• Today is: Friday, August 12, 2022

ဘာကြောင့် ဖက်ဒရယ်လိုအပ်သလဲ(၁)

ဘာကြောင့် ဖက်ဒရယ်လိုအပ်သလဲ(အထူးဆောင်းပါးရှည်)

ခွန်းမတ်ရ်ကိုဘန်

တိုင်းရင်းသားလူမျိုးများဖြစ်ကြသော ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် လူမျိုးများသည် ရှေးပဝေသဏီ နှစ်ပေါင်းထောင်ချီ၍ ပဒေသရာဇ်များ အုပ်စိုးစဉ်ကတည်းက ကိုယ့်ဘုရင်၊ ကိုယ့်စော်ဘွား၊ ကိုယ့်ဒူဝါ၊ ကိုယ့်စောဖျာ၊ ကိုယ့်စော်ကဲ၊ ကိုယ့်ကြငှန်းနှင့် ထီးဖြိူဆောင်း၊ ရွှေထီးဆောင်း၊ ရွှေဓားလွယ်ကိုင်၊ ငွေဓားလွယ်ကိုင် စသည့် အဆောင်အယောင် အမျိုးမျိုးဖြင့် သီးခြားလွတ်လပ်စွာ အုပ်ချုပ် နေထိုင် လာခဲ့ကြသည်။

ဘုရင်ပဒေသရာဇ်မင်းများအုပ်ချုပ်သော မြန်မာ၊ မွန်၊ ရခိုင် ဘုရင်များတို့သည် အာဏာပြိုင်ကြရာမှ မင်းလက်နက်နိုင်ငံ ထူထောင်ရန် ကိုယ့်လူမျိုးအချင်းချင်း တိုက်ခိုက်သကဲ့သို့ အခြားလူမျိုးခြားများနှင့်လည်း တိုက်ခိုက်ခဲ့ကြသည်။ ထိုသို့ အာဏာပြိုင်စစ်ပွဲများ တိုက်ခိုက်ကြသော်လည်း မင်းလက်နက်နိုင်ငံများ၊ မြို့ပြ နိုင်ငံများ၊ တိုင်းငယ်ပြည်ငယ်များစသည့်တို့ ခေတ်များပြိုင်၍ ပေါ်ပေါက်ခဲ့သည်။ တစ်ခေတ်ပြီးတစ်ခေတ် အခိုက် အတန့်ပေါ်ပေါက်ခဲ့သည်။ သို့သော် တည်တံ့ခိုင်မြဲမှုကား မရှိချေ။ မင်းလက်နက်နိုင်ငံများ တည်တံ့ခိုင်မြဲမှုမရှိခြင်း သည် အငအားကြီးသူက အင်အားနည်းသူကို စစ်ရေးဖြင့် အနိုင်ကျင့်တိုက်ခိုက်၊ လုယက်၊ ဖျက်ဆီး၊ သတ်ဖြတ်ပြီး မင်းလက်နက်နိုင်ငံထူထောင်ရန် အတင်းသွတ်သွင်းသည့် စစ်ဘုရင်စနစ်ဆိုး၏ စစ်အနိဌာရုံကြောင့်ပင် ဖြစ်သည်။ စစ်ဘုရင်ခေတ်ကာလ တစ်လျှောက်လုံးတွင် တိုင်းရင်းသားများအချင်းချင်း စည်းလုံးစုစည်းကြပြီး အမျိုးသား စိတ်ဓာတ်အင်အားဖြင့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံမျိုး မတည်ဆောက်နိုင်ခဲ့ပေ။

တောင်တန်းဒေသ ပဒေသရာဇ်မင်းများဖြစ်ကြသော ရှမ်းစော်ဘွား၊ ကချင်ဒူဝါ၊ ကရင်နီစောဖျာ၊ ကရင်စော်ကဲ၊ ချင်းတောင်ပိုင် ရမ်အုပ်မင်းများသည် ဆက်ဆံရေး မပြေလည်မှုကြောင့် တစ်နယ်နှင့်တစ်နယ် အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ သို့သော် မင်းလက်နက်နိုင်ငံ၊ မြို့ပြနိုင်ငံ၊ တိုင်းငယ်ပြည်ငယ်အဖြစ် စုစည်းရန် တစ်ဦးနယ်မြေတစ်ဦး သိမ်းယူထားနိုင်သည်အထိ ကြီးကျယ်သော စစ်ပွဲများ တိုက်ခိုက်ကြခြင်းမရှိချေ။ မိမိတို့ ပဒေသရာဇ် ကိုယ်ပိုင်နယ်မြေများဖြစ်သော ကြီးငယ်မခွဲခြားဘဲ တူန်းတူရည်တူ သီးခြားလွတ်လပ်စွာ အတူယှဉ်တွဲ နေထိုင်လာခဲ့ကြသည်။

            အင်္ဂလိပ်ကိုလိုနီခေတ်ကာလမှ လွတ်လပ်ရေးရချိန်အထိ တိုင်းရင်းသားနယ်မြေများ အနေအထားမှာ-

၁။        Burma Proper ခေါ် ဗမာပြည်မ နယ်မြေ

            ကရင်၊ မွန်၊ ရခိုင်၊ မြန်မာလူမျိုး အများစုနေထိုင်သည့် နယ်မြေဖြစ်သည်။ အင်္ဂလိပ်အစိုးရက တိုက်ရိုက် ကျွန်ပြုအုပ်ချုပ်သောနယ်မြေဖြစ်သည်။ နောင်တွင် (၉၁)ဌာန ဝန်ကြီးအစိုးရ အုပ်ချုပ်သော နယ်မြေဖြစ်သည်။

၂။         ကရင်နီစောဖျာနယ်မြေများ စုစည်းထားသော သီးခြားလွတ်လပ်သည့် ကရင်နီပြည်

မြန်မာဘုရင် မင်းတုန်းမင်းကိုယ်စား ကင်းဝန်မင်းကြီးနှင့် အင်္ဂလိပ်ဘုရင်ခံကိုယ်စား ဆာဒေါက် ကလပ်ဖောဆက် တို့က ၁၈၇၅ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့တွင် ချုပ်ဆိုထားသော စာချုပ်အရ သီးခြား လွတ်လပ်သည့် နယ်မြေဖြစ်သည်။

၃။        တောင်ကြီး၊ ကလော၊ မေမြို့၊ လားရှိုး၊ လွိုင်လင်၊ လွိုင်မွေ၊ သံတောင်၊ အင်္ဂလိပ်တို့ သီးသန့်အုပ်ချုပ်ရေး ထားရှိသော တောင်ပေါ်စခန်းမြို့များ

၄။        တောင်တန်းဒေသများ (Part One ခေါ် ဇယား နယ်မြေများ)

က။ အင်္ဂလိပ်အစိုးရ Government of Burma Act – 1935 အရ ကိုယ်ပိုင်အုပ်ချုပ်ရေးပေးထားသော နယ်မြေများ

            (၁) ရှမ်းစော်ဘွားများ အုပ်ချုပ်သော နယ်မြေများ

(၂) ရှမ်းစော်ဘွားများအုပ်ချုပ်သော အနောက်ဘက်ရှမ်းပြည် (ခေါ်) သောင်သွတ်နယ်၊ ဆင်ကလိုက် ခန္တီးနယ်၊ ခန္တီးလုံနယ်တို့ဖြစ်သည်။

            (၃) ရခိုင်တောင်တန်းဒေသ (ခေါ်) ပလက်ဝဒေသနှင့် မြောက်ပိုင်းရှိ ဒေသများ

            (၄) The Chin Hill District (ခေါ်) ရမ်အုပ်မင်း အုပ်ချုပ်သော ချင်းတောင်တန်း ဒေသများ

(၅) The Kachin Hill Tracts (ခေါ်) ကချင်ဒူဝါများ အုပ်ချုပ်သော မြစ်ကြီးနား၊ ဗန်းမော်၊ ကသာစီရင်စု ဒေသနယ်မြေများ

(၆) The Somra (ခေါ်) ဆော်မရနယ်ပယ် နာဂ တောင်တန်းဒေသ

(၇) The Area Known as Triangle (ခေါ်) တြိဂံနယ်မြေဆိုသည့် မေခနှင့် မလိခမြစ်နှစ်သွယ်ရှိ ဒေသနယ်မြေများ

(၈) The Area Known as Hukawing Villey Lying to the North of the Upper Chindwin District (ခေါ်) အထက်ချင်းတွင်း ဒေသနှင့် ဟူးကောင်းတောင်ကြား ဒေသ

(၉) The Salween District (ခေါ်) သံလွင် ခရိုင်

(၁၀) All tribal territories which at the date of coming into operation of this Act of Administrated အင်္ဂလိပ်အုပ်ချုပ်ရေး လုံးဝလက်လှမ်းမမီသော နယ်မြေဒေသများ၊ ဥပမာ – “ဝ” စော်ဘွားနယ်မြေများ (Wa State) တို့ဖြစ်သည်။

()       တောင်တန်းဒေသများ (Part Two ခေါ် ဇယားနယ်မြေများ)

            (ခ) Part One တွင် မပါဝင်သည့် မြစ်ကြီးနားနှင့် ဗန်းမော် မှ အစိတ်အပိုင်းများ

            (၂) အထက်ချင်းတွင်းစီရင်စုရှိ ဟုမ္မလင်းဆပ်ဒီဗီရှင်းနှင့်အတူ တမူးမြို့နယ် မော်လိုက်ကျေးရွာ ဒေသများ

(၃) ကြာအင်းမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီတိုက်နယ်၊ တောင်ငူစီရင်စု အရှေ့ဘက်ခြမ်း၊ ပျဉ်းမနား အရှေ့တောင်ဒေသနှင့် သထုံစီရင်စု အရှေ့တောင်တန်းဒေသများတို့ဖြစ်သည်။

အထက်ဖော်ပြပါ တိုင်းရင်းသားလူမျိုးများ၏ နယ်မြေအနေအထားကို သမိုင်းအရ ခြုံငုံ၍ လေ့လာပါက ပဒေသရာဇ်ခေတ်မှစ၍ ၁၉၄၈ ခုနှစ် အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်လာသည်အထိ အာဏာပိုင် တစ်ဦး တည်း၏ လက်အောက်တွင် မြန်မာနိုင်ငံ State of Burma နယ်မြေအနေဖြင့် တစ်စုတစ်စည်းတည်းအတွင်း နေထိုင်လာခြင်းမဟုတ်ပေ။ နယ်မြေဒေသအလိုက်၊ လူမျိုးစုအလိုက် သီးခြားနေထိုင်လာခဲ့ကြသည်မှာ သမိုင်းဝင် အချက်အလက်ပင်ဖြစ်သည်။ စုစည်းပြီး စည်းလုံးညီညွတ်သော တိုင်းရင်းသားများ နယ်မြေကို နယ်ချဲ့ အင်္ဂလိပ်က လာရောက်ပိုင်းခြားခြင်းဖြင့် စိတ်ဝမ်းကွဲပြားမှုရှိသည်ဟူသော အယူအဆသည် နယ်ချဲ့ဆန့်ကျင်ရေး တရားပွဲများ ခေတ်ကာလအတွင်း အာပေါင်အာရင်းသန်သန်ဖြင့် ဟောပြော၍ ကောင်းသောအဆင့်တွင်သာ ရှိသည်။ အမှန်မှာ မူလကပင် သီးခြားစီတည်ရှိကြသည့် တိုင်းရင်းသားလူမျိုးများ၏ နယ်မြေများကို သွေးမစည်းမိအောင် အင်္ဂလိပ်တို့ က သပ်လှိူကြိုးပမ်းသည်ဟု မှတ်ယူရမည်ဖြစ်သည်။

ဤတွင် မဝေးလှသော သမိုင်းကို ပြန်ကြည့်မည်ဆိုပါက အင်္ဂလိပ်ကိုလိုနီနယ်ချဲ့သမားက ၎င်းတို့၏ ကိုယ်ကျိုး အတွက်နှင့် တိုင်းရင်းသားလူမျိုး နယ်မြေများ၏နောက်ခံသမိုင်းကြောင်း မတူညီကွဲပြား ခြားနားတည်ရှိ နေခြင်းကို အကြောင်းပြုပြီး တိုင်းရင်းသားနယ်မြေများကို Burma Proper ဗမာပြည်မနယ်မြေ၊ သီးခြား လွတ်လပ် သော ကရင်နီပြည်၊ တောင်ပေါ်စခန်းမြို့များ၊ Part One ခေါ် ဇယား – ၁ နယ်မြေ (၁၀)ခု၊ Part Two ခေါ် ဇယား – ၂ နယ်မြေ (၃)ပိုင်းကို အသီးသီး သတ်မှတ်ထားသည်။

ဒုတိယကမ္ဘာစစ်ကြီးအပြီး အတ္တလန္တိတ်စာချုပ်အရ တစ်ကမ္ဘာလုံးရှိ ကိုလိုနီနိုင်ငံများကို လွတ်လပ်ရေး ပေးရမည့်အချိန်ကာလမှာ ပြင်သစ် အင်ဒိုချိုင်းနား ကိုလိုနီနယ်များဖြစ်သော လော၊ ဗီယက်နမ်၊ ကန်ဘူးချား နယ်မြေ (၃) ခုသည် သီးခြားစီ လွတ်လပ်ရေး ရယူသဖြင့် (၃)နိုင်ငံဖြစ်သွားသလို အင်္ဂလိပ်ကိုလိုနီနယ်မြေများဖြစ် သော ဗမာပြည်မ၊ ပြည်ထောင်စုရှမ်းပြည်၊ ကချင်တောင်တန်းဒေသ၊ ချင်းတောင်တန်းဒေသ စသည့်နယ်မြေမျာ သည် သီးခြားလွတ်လပ်ရေး ရယူပိုင်ခွင့်ရှိကြသည်။ သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင်များတို့သည် ပြည်ထောင်စု အမျိုးသားကာကွယ်ရေး၊ စီးပွားရေး၊ လူမှုရေး အကျိုးတူ ခံစားရရှိရန် ရှေးရှုရည်မှန်းလျက် တစ်ပြိုင်တည်း လွတ်လပ်ရေးရယူရန် လိုလားခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်း နှင့် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင်တို့သည် သီးခြားစီတည်ရှိသော နယ်မြေ (၄)ခုကို ကိုယ်စားပြု၍ အမျှော်အမြင် ကြီးမားစွာဖြင့် တိုင်ပင်ဆွေးနွေး အပေအယူပြုလုပ်ကြပြီးမှ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ ပင်လုံစာချုပ်၏ အနှစ်သာရများမှာ-

            (၁) နယ်မြေ (၄) ခု တစ်ပြိုင်တည်း လွတ်လပ်ရေး ရယူမည်။

(၂) လွတ်လပ်ရေး ရပြီးပါက အမျိုးသားများ တန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဖြစ်သည်။

ပင်လုံစာချုပ်သည် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင်များ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၆-၇) ရက်နေ့တွင် သဘောတူသော အခြေခံမူ (၅)ချက်ကို အခြေခံပြီး ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ဗမာပြည်မ ခေါင်းဆောင်များနှင့်အတူ ဗြိတိသျှအစိုးရ ကိုယ်စားလှယ် မစ္စတာ ဘောတွမ်လီ တို့ပါဝင်သည့် အစည်းအဝေးကြီးက ဗမာပြည်မ နှင့် တောင်တန်းဒေသနယ်မြေများ ပူးပေါင်းရေးလုပ်ငန်း အခြေခံမူများ (၉) ချက် ချမှတ်ပြီး ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ ယင်း ပင်လုံစာချုပ် ပြည်ထောင်စု အမျိုးသားစိတ်ဓာတ်အင်အားဖြင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် တစ်ပြိုင်တည်း လွတ်လပ်ရေး အမိအရ ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပေသည်။

ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသားခေါင်းဆောင်များတို့သည် ပင်လုံစာချုပ် ချုပ်ဆိုပြီးသော်လည်း အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် တိုင်းရင်းသားများ တန်းတူရေးနှင့် ပတ်သက်၍ တိုင်းရင်းသားခေါင်းဆောင်များပိုမို၍ ယုံကြည်စိတ်ချစေရန် ရည်သန်၍ တိုင်းရင်းသားခေါင်းဆောင် များ ပါဝင်တက်ရောက်သည့် ရန်ကုန်မြို့ ဂျူဗလီခန်းမကြီး၌ ၁၉၄၇ ခုနှစ်၊ မေလ (၂၃)ရက်နေ့တွင် ကျင်းပပြုလုပ် သော ဖဆပဘ (အဖွဲ့ချုပ်) ပဏာမ ညီလာခံသဘင်ကြီးကျင်းပပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ ရေးဆွဲရာတွင် လိုအပ်သည့်အခြေခံမူများ (၁၄)ခန်း တင်သွင်းသည့်အပေါ် ညီလာခံကြီးက သဘောတူချမှတ် ထားခဲ့ကြသည်။

ယင်းဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာမှာ အခြေခံမူများ (၁၄)ချက်ချထားရာတွင် အခန်း ၁၊ ပုဒ်မ (၂) က၊ ခ၊ ဂ၊ ဃ၊ င တို့အရ ပြည်ထောင်စုအဖွဲ့ဝင်နယ်မြေများကို လက်ရှိတည်ရှိသည့် နယ်မြေများဖြစ်သည့် ဗမာပြည်မ၊ ပြည်ထောင်စုရှမ်းပြည်၊ ကရင်နီပြည်၊ ကချင်ပြည် နှင့် ချင်းပြည် စသည့် နယ်မြေ(၅)ခုဖြင့် ဆက်ထား၍ အခန်း ၁၊ ပုဒ်မ (၃) ပါ အင်္ဂါရပ် (၇)ချက် ဖော်ပြပြီး ပြည်ထောင်စု အမျိုးသားပြည်နယ်များအဖြစ် ထပ်မံဖော်ထုတ်ပေးရမည် ဖြစ်သည်။ ယင်းဖော်ပြသော ဂုဏ်အင်္ဂါရပ် (၇)ချက်အနက် နံပါတ်(၂) အချက်မှာ မြန်မာစကားနှင့် မတူသည့် တိုင်းရင်းသားလူမျိုးဟူ၍ ဖော်ပြခြင်းဖြစသည်။ ပြည်နယ်ရထားပြီးဖြစ်သော ရှမ်း၊ ကရင်နီ၊ ကချင်၊ ချင်း လူမျိုးတို့ အတွက် မဟုတ်ကြောင်း ရှင်းနေပေသည်။ မြန်မာစကားနှင့် မတူသောဟု ဖော်ပြရာမှာ Burma Proper ဗမာပြည်မ နယ်မြေတွင် အတူတူ နေထိုင်ကြသော ကရင်၊ မွန်၊ ရခိုင် လူမျိုးအတွက် ပြည်နယ်များ ဖော်ပြထုတ်ပေးရမည် ဖြစ်သည်။ ဤနည်းတူ ပင်လုံပဋိညာဉ်စိတ်ဓာတ်အရ ဗမာလူမျိုးအတွက်ကိုလည်း အမျိုးသားပြည်နယ်ဖော်ထုတ် ပေးရမည်ဖြစ်သည်။

ထိုမျှပင် မကသေးပါ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များသည် ပါတီစုံဒီမိုကရေစီ ရွေးချယ်တင် မြှောက်ပြွအပြီး ၁၉၄၇ ခုနှစ်၊ ဇွန်လ (၁၆)ရက်နေ့တွင် တိုင်းပြုပြည်ပြု ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကြီးက အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနိုင်ရန် လိုအပ်သော အခြေခံမူများ အခြေခံကျောရိုးများကို ချမှတ်ပေးထားခဲ့သည်။

၁။ လွတ်လပ်သော နိုင်ငံဖြစ်ရမည် (Independence) ဒိုမီနီယံ အစောင့်အရှောက်ခံ နိုင်ငံမဟုတ်၊ လုံးဝလွတ်လပ်ရမည်။

၂။ အချုပ်အခြာအာဏာပိုင် နိုင်ငံ ဖြစ်ရမည် (Sovereignty)၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွတ်လပ်စွာ ရေးဆွဲပြဌာန်းနိုင်ရမည်။

၃။ ဒီမိုကရေစီ သမ္မတနိုင်ငံ ဖြစ်ရမည် (Republic)၊ ပြည်သူများ ဒီမိုကရေစီအခွင့်အရေးကို ဖော်ဆောင်ပေးသည့် ပြည်သူ့လွှတ်တော်တစ်ရပ်နှင့် တိုင်းရင်းသားတန်းတူရေးကို ဖော်ဆောင် ပေးမည့် အမျိုးသားလွှတ်တော်တစ်ရပ်ရှိရမည်။ ထပ်တူဥပဒေပြုအာဏာရှိရမည်။

၄။ ပြည်ထောင်စုနိုင်ငံဖြစ်ရမည် (Union State)။ တစ်ပြည်ထောင်နိုင်ငံမဟုတ်။ ဖားတစ်ပိုင်း ငါးတစ်ပိုငင်း ပြည်ထောင်စုနိုင်ငံမဟုတ်။ အမျိုးသားပြည်နယ်များ တန်းတူရည်တူ ကိုယ်ပိုင် ပြဌာန်းခွင့် အပြည့်အဝရှိပြီး အမျိုးသားနယ်များဖြင့် စုစည်းသည့် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရ မည်ဟု သတ်မှတ်ထားခဲ့ပါသည်။

ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်း သည် ပထမအကြိမ် တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေးတွင် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရာ၌ အခြေခံထားရှိရမည့်မူများအတွက် လမ်းညွှန်ချက် (၇) ချက်ကိုလည်း တင်ပြပြီး တိုင်းပြုပြည်ပြုလွှတ်တော်ကြီးက တစ်ခဲနက် တညီတညွတ်တည်း သဘောတူချမှတ်ပေးထားခဲ့ပေသည်။

အကယ်၍ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ချမှတ်ထားသော အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် အခြေခံထားရှိရမည့် အခြေခံမူများ၊ အခြေခံကျောရိုးများပါ အတိုင်းဖြစ်သော ဖဆပလ (အဖွဲ့ချုပ်)ပဏာမ ညီလာခံသဘင်ကကြီးက ချမှတ်ထားသည့် အခြေခံမူများ (၁၄)ခန်း နှင့် ပထမအကြိမ် တိုင်းပြုပြည်ပြုလွှတ်တော်က ချမှတ်ထားသည့် အခြေခံမူ (၄)ချက်နှင့် လမ်းညွှန်ချက် (၇)ချက် ပါအတိုင်း လေးစားလိုက်နာနာပြီး ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲမည်ဆိုပါက ယနေ့ နှစ်ပေါင်း (၇၂)နှစ်ကျော်ကာလမှာ ပြည်ထောင်စုမြန်မာနိုင်ငံသည် ကမ္ဘာနိုင်ငံတကာအလယ်မှာ ဂုဏ်ယူဝင့်ကြွားစွာ ဖြင့် ငြိမ်းချမ်းသာယာဝပြောသည့် ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ရှိနေမည်မှာ မလွဲပေ။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ ကျဆုံးသွားပြီးနောက် ဖဆပလ (အဖွဲ့ချုပ်) ဥက္ကဋ္ဌ ကြားဖြတ်အစိုးရ ဝန်ကြီးချုပ် ဦးနု နှင့် ဖဆပလ (အဖွဲ့ချုပ်) ခေါင်းဆောင်များတို့သည် ပင်လုံစာချုပ် အခြေခံမူ လမ်းစဉ်အပေါ် သွေဖည်အားနည်းသွားရာမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန် ဦးချန်ထွန်း အား ဟန်ပြအဖြစ် အိန္ဒိယနိုင်ငံသို့ လေ့လာရန် စေလွှတ်ပြီး ဦးချန်ထွန်း နှင့် ဦးမြင့်သိန်း တို့အား (၂)လ အတွင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲစေသည်။

ဦးချန်ထွန်း သည် တိုင်းပြုပြည်ပြုလွှတ်တော်သို့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို အတည်ပြု ရန် တင်သွင်းစဉ်က ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် အခြေအနေအရ မလွှဲမရှောင်သာ ပြည်ထောင်စုနိုင်ငံမှာ အမေရိကန်၊ ဆွစ်ဇာလန် တို့ကဲ့သို့ ပြည်ထောင်စု စစ်စစ်မဟုတ်ကြောင်း၊ ကနေဒါ (Canadian Type) ကဲ့သို့၊ တစ်နည်းအားဖြင့် အလယ်အလတ်တန်းစား (moderate type) ပြည်ထောင်စု ဖြစ်ကြောင်းစသည်ဖြင့် ရှင်းပြခဲ့ သည်။ ဆက်လက်၍ ဦးချန်ထွန်း က ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပါရှိသော အခန်းများ၊ အပိုဒ်များကို ရှင်းပြပြီး နောက်ဆုံးတွင် အတည်ပြုခြင်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း ရှင်းလင်းခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ထားသည့် မူအတိုင်းဆိုလျှင် လူအင်အားအများသုံးရမည်ဖြစ်ကြောင်း၊ ငွေကကြေးအကုန်အကျများမည်ဖြစ်ကြောင်း၊ ယခု စစ်ပြီးကာလတွင် တိုင်းပြည်ဆင်းရဲနေသေးကြောင်း၊ အခန်း (၁၀)တွင် ခွဲထွက်ခွင့်ပြဋ္ဌာန်းပါရှိပြီး အခန်း (၁၁) ၌ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်သည်ဟု ပြဋ္ဌာန်းပါရှိထား ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုလက်စွဲမရှိလျှင် လွပ်လပ်ရေးမရနိုင်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရန် လိုအပ်ကြောင်း ရှင်းလင်းပြခဲ့သည်။

တိုင်းပြုပြည်ပြုလွှတ်တော်တွင် တက်ရောက်ကြသော တိုင်းရင်းသားခေါင်းဆောင်များသည် ပင်လုံစာချုပ် အခြေံမူများ၊ ကတိကဝတ်များအပေါ် ပြည်ထောင်စု အမျိုးသားစိတ်ဓာတ်အရှိန်ကြောင့် ဦးနု နှင့် ဖဆပလ အဖွဲ့ချုပ်ခေါင်းဆောင်များအပေါ် အကြွင်းမဲ့ ယုံကြည်ခြင်း၊ နိုင်ငံရေးအတွေ့အကြုံ နုနယ်ခြင်း၊ ဥပဒေပြုလုပ်ငန်း နားလည်မူ အားနည်းခြင်း၊ အမျိုးသားခေါင်းဆောင်များ ကျဆုံး၍ အချင်းချင်းသွေးစည်းညီညွတ်ရေးအတွက် ဆန္ဒပြင်းပြနေခြင်း၊ ဗိုလ်ချုပ်ပြောကြားသည့်အတွင်း ဥပဒေ စကားလုံးများထက် ပင်လုံအခြေခံမူများနှင့် ကတိကဝတ်များကို ယုံကြည်အားကိုးခြင်း၊ အခန်း (၁၀) တွင် ခွဲထွက်ခွင့်ရှိခြင်း၊ အခန်း (၁၁)တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခွင့်ပါရှိသဖြင့် လွတ်လပ်ရေးရရှိပြီးသည့်နောက် ပြင်ဆင်လိုသော ဖွဲ့စည်းပုံအခြေခံဥပဒေကို သွေးသားညီအစ်ကို အချင်းချင်းအကြား ဥပဒေစကားလုံးများကို အတိအကျအဓိပ္ပာယ်ကောက်ခြင်းများ ပြုလုပ်မည် မဟုတ်၊ မူးတင်းမတ်တင်း၊ ဈေးဆစ်စရာလိုအပ်မည်မခင်ခဲ့ပါ။ လွတ်လပ်ရေးကိုလည်း အမြန်ဆုံး ရရှိခံစားလို ကြသည်။ ထို့ကြောင့် တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို တောင်တန်းဒေသ ခေါင်းဆောင် ကိုယ်စားလှယ် တောင်ပိုင်းစော်ဘွားကြီး စပ်ခွန်ပန်းစိန် (ပလောင်)က လှိုက်လှဲစွာ ကြိုဆိုလက်ခံလိုက်သဖြင့် ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့တွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုနိုင်ခဲ့သည်။

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပင်လုံစာချုပ်အခြေခံမူများ၊ ကတိကဝတ်များအပေါ် သွေဖည် အားနည်းသွားရာမှ ဗမာပြည်မနယ်မြေကို ပြည်ထောင်စု ဗဟိုအာဏာနှင့်တွဲထားသဖြင့် ရှမ်း၊ ကချင်၊ ချင်း ပြည်နယ် များသည် လက်အောက်ခံ ဘဝကျရောက်သွားသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၁)အရ အချိန်မရွေး ပြင်ဆင်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။ သို့သော် အမျိုးသားပြည်နယ်များ ဖော်ဆောင်ပေးရမည့် ကရင်၊ မွန်၊ ရခိုင် ပြည်နယ်များ ချက်ချင်းမဖော်ဆောင်ပေးခြင်း၊ သီးခြားလွတ်လပ်သော ကရင်နီပြည် စောဖျာများနှင့် ပြည်သူများ ဆန္ဒအမှန်မရယူဘဲ လက်အောက်ခံ ပြည်နယ်အဖြစ် သတ်မှတ်ခြင်းစသည့် ပြဿနာများကြောင့် လွတ်လပ်ရေးသက်တမ်းနှင့်အတူ ပြည်တွင်းစစ်မီး စတင်လောင်ကျွမ်းခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ရှမ်း၊ ကချင်၊ ချင်း ပြည်နယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၁)ပါအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် တင်ပြလာတိုင်း ဖဆပလ (အဖွဲ့ချုပ်)သည် အကြောင်းအမျိုးမျိုးပြပြီး အချိန်ဆွဲလွန်းခြင်း၊ တရုတ်ဖြူကွန်မင်တန်ကို အကြောင်းပြပြီး ရှမ်းပြည်စော်ဘွားနယ် (၁၃)နယ်ကို စစ်အုပ်ချုပ်ရေးသတ်မှတ်သဖြင့် ရှမ်းပြည်နယ်လူထု မတရား ဖိနှိပ်ညှဉ်းပန်း အနိုင်ကျင့်ခံရခြင်း၊ ကချင်ပြည် (ဖီဖော်၊ ဂေါ်လံ၊ ဂန်ဖန်) နယ်မြေကို ကချင်ပြည်အစိုးရနှင့် ပြည်သူလူထု ဆန္ဒသဘောထား ရယူခြင်းမရှိဘဲ တရုတ်ပြည်သို့ လွှဲအပ်ခြင်း၊ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ်သတ်မှတ်ခြင်းစသည့် ပြဿနာများ ထပ်မံပေါ်ပေါက်လာသဖြင့် ပြည်တွင်းစစ်မီးတစ်ဆင့်ပြီးတစ်ဆင့် တောက်လောင်သွားသည်။

ဖဆပလ (အဖွဲ့ချုပ်) သန့်ရှင်း နှင့် တည်မြဲနှစ်ခြမ်းကွဲသွားသည့် နောက်ပိုင်းတွင် ဦးနုသည် ယိမ်းယိုင် နေသော တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး ပြန်လည်တည်ဆောက်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးဆွဲဖို့ ချပေးလာသဖြင့် ၁၉၆၁ ခုနှစ် တောင်ကြီးညီလာခံကျင်းပပြီး ရှမ်း၊ ကရင်နီ(ကယား)၊ ကချင်၊ ကရင်၊ ချင်း ပြည်နယ်ခေါင်းဆောင်များအပြင် ပြည်နယ်မရှိသေးသော မွန်၊ ရခိုင် ခေါင်းဆောင်များပါ တက်ရောက်ပြီး ခွဲထွက် ခြင်းမပါသည့် ပင်လုံစာချုပ်အခြေခံမူလမ်းစ​ဉ်ပါအတိုင်း စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ပြင်ဆင်ရေးမူကြမ်းရေးဆွဲထားခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၀)တွင် ခွဲထွက်ခွင့်ပါရှိသော်လည်း တိုင်းရင်းသားများ တစ်ကြိမ်မှ ခွဲထွက်ခြင်းအသုံးမပြုခဲ့ပေ။ ၁၉၅၀ ခုနှစ် ပြည်တွင်းစစ် အပြင်းထန်ဆုံးချိန် ဝန်ကြီးချုပ် ဦးနု လက်ထဲ ဗမာ့လက်နက်ကိုင်တပ်ရင်းတစ်ရင်းခွဲသာ ကျန်ပြီး (၁၂)မိုင် အစိုးရဟု ခေါင်သည့် အချိန်တွင်ပင် ရှမ်း၊ ကချင်၊ ချင်း၊ ကရင်နီ(ကယား) ခေါင်းဆောင်များသည် မခွဲထွက်ဘဲ တိုင်းရင်းသားတပ်ဖွဲ့များ သည် ပြည်ထောင်စုနှင့် ဖက်တွယ်ခဲ့ကြသည်။

ဝန်ကြီးချုပ် ဦးနု တို့ ၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် ပြည်လမ်းအသံလွှင့်ရုံခန်းမဆောင်၌ ဗမာ့နိုင်ငံလူမျိုးပေါင်းစုံ၏ ပြည်ထောင်စုမူနှင့် ပတ်သက်၍ နှီးနှောဖလှယ်ပွဲ စတင်ကျင်းပရာမှာ တိုင်းရင်းသား ခေါင်းဆောင်များ၊ အတိုက်အခံပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ ထိုသို့ ပြည်နယ်ခေါင်းဆောင်များ၊ ပင်လုံစာချုပ်အခြေခံမူများပါအတိုင်း စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှုကို တင်ပြခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်း ပြုလုပ်စဉ်တွင်ပင် ၁၉၆၂ ခုနှစ်၊ မတ်လ (၂)ရက်နေ့၌ ဗိုလ်နေဝင်း ဦးဆောင်သော ဖက်ဆစ်စစ်အုပ်စုသည် ရှမ်း၊ ကချင်၊ ကယား၊ ချင်း၊ ကရင်၊ မွန်၊ ရခိုင် တိုင်းရင်းသားတို့သည် ဖက်ဒရယ်သမားများ၊ ခွဲထွက်ရေး သမားများဖြစ်ကြပြီး တိုင်းပြည်အစိတ်စိတ်အမြွှာမြွှာ ဖြိုခွဲသူများဖြစ်ကြောင်း၊ တိုင်းပြည် ချောက်ကမ်းပါးကျလုဆဲဆဲတွင် တပ်မတော်က အချိန်မီကယ်တင်နိုင်ကြောင်း သူခိုးလူဟစ်အော်ခဲ့သည်။ ထို့ကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးစားပွဲဝိုင်းတွင် ရှင်းခွင့်မရသည့်အဆုံး တိုင်းရင်းသားလူမျိုးစုများဖြစ်သော နာဂ၊ ပလောင်၊ ကယန်း၊ ပအိုဝ်း၊ လားဟူ စသည့် လူမျိုးစုများပါမကျန် ရရာလက်နက်စွဲကိုင် တော်လှန်သဖြင့် ပြည်တွင်းစစ်မီးသည်လည်း အထွဋ်အထိပ်သို့ လောင်ကျွမ်းခြင်းဖြစ်သည်။

ဗိုလ်နေဝင်း ဦးဆောင်သည့် စစ်အုပ်စုသည် ပင်လုံအခြေခံလမ်းစဉ်နှင့် လုံးဝဆန့်ကျင်သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) တစ်ပါတီ အာဏာရှင်စနစ်ကို တည်ထောင်ပြီး ၁၉၇၄ ခနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲပြဋ္ဌာန်းလိုက်သည်။ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသားများ အခွင့်အရေးများအားလုံး ဆုံးရှုံးသည့်အပြင် ပြည်သူများ ဒီမိုကရေစီအခြေခံ လူ့အခွင့်အရေးဟူသမျှ ဆိတ်သုဉ်း သွားသဖြင့် ပြည်တွင်းစစ်မီး အထွဋ်အထိပ်သို့ လောင်ကျွမ်းခြင်းနှင့်အတူ ပြည်သူများ၏ ဒီမိုကရေစီတိုက်ပွဲ သည်လည်း တစ်ဆင့်ပြီးတစ်ဆင့် ပိုမိုပြင်းထန်လာသဖြင့် ၁၉၈၈ ခုနှစ် ပြည်သူများ ပြည်လုံးကျွတ် ဒီမိုကရေစီ အရေးတော်ပုံကြီးကြောင့် (မဆလ)တစ်ပါတီအာဏာရှင်စနစ် ချုပ်ငြိမ်းသွားပြီး ၎င်းတို့ စိတ်ကြိုက်ရေး ဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအား ၎င်းတို့ကိုယ်တိုင် ဖျက်သိမ်းလိုက်သည်။ ထို့ကြောင့် တိုင်းရင်းသား များသည် ခွဲထွက် ရေးသမားများဖြစ်ပြီး တိုင်းပြည်ချောက်ကမ်းပါးကျလုဆဲဆဲမှာ တပ်မတော်က အချိန်မီကယ်တင်လိုက်သည်ဟု ကြွေးကြော်သော ဗိုလ်နေဝင်းဦးဆောင်သော ဖက်ဆစ်စစ်အုပ်စု၏ လုပ်ရပ်သည် တိုင်းရင်းသားတန်တူရေး ဆုံးရှုံးခြင်းနှင့် ပြည်သူများ ဒီမိုကရေစီအခြေခံလူ့အခွင့်အရေး ဆိတ်သုဉ်းခြင်း ပြဿနာအရပ်ရပ်ကြောင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် (၁၄)နှစ်အကြာတွင် ပျက်စီးသွားသည်။ နောက်ဆုံးရလဒ်သည် အရှေ့တောင် အာရှနိုင်ငံများအနက် အချမ်းသာဆုံးနိုင်ငံဘဝမှ ကမ္ဘာ့နိုင်ငံများအနက် အဆင်းရဲဆုံးနိုင်ငံဘဝတွင်းနက်ထဲသို့ ကျရောက်ခြင်းပင်ဖြစ်သည်။

ထိုသို့ ပြည်သူများ ပြည်လုံးကျွတ် ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင့် (မဆလ) တစ်ပါတီ အာဏာရှင် စနစ် ပြုတ်ကျသွားသော်လည်း ဗိုလ်နေဝင်း ဦးဆောင်သည့် စစ်အုပ်စုသည် ပြည်သူများတောင်းဆိုသော ကြားဖြတ် အစိုးရ ဖွဲ့စည်းရေးကို လုံးဝ လက်မခဲဘဲ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွှန့် စစ်အုပ်စုကို အမွေစားအမွေခံ အဖြစ် မဆလ တစ်အဖြစ်လဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)ပါတီနှင့် မဆလ တစ်ဖြစ်လဲ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)အဖွဲ့ကို ဖွဲ့စည်းပြီး ပခုံးပြောင်းတာဝန်အဖြစ် တိုင်းပြည် အာဏာကို လွှဲပြောင်းပေးခဲ့သည်။ နဝတ စစ်အုပ်စုသည် မိမိတို့ တစည ပါတီ အနိုင်ရလိမ့်မည်ဟု ယုံကြည်ပြီး ၁၉၉၀ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးချယ်တင်မြှောက်ပွဲ ကျင်းပပေးခဲ့သည်။ ယင်းရွေးကောက်ပွဲတွင် ဒီမိုကရေစီအင်အားစု အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း အာဏာလွှဲပြောင်းခြင်းမရှိသည့်အပြင် ပါတီ ခေါင်းဆောင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးခေါင်းဆောင်များ အများအပြားကို နေအိမ် အကျယ်ချုပ်ထားခြင်း၊ ဖမ်းဆီးနှိပ်စက်ထောင်ချခြင်း စသည့်လုပ်ရပ်များကြောင့် အများအပြားထောင်ထဲတွင် သေဆုံးခဲ့ကြသည်။

နဝတ။ နအဖ စစ်အုပ်စုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန် အနာဂတ် အမျိုးသားနိုင်ငံရေးတွင် တပ်မတော်က အစဉ်တစိုက် ဦးဆောင်ပါဝင် ထမ်းဆောင်နိုင်ရေး ဦးတည်ချက်ချမှတ်ပြီး ၎င်းတို့ရွေးချယ်ထားသော ကိုယ်စားလှယ်များ လွှမ်းမိုးထားသည့် အတုအယောင်အမျိုးသားညီလာခံကို (၁၄)နှစ်ကာလ အချိန်ဆွဲ ကျင်းပကာ ၎င်းတို့ စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် (၁၀)နှစ်ကျော်ကာလ ကျင့်သုံးလာ သော်လည်း တိုင်းရင်းသားများ တန်းတူရေးနှင့်ပြည်သူများ ဒီမိုကရေစီအခွင့်အရေးများ မဖော်ဆောင်ပေးနိုင်သဖြင့် ယနေ့ တိုင်းပြည်သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ပြဿနာပေါင်းစုံ ရင်ဆိုင်ကြုံတွေ့နေသည်နှင့်အမျှ ပြည်သူများ စားဝတ်နေရေးသည်လည်း အတိဒုက္ခမျိုးစုံ ကြုံတွေ့နေရဆဲပင် ဖြစ်သည်။

ထို့ကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်အတွင်းပြုင်ရေးဆွဲရေးလုပ်ငန်းနှင့် လွှတ်တော်ြပင်ပ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစု ပင်လုံမှ ရရှိသော ရလဒ်များအပေါ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတည်ထောင်ရန် ရည်မှန်းချက်ပန်းတိုင်ချမှတ်ထားရှိခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရစု ပင်လုံကျင်းပရာတွင် “ပင်လုံစိတ်ဓာတ်”ဟူသော ဦးတည် ချက်ဖြင့် ကျငး်ပခဲ့ပါသည်။ သို့ရာတွင် ပြည်ထောင်စုသဘောတူညီချက် (၅၁)ချက် ရရှိထားသည့်အပေါ် လေ့လာပါက ဥပမာ တိုက်အိမ်ကြီး တစ်လုံးဆောက်ရာမှာ အမှန်လိုအပ်သည့် ကျောက်၊ သဲ၊ ထုံး၊ ဘိလပ်မြေ၊ သံဖြူ၊ သံချောင်း၊ သမှို၊ ပတ္တာ၊ မူလီ စသည်များ စုစည်းထားသော်လည်း အဓိက အခြေခံလိုအပ်ချက်ဖြစ်သော တိုက်အိမ်ကြီး၏ အခြေခံအုတ်မြစ် ပန္နက်ချခြင်းမလုပ်နိုင်ခဲ့ကြောင်း တွေ့ရပေသည်။ ထိုသို့ အခြေခံအုတ်မြစ်ချ မှတ်နိုင်ရန် ပင်လုံစိတ်ဓာတ်တစ်ခုတည်းဖြင့် ရနိုင်မည်မဟုတ်ပေ။ လွတ်လပ်ရေး ဗိသုကာကြီး၊ လွတ်လပ်ရေး ဖခင်ကြီးများ ဖြစ်ကြသော ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသားခေါင်ဆောင်များ သဘောတူချမှတ်ထားသည့် ပင်လုံစာချုပ်အခြေခံမူများ၊ ကတိကဝတ်များပါအတိုင်း လေးစားလိုက်နာ ကျင့်သုံးမှသာလျှင် အခြေခံအုတ်မြစ် ပန္နက် အမြန်ဆုံးချမှတ်ပြီး ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အခြေခံပြဿနာသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၃)ခုပင် ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာဆိုရာမှာ တိုင်းရင်းသားများ တန်းတူအခွင့်အရေး ဆုံးရှုံးခြင်းပြဿနာနှင့် ပြည်သူများ ဒီမိုကရေစီအခြေခံ လူ့အခွင့်အရေး ဆုံးရှုံးခြင်း ပြဿနာ (၂)ရပ်မှ မြစ်ဖျားခံပါသည်။ တိုင်းရင်းသားများ တန်းတူရေးသည် ပင်လုံစာချုပ် ချုပ်ဆိုကတည်းက ပြည်ထောင်စုကို တန်းတူရည်တူ ပိုင်ဆိုင်ထားကြသည့် အားလျော်စွာ ပြည်ထောင်စုအတွက် တာဝန်အသီဂသီးရှိကြသည့်အတိုင်း ပြည်ထောင်စုတာဝန်ကို ပူးပေါင်းဆောင်ရွက် ကြလျက် အချိုးကျ အကျိုးခံစား ခွင့်မျိုးသည်သာလျှင် လူမျိုးကြီး၊ လူမျိုးငယ် ဖိနှိပ်ချုပ်ချယ်မှုကင်းပြီး စစ်မှန်သော ပြည်ထောင်စုအမျိုးသား စိတ်ဓာတ်ကို အာမခံချက်ပေးနိုင်မည်ဖြစ်သည်။ ပြည်သူများ ဒီမိုကရေစီ အခြေခံ လူ့အခွင့်အရေးဆိုသည်မှာ မွေးရာပါအခွင့်အရေးပင်ဖြစ်သည်။ သို့ဖြစ်ပါ၍ အမျိုးသားတန်းတူရေးနှင့် ပြည်သူများ ဒီမိုကရေစီအခြေခံ လူ့အခွင့်အရေးသည် မည်သည့် လူမျိုး မည်သည့် အဖွဲ့အစည်းမှ ပိုင်ဆိုင်ထားခြင်းမဟုတ်ပါ။ ထို့ကြောင့် မည်သူက မည်သူ့ကို တောင်းစရာ၊ ပေးစရာ လိုအပ်မည်မဟုတ်ပါ။ တိုင်းရင်းသားများ အချင်းချင်းတွေ့ဆုံ ဆွေးနွေးချမှတ် သွားရန်ဖြစ်သည်။

မြန်မာနိုင်ငံ ပထဝီ ရေမြေအနေအထားကို လေ့လာမည်ဆိုပါက မြေဧရိယာအကျယ်အဝန်းနှင့် လူဦးရေ သည် အလွန်သင့်တင့်မျှတပြီး ရေမြေသဘာဝသည်လည်း မြစ်ချောင်းအင်းအိုင်ပေါများပါသည်။ ထို့အပြင် နိုင်င့တကာ ဆက်ဆံရေး ပင်လယ်ရေးလမ်းကြောင်းသည် အထူးကောင်းမွန်သည့် နိုင်ငံဖြစ်သလို တိုင်းပြည် သယံဇာတ များဖြစ်သော အဖိုးတန်သစ်များ၊ ကျောက်သံပတ္တမြား၊ ရွှေတွင်း၊ ငွေတွင်း၊ ကျောက်စိမ်း၊ သဘာဝဓာတ်ငွေ့များ အလွန်ပေါကြွယ်ဝသည့် နိုင်ငံလည်းဖြစ်သည်။ သို့ဖြစ်ပါလျက် တိုင်းရင်းသားပြည်သူ များသည် ရွှေဘုံ၊ ငွေဘုံ၊ ပတ္တမြားဘုံ၊ ကျောက်စိမ်းဘုံ၊ သဘာဝဓာတ်ငွေ့ဘုံပေါ်မှာ ထိုင်နေသော်လည်း ဖောင်စီးပြီး ရေငတ်ဆိုဘိသကဲ့သို့ ယနေ့ထိပြည်သူများ စားဝတ်နေရေးဘဝ အတိဒုက္ခကြုံတွေ့နေရသည်သာမက တိုင်းပြည်၏ အသက်သွေး ကြောတမျှ အရေးကြီးသည့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူမှုရေး စသည့် တိုင်းပြည်ရေးရာဟူသမျှ ဖြေရှင်း၍မရဘဲ လုံးထွေးနေပါသည်။ ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသားခေါင်းဆောင်များကို လွတ်လပ်ရေးဗိသုကာကြီးများ၊ လွတ်လပ်ရေးဖခင်ကြီးများဟု လေးစားဂုဏ်ပြု သည်မှာ ဂုဏ်ပြုသင့်၊ ဂုဏ်ပြုထိုက်၊ လေးစားထိုက်သော ပုဂ္ဂိုလ်များဖြစ်ပါသည်။ သို့သော် ယနေ့ထိ ပင်လုံစာချုပ် အခြေခံမူ လမ်းစဉ် ကတိကဝတ်ပြုထားသည့်အပေါ် မည်သည့်အဖွဲ့အစည်း၊ မည်သည့်အုပ်စု၊ မည်သည့် ခေါင်းဆောင် စတ်ဦးတစ်ယောက်ကမျှ ရှင်းလင်းပြတ်သာစွာ ဦးဆောင်မှုပေးခြင်းမတွေ့ရှိရပါ။ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူမှုရေး စသည့် တိုင်းပြည်ပြဿနာ အရပ်ရပ် အကျပ်အတည်းထွက်ရပ်လမ်းသည် တစ်ခုတည်းဖြစ်သော ပင်လုံစာချုပ်အခြေခံမူ လမ်းစဉ်ပင် ဖြစ်ပေသည်။

စစ်မှန်သော ဖက်ုရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံတည်ဆောက်ရာတွင် အချို့အဖွဲ့အစည်းသည် မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ ဖက်ဒရယ်ဖြစ်ရမည်၊ အချို့သည် ကွန်ဖက်ဒရေးလိုချင်သည်။ အချို့သည် လုံးဝခွဲမထွက်ရ၊ အချို့သည် ခွဲထွက်ခွင့်ပါသင့်သည်ဟု အမျိုးမျိုးဖော်ထုတ်ကြသည်။ ပြည်ထောင်စုမြန်မာနိုင်ငံရှိ တိုင်းရင်းသားများသည် တန်းတူအခွင့်အရေးမရရှိသေးသောလည်း အတူနေထိုင်လာကြသည်မှာ နှစ်ပေါင်း (၇၀)ကျော် ရှိပြီဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ခွဲထွက်ရေး မလိုလားပါ။ ခွဲထွက်ရေးထက် တန်းတူရေး ကိုသာ လိုလားကြပါသည်။ နိုင်ငံတကာမှ အမေရိကန်၊ ဆွစ်ဇာလန်၊ ဩစတေးလျ၊ ဂျာမနီ စသည့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း လုံးဝ ကိုးကားစရာမလိုအပ်ပါ။ မြန်မာ့နည်းမြန်မာ့ဟန် ဖက်ဒရယ်ဒီမိုကရေစီကိုလည်း တီထွင်ကြိုးစားစရာ မလိုအပ်ပါ။ ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချမှတ်ထားသည့် ပင်လုံစာချုပ် အခြေခံမူများ၊ အခြေခံကျောရိုးများပါအတိုင်း လိုက်နာ ကျင့်သုံးခြင်းအားဖြင့် ငြိမ်းချမ်းသာယာဝပြောမည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်ကို အမြန်ဆုံး တည်ဆောက်နိုင်မည်ဖြစ်သည်။

ခွန်းမတ်ရ်ကိုဘန်

မှီငြိမ်းကိုးကားသည့် စာအုပ်များ၊ စာစောင်များ

၁။ ဦးထွန်းမြင့်(တောင်ကြီး) – ရှမ်းပြည်ဘယ်လဲ၊ တွဲရေး၊ ခွဲရေးပြဿနာ၊ ရှမ်းပြည်နစ်နာချက်များ၊ ပြည်ထောင်စုတွင်းမှ ရှမ်းပြည်၊ ရှမ်းပြည်နှင့် ပြည်ထောင်စုနောင်ရေး

၂။ ဦးရွှေအုံး – တတိယပြည်ထောင်စုမြန်မာနိုင်ငံတော်သို့

၃။ ဦးဖေခင် – ကိုယ့်တွေ့ပင်လုံ

၄။ ရှမ်းပြည်နယ်မှ တင်သွင်းသော ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးစာတမ်း

၅။ ဖဆပလ အဖွဲ့ချုပ် ပဏာမပြင်ဆင်ရေးညီလာခံမှတ်တမ်း

၆။ ကရင်နီပြည်၏ သီးခြားလွတ်လပ်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်ခွင့်

၇။ ဦးကျော်ဝင်း၊ ဦးမြဟန်၊ ဦးသိန်းလှိုင် တို့က ပြုစုထားသော – တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ ခုနှစ် အခြေခံဥပဒေ ပထမတွဲ၊ ဒုတိယတွဲ

၈။ ၁၉၄၇ ခုနှစ်၊ ၁၉၇၄ ခုနှစ်၊ ၂၀၀၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေများ

၉။ ဒူဝါကြီး ဆမားဆင်ဝါးနောင် အတ္ထုပ္ပတ္တိ

၁၀။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ

၁၁။ ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလထုတ်၊ အရုဏ်ဦးဂျာနယ်

၁၂။ ၁၉၆၂ ခုနှစ်၊ ပြည်လမ်းအသံလွှင့်ရုံးခန်းမတွင် ကျင်းပပြုလုပ်သော မြန်မာပြည်ရှိ တိုင်းရင်းသားလူမျိုးများ ပြည်ထောင်စုနှင့် ပတ်သက်သော နှီးနှောဖလှယ်ပွဲကြီးမှတ်တမ်း

၁၃။ ရှမ်းပြည်မှ တင်သွင်းသော ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးစာတမ်း (သို့မဟုတ်) ဖက်ဒရယ်ပြည်ထောင်စုမူ

၁၄။ ၁၀၄၇ ခုနှစ်၊ ဇွန်လ (၁၆)ရက်နေ့၊ ပထမအကြိမ်၊ တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံ ဆုံးဖြတ်ချက် မှတ်တမ်း

၁၅။ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကော်မတီ (NCUB) ၏ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (ဒုတိယမူကြမ်း)

၁၆။ တိုင်းရင်းသားလူမျိုးများ ၁၉၆၀ ခုနှစ်၊ တောင်ကြီးမြို့တွင် ပြင်ဆင်ဖွဲ့စည်းရေး ညီလာခံမှတ်တမ်း

၁၇။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံနှင့် ဆက်စပ်သည့် စာအုပ်စာတမ်းများ

၁၈။ ၁၉၄၇ ခုနှစ်၊ ပင်လုံစာချုပ်နှင့် ပတ်သက်သော စာအုပ်များ၊ စာတမ်းများ

၁၉။ Government of Burma Act – 1935

စာရေးသူ၏ ကိုယ်ရေးအကျဉ်း

  • ၁၉၄၆ ခုနှစ်၊ ကရင်နီပြည်၊ မိုးဗြဲနယ်၊ လွယ်ယင်ရွာတွင် မေးဖွားခဲ့သည်။
  • ၁၉၄၆ ခုနှစ်၊ အထက်တန်းပညာအောင်မြင်ခဲ့သည်။
  • ကယန်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုလုပ်ဆောင်ခြင်းကြောင့် (မဆလ) လက်ထက် စစ်ထောက်လှမ်း ရေး ၏ ဖမ်းဆီးအကျဉ်းချခြင်း (၃)ကြိမ်ခံခဲ့ရသည်။
  • ၁၉၇၂ ခုနှစ် မှ ၁၉၈၁ ခုနှစ်အထိ မြို့နယ်အုပ်ချုပ်ရေးလုပ်ငန်းတွင် ပါဝင်ခဲ့သည်။
  • ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကာလတွင် ဖယ်ခုံမြို့နယ်နှင့် ကရင်နီပြည်နယ်တွင် တက်ကြွစွာ လှဒပ်ရှားပါဝင်ခဲ့သည်။
  • ၁၉၈၈ ခုနှစ်၊ ပါတီစုံဒီမိုကရေစီကာလတွင် ကယန်းအမျိုးသားစည်းလုံးညီညွတ်ရေး ဒီမိုကရေစီအဖွဲ့ (D.O.K.N.U) ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူသည်။
  • ၁၉၉၀ ခုနှစ်၊ ပါတီစုံရွေးကောက်ပွဲတွင် ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ် ခြင်းခံရသည်။
  • ၁၉၉၃ ခုနှစ်၊ နဝတ/နအဖ ကျင်းပပြုလုပ်သော အတုအယောင်အမျိုးသားညီလာခံသို့ ရွေးကောက် တင်မြှောင်းခြင်းခံရသော အစုအဖွဲ့အနေဖြင့် ပါဝင်တက်ရောက်ခဲ့ပြီး နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်ဆို သည့် အချက်နှင့် ပတ်သက်၍ လုံးဝလက်မခံနိုင်သဖြင့် ညီလာခံမှ ပထမ ဦးစွာ ထွက်ခွာလာသူဖြစ်သည်။
  • ၁၉၉၃ ခုနှစ်၊ ဧပြီလ (၅)ရက်နေ့၊ ကေအန်ယူဌာနချုပ် မာနယ်ပလောတွင် ညီလာခံကိုယ်စားလှယ် တစ်ဦးအနေဖြင့် နဝတ ကျင်းပပြုလုပ်သော ညီလာခံသည် အတုအယောင်ဖြစ်ကြောင်းကို လုပ်ထုံး လုပ်နည်း ဥပဒေ၊ နည်းဥပဒေစာအုပ် အထောက်အာထားများဖြင့် သက်သေခံပြီး သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့သည်။
  • ၁၉၉၃ ခုနှစ်၊ မေလတွင် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) အကြံပေးအဖွဲ့ဝင်အဖြစ် စတင်ပါဝင်လာပြီး အထွေထွေအတွင်းရေးမှူးအဖွဲ့ဝင်လည်းကောင်း၊ သဘာပတိ အဖွဲ့တွင်လည်းကောင်း၊ ယနေ့အထိ တာဝန်ထမ်းဆောင်နေဆဲဖြစ်သည်။
  • ၁၉၉၅ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့မှ စ၍ ယနေ့အထိ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရ (NCGUB)တွင် ဖက်ဒရယ်ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတည်ဆောက်ရာတွင် လိုအပ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ပြင်ဆင်ရေးဆွဲရေး ကော်မတီတွင်လည်းကောင်း၊ အနာဂတ် ပြည်နယ် များ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးလုပ်ငန်း၌ ဦးဆောင်ကြီးကြပ်ရေး ကော်မတီတွင် ပါဝင်လုပ်ဆောင်နေသည်။

 

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ဖက်ဒရယ်လမ်းညွန် အခြေခံမူများ စာစောင်ထဲမှ စာရေးသူများ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်တင်ဆက်သည်။