ်အခြေခံသည့် လူမျိုးတိုင်း၏ ကိုယ်ပိုင့်ပြဌာန်းခွင့်ဖြင့် လွတ်လပ်စွာ ပေါင်းစည်း ညီညွတ်ကြသည်” ဟု ဖော်ပြထားလေသည်။  

၁၉၇၄ ခုနှစ် မတိုင်မှီ အခြေခံဥပဒေများတွင် ရီပတ်ဘလစ်များအား ခွဲထွက်ခွင့်အပါအဝင်ဖြစ်သော ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ကို ရှင်းရှင်းလင်းလင်းပေးအပ်ထားလေသည်။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေတွင် အဆိုပါ အခွင့်အရေးများကို ယူဂိုဆလ်ဗီးယား အမျိုးသားနိုင်ငံများ (Nationals of Yugoslavia) က ပိုင်ဆိုင်သည်ဟု ပြောထားသည်. တပြိုင်နက်ထဲမှာပင် ၁၉၇၄ ခုနှစ်အခြေခံ ဥပဒေပါ ပြာဌာန်းချက်အချို့က မိမိသဘောတခုတည်းဖြင့် ခွဲထွက်ခွင့်ကို ငြင်းပယ်ထားပြန်လေသည်။

ပုဒ်မ ၅ တွင် ယူဂိုဆလပ်ဗီးယား၏ နယ်နိမိတ်သတ်မှတ်မှုများကို ပြင်ဆင်လိုပါက (သမ္မတနိုင်ငံ) ရီပတ်ဘလစ် အားလုံးနှင့် (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ) ပြည်နယ်အားလုံးသဘောတူညီမှု ရမည်ဟု ဆိုထားသည်။ ပုဒ်မ ၂၈၃ အရ နိုင်ငံတော်၏ နယ်နမိတ်များပြင်ဆင်ခွင့်ကို ယူဂိုဆလပ်ပြည်ထောင်စု လွှတ်တော်သို့ အပ်နှင်းထားသည်။

သို့ဖြစ်လေရာ ၁၉၇၄ ခုနှစ် အခြေခံဥပဒေသည်၊ ခွဲထွက်ခွင့်ကို သက်ဆိုင်ရာ ယူနစ်တခုတည်းသဘောဖြင့် လုပ်ပိုင်ခွင့် ရှိမရှိ၊ သို့မဟုတ် ဖက်ဒရယ်အစိုးရ၊ သမ္မတနိုင်ငံအစိုးရများနှင့် ပြည်နယ်အစိုးရအားလုံး သဘောတူညီချက်ရရန် လိုအပ်-မလိုအပ် စသဖြင့် ရှင်းရှင်းလင်းလင်း မရှိချေ။

၁၉၈၀ ခုနှစ်တွင် သမ္မတ တီတိုးကွယ်လွန်သွားပြီးနောက်၊ ယူဂိုဆလပ်နိုင်ငံအတွင်းရှိ အမျိုးသားရေး ပဋိပက္ခများမှာ စတင်ကြီးထွားလာသည်။ အမေရိကန်နှင့် ကွန်မြူနစ်နိုင်ငံများအကြား စစ်အေးတိုက်ပွဲ ဖြစ်ပွား နေခဲ့ရာ ၁၉၈၉ ခုနှစ်တွင် ဘာလင်တံတိုင်းပြိုကျသွားခြင်းက ကွန်မြူနစ်စနစ်ကျဆုံးသွားပြီဆိုသည်ကို သက်သေပြခဲ့သည်။ ယူဂိုဆလပ်ဗီးယား၏ အကြပ်အတည်းများမှာ စစ်အေးကာလအတွင်း အရှေ့ဥပရောပရှိ ကွန်မြူနစ်နိုင်ငံများ အားနဲလာခြင်းနှင့်ဆက်စပ် လျက်ရှိပြီး ယူဂိုဆလပ်ကွန်မြူနစ်အဖွဲ့အချုပ်မှာ သဘောတရားရေးရာအရ ကြံ့ခိုင်မှုမရှိတော့ပေ။ ကွန်မြူနစ်ပါတီ၏ လူမျိုးများကိုယ်ပိုင် ပြဌာန်းခွင့်အပေါ် ထောက်ခံအားပေးသည့် မူဝါဒကြောင့် ဗဟိုဖက်ဒရယ်အစိုးရ၏ ထိန်းချုပ်မှုမှာ ပျော့ညံ့အားနဲလာက စိန်ခေါ်လာနေသော နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အကြပ်တည်းများကို ကျော်နင်းနှိုင်းစွမ်း မရှိတော့ချေ။

၁၉၇၄ ခုနှစ်အခြေခံ ဥပဒေအရ ကိုဆိုဗိုနှင့် ဗိုဂျ်ဗိုဒီးနာတို့သည် ဆာဗီးယားအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ ဖြစ်လာကြသည်။ ဤအခြေခံဥပဒေအရ ဆားဗီးယား သမ္မတနိုင်ငံက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပေါ် ထိန်းကျောင်းသည့် အာဏာမရှိတော့ချေ။

အခြေခံဥပဒေသစ်အရ ဖက်ဒရယ်အခွင့်အရေးများကို ပိုမိုခွင့်ပြုထားသော်လည်း ကရုတ်လူမျိုး-ဆလိုဗင်းလူမျိုး စသည့် ဖက်ဒရယ်သမားများနှင့် (အဓိကအားဖြင့်) ဆာ့ဗ်လူမျိုး တပြည်ထောင်သမားများ အကြားတင်းမာမှုများ ဆက်လက် တိုးပွားလာနေသည်။ ဗဟိုချုပ်ကိုင်မှု အားပျော့လောသော အခြေအနေက ယူဂိုဆလပ်ဗီးယားကို လက်တွေ့အားဖြင့် ကွန်ဖက်ဒရေးရှင်းတခုပုံစံကို တွန်းပို့နေလေသည်။ ၁၉၇၀ နှစ်များကတည်းက စီးပွားရေး တောင့်တင်းသော ဒေသများနှင့် ချိနဲ့သော ဒေသများအကြား ကွာဟချက်ကြီးမားလာမှုက နိုင်ငံ၏ စည်းလုံးညီညွတ်မှုကို ထိခိုက်လာစေခဲ့သည်။ အဖွံ့ဖြိုးအတိုးတက်ဆုံး ဖြစ်သည့် ကရိုးရှားနှင့် ဆလို ဗေးနီးယားတို့က ၁၉၈၇ ခုနှစ်က ဆလို ဗေးနီးယားဒေသ၏ လူထုထင်မြင်ချက်မှာ ခွဲထွက်ပြီး သီးခြားနိုင်ငံထူထောင်ခြင်းက ယူဂိုဆလားဗီးယားနိုင်ငံတွင် အတူပူးတွဲ နေထိုင်ခြင်းထက် စီးပွားရေးအခွင့်အလန်းများ ပိုမိုကောင်းမွန်လိမ့်မည်ဟု ယူဆကြသည်။ ထို့အတူ ယူဂိုဆလပ်တွင်အတူ ပူးတွဲနေထိုင်းခြင်းက သူတို့အတွက် ဘာမျှအကျိုးမရှိဟု ဆင်းရဲသော ကိုဆိုဗို ပြည်နယ်ကယူဆသည်။ ကိုဆိုဗို ဒေသမှာ အယ်ဘေးနီးယန်း လူမျိုးအများစု နေထိုင်ပြီး ၎င်း၏ ဂျီဒီပီမှာ ဒုတိယ ကမ္ဘာစစ်အပြီးကာလက တနိုင်ငံလုံး ပျမ်းမျှဂျီဒီပီ၏ ၄၇ % ရှိခဲ့ရာမှ ၁၉၈၀ ခုနှစ်များတွင် ၂၇ % သာရှိနေတော့သည်။

၁၉၈၁ ခုနှစ်တွင် ကိုဆိုဗို အယ်လ်လေးနီးယားများက သူတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ကို အခြေခံ ဥပဒေဝင် သမ္မတနိုင်ငံ (ရီပတ်ဘလစ်) အဆင့်အတန်း သတ်မှတ်ပေးရမည်ဟု စတင်တောင်းဆိုလာကြသည်။ ကိုဆိုဗိုပြည်နယ်ရှိ အများစု အယ်လ်ဘေးနီးယန်းများနှင့် ကိုဆိုလီဗိုဆော့ဗ် လူမျိုးများအကြား ဆယ်စုနှစ် တခုလုံး လိုလို တင်းမာမှုများ မြင့်တက်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် ဆားဗီးယားသမ္မတနိုင်ငံ၌ ဆလိုဗိုဒန် မီလိုဆီးဗစ် အာဏာရလာသည်။ လူထုလှုပ်ရှား တသီတတန်းဖြင့် ကိုဆိုဗို၊ ဗိုဂျ်ဗိုဒီးနာနှင့် မွန်တီနီးဂရိုး တို့အပေါ် လက်တွေ့ထိန်းချုပ်ခွင့် ပါဝါလည်း ရှိလာသည်။ မီလိုဆီးဗစ်သည် အနောက်ဖက်ခြမ်း ရီပတ်ဗလစ် များဖြစ်ကြသည့် ဆလို​ ဗေးနီးယားနှင့် ကရိုးရှားတို့မှ ဒီမိုကရေစီလိုလားသည့် ပါတီခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးသည်။ ၎င်းတို့က အရှေ့ဥရောပ၏ ၁၉၈၉ ခုနှစ်တွင် ယူဂိုဆလပ်ဗီးယား ကွန်မြူနစ် အဖွဲ့ချုပ်ကို ဖက်ဒရယ်သမ္မတနိုင်ငံများအလိုက် ဖြိုခွဲပစ်လိုက်လေသည်။ ဤသည်နှင့် တဆက်တည်းတွင် ပါတီစုံ ဖွဲ့စည်းခွင့်နှင့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲများကိုလည်း ခွင့်ပြုလိုက်ရ လေသည်။

အမျိုးသားရေးဝါဒ အောင်ပွဲ သို့ဟုတ် ခွဲထွက်ခြင်း

၁၉၉၀ ခုနှစ်တွင်ကျင်းပသော ပထမဆုံးပါတီ ရွေးကောက်ပွဲများတွင် မီလိုဆီးဗစ်နှင့် မဟာမိတ်များ အနိုင်ရရှိသည့် ဆားဗီးယားနှင့် မွန်တီနီးဂရို တို့မှအပ အခြားသော ရီပတ်ဘလစ် (၄)ခုတွင် ကွန်မြူနစ် များသည် ခွဲထွက်ရေးလိုလားသည့် နိုင်ငံရေးပါတီများကို ရှုံးနိမ့်ကြလေသည်။ အမျိုးသားရေးသမားများ၏ ဘက်ပေါင်းစုံမှ ထိုးနှက်တိုက်ခိုက်မှုများမှာလည်း ပြင်းထန်သထက်ပြင်းထန်လာသည်။ ၁၉၉၁ ခုနှစ်တွင် ဆားဗီးယားနှင့် မွန်တီနီးဂရိုးတို့မှအပ အားလုံးသော သမ္မတနိုင်ငံများသည် လွတ်လပ်ရေးကြေငြာ လာကြလေသည်။ သို့သော်လည်း ဆာဗီးယားရီပတ်ဘလစ်အပြင်ဘက် ရှိတခြားသော ရီပတ်ဘလစ်များတွင် နေထိုင်ကြသော ဆာ့ဗ်လူနဲစု၏ အခြေအနေမှာ မရေမရာ ဖြစ်နေဆဲဖြစ်သည်။

အချင်းချင်းအပြန်အလှန် လူမျိုးရေး ပဋိပက္ခများတသီတတန်းကြီး ဖြစ်ပွားပြီးနောက် ယူဂိုဆလပ်စစ်ပွဲများ ဖြစ်ပွားခဲ့လေတော့သည်။ ပထမပိုင်း ကရိုရှား၌ စတင်ဖြစ်ပွားပြီး နောက်ပိုင်းတွင် လူမျိုးပေါင်းစုံနေထိုင်သည့် ဘော့စနီးယား-ဟာဇီဂိုဗီးနားတွင် ပိုမိုပြင်းထန်စွာ ဖြစ်ပွားသည်။ စစ်ပွဲကြောင့် ဒေသတွင်းတွင် နာတာရှည် စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ပျက်စီးမှုများ ကျန်ရစ်ခဲ့သည်။

ယူဂိုဆလပ်စစ်ပွဲများ

ယူဂိုဆလပ်စစ်ပွဲများမှာ ၁၉၉၁ မှ ၂၀၀၁ ခုနှစ်အတွင်း ယူဂိုဆလပ်ဗီးယား ဆိုရှယ်လစ် ဖက်ဒရယ်သမ္မတနိုင်ငံ ပြိုကွဲရာမှ လူမျိုးရေးကို ဗဟိုပြုသည့် စစ်ပွဲများဖြစ်ကြသည်။ ပါတီစုံရွေးကောက်ပွဲများတွင် အနိုင်ရသည့် အမျိုးသားရေးပါတီများက ၁၉၉၁ ခုနှစ်တွင် ရီပတ်ဘလစ်အသီးသီး၏ လွတ်လပ်ရေးကို ကြေငြာပြီး ခွဲထွက်ကြသည့်အခါ နိုင်ငံတကာမှ အသိအမှတ်ပြုကြသော်လည်း နိုင်ငံသစ်များအတွင်းရှိ လူနဲစုများ (အထူးသဖြင့်၊ ဆာ့ဗ်၊ တရုတ်နှင့် အယ်လ်လေးနီးယန်း) ၏ ပြဿာနာများကို မဖြေရှင်းရသေးဘဲ ရှိနေသေးသည်။

အစပိုင်းတွင် ယူဂိုဆလပ်ဗီးယား၏ ပြည်သူ့တပ်မတော် (JNA) က ခွဲထွက်သည့် အစိုးရများကို ချေမှုန်းခြင်းဖြင့် ယူဂိုဆလပ်ဗီးယားတခုလုံး၏ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းလိုသည်။ သို့သော်လည်း (JNA) ပြည်သူ့တပ်မတော်မှာ ဆာ့ဗ်အမျိုးသားရေးကို လှုံ့ဆော်ပြီး ဆာ့ဗ်လူမျိုး၏ ညီညွတ်ရေးကို အသုံးချလိုသော ဆာ့ဗီးယားအစိုးရခေါင်းဆောင် ဆလိုဗိုဒန် မီလိုဆီဗစ်၏ ဩဇာအောက်သို့ တဖြည်းဖြည်းရောက်ရှိ သွားလေသည်။ အကျိုးဆက်အားဖြင့် တပ်မတော်ကို ဆာ့ဗ်လူမျိုးမဟုတ်သော ဆလိုဗင်းများ၊ ကရုတ်များ၊ ကိုဆိုဗို အယ်လ်ဗေးနီးယားများ၊ ဘော့စ်ညက်များ (ဘော့စ်နီးယား)နှင့် မက်ဆီဒိုးနီးယားများ၊ ကစွန့်ခွာသွားကြသဖြင့် (JNA) တပ်မတော်မှာ ဆာ့ဗ်တပ်မတော် သက်သက်အဖြစ်သာ ရောက်ရှိသွားတော့သည်။ ၁၉၉၄ ခုနှစ် ကုလသမဂ္ဂအစီရင်ခံစာတခုအရ ဆာ့ဗ်များအနေဖြင့် ယူဂိုဆလပ်ဗီးယားကို ပြန်လည်တည်ထောင်လိုစိတ် မရှိကြတော့ဘဲ ကရိုရှားနှင့် ဘော့စနီးယားတို့မှ အစိတ်အပိုင်း အချို့နှင့် ပူးပေါင်းကာ မဟာဆားဗီးယား နိုင်ငံထူထောင်ရန်သာ စိတ်အားထက်သန်ကြသည်ဟု ဆိုသည်။ တခြားသော “မဟာအယ်လ်လေးနီးယား ပြန်လည်တည်ဆောင်ရေး” နှင့် “မဟာကရိုရှား ပြန်လည်တည်ထောင်ရေး” ရည်မှန်းသည့် လူပ်ရှားမှုများကလည်း စစ်ပွဲသို့ ပူးပေါင်း လာကြသည်။

ယူဂိုဆလပ်စစ်ပွဲမှာ ဒုတိယကမ္ဘာစစ်ပြီးသည့်နောက်ပိုင်း ဥရောပတွင် ဖြစ်ပွားသည့် စစ်ပွဲများအနက် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လိင်အကြမ်းဖက်မှုများပါဝင်သည့် လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှု ကျူးလွန်ရာတွင် အပြင်းအထန် အရက်စက်ဆုံးသော စစ်ပွဲဖြစ်ကြောင်း မကြခဏဖော်ပြကြလေသည်။

အကူးအပြောင်းကာလ တရားမျှတရေး နိုင်ငံတကာစင်တာ (International Center For Transitional Justice) ၏ ဖော်ပြချက်အရ ယူဂိုဆလပ်စစ်ပွဲတွင် လူပေါင်း ၁၄၀,၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ကြရသည်ဟု ဆိုလေသည်။

ယခင် ယူဂိုဆလပ်ဗီးယားနိုင်ငံမှာ ယခုအခါ ဘော့စ်နီးယားနှင့် ဟာဇီဂိုနီးယားနိုင်ငံ၊ ကရိုးရှားနိုင်ငံ၊ မက်ဆီဒိုး နီးယားနိုင်ငံ၊ မွန်တီနီးဂရိုးနိုင်ငံ၊ ဆလို ဗေးနီးယားနိုင်ငံ၊ ဆားဗီးယားနိုင်ငံနှင့် ကိုဆိုဗိုနိုင်ငံများအဖြစ် (၇) နိုင်ငံကွဲ ထွက်သွားလေသည်။

ရဲထွန်း (သီပေါ)
ကိုးကား: Wikipedia : Wikipedia Source