• Today is: Thursday, March 28, 2024

စစ်ကောင်စီက သတ်ဖြတ်သွားသည့် ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်က ညီအစ်ကိုနှစ်ဦး ကျွင်းကျန်ရုပ်ကလပ်တို့ကို ပြန်လည်ဆယ်ယူ

ဓါတ်ပုံ – Karenni Free Burma Ranger (ထုတ်ပြန်ချက်)

ဖက်ဒရယ်ဂျာနယ်၊ ဇူလိုင် ၂၃

မိသားစုတို့၏ တောင်းဆိုမှုကြောင့် စစ်ကောင်စီက သတ်ဖြတ်သွားသည့် ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်က ညီအစ်ကိုနှစ်ဦး၏ ကျွင်းကျန် ရုပ်ကလပ်တို့ကို Karenni Free Burma Ranger နှင့် ဒေသခံ ကာကွယ် ရေးတပ် KNDF တပ် ရင်း ၉ တို့ပူးပေါင်းပြီး ယနေ့ ပြန်လည်ဆယ်ယူ ပေးခဲ့ကြောင်း သိရပါတယ်။

“၅ လအကြာမှ ဖမ်းဆီးခံရပြီး ရက်ရက်စက်စက်အသတ်ခံခဲ့ရတဲ့ ညီအစ်ကို ၂ ယောက်ရဲ့ မိသားစုနဲ့ ပြန်တွေ့တော့ ရေတွင်းထဲကျန်ရှိနေသေးတဲ့ အရိုးတွေ ကိုပြန်ဆယ်ယူဖို့ အကူအညီ တောင်းလာလို့ ဒေသခံကာကွယ်ရေး တပ် KNDF တပ်ရင်း ၉ ရဲ့အကူအညီနဲ့ ရေစုပ်ထုတ်ပြီး ကျန်အရိုးစုဖြစ်တဲ့ ခေါင်းခွံ ၂ လုံးကို ဆယ်ယူရရှိခဲ့တယ်” ဟု Karenni Free Burma Ranger ဘက်က ထုတ်ပြန်ထားပါတယ်။

အဲဒီ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်ဖြစ်တုန်းက ၎င်းတို့ မိသားစုနဲ့ ရွာသူရွာသား တွေက သတ်ဖြတ်ခံရသူများ ပျောက်လို့ အဲ့ဒေသမှာရှိနေတဲ့ ကာကွယ်ရေး တပ်တွေနဲ့ ပြန်လိုက်ရှာရာ ၃ ပတ်အကြာမှ ပြန်တွေ့ခဲ့ကြပါတယ်။

သို့သော် အဲဒီအချိန်က တိုက်ပွဲတွေပြင်းထန်နေတဲ့ အခြေအနေ ဖြစ်နေ သာကြောင့် ရေတွင်းနက်ထဲ စွန့်ပစ်ခံခဲ့ရသည့် အလောင်းတွေကို ကာကွယ် ရေးတပ်ဘက်က ကြိုးစားပြန်ဆယ်ယူပေမဲ့ အဝတ်အစားနဲ့ အရိုးအချို့သာ ဆယ်ယူရရှိပြီး ကောင်းမွန်စွာမြေမြှုပ်သဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

အခုတော့ သေဆုံးသွားသူတို့၏ မိသားစုဘက်က တောင်းဆိုမှုတို့ကြောင့် အဲဒီကျွင်းကျန်ရုပ်ကလပ် တွေကို ပြန်လည် ရေတွင်းနက်ထဲက ပြန်လည် ဆယ်ယူပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

“ရေတွင်းကအနက်ကြီး၊ အပေါက်ကျဥ်းကျဥ်းလေး၊ အပုတ်နံ့တွေနဲ့ ဒါကို Free Burma Ranger တည်ထောင်သူ ဒါရိုက်တာဆရာကြီး Dave Eubank က ကိုယ်တိုင်ဆင်းပြီး အရုပ်စုတွေ ဆယ်ယူပေးခဲ့တယ်”လို့ Karenni Free Burma Ranger က ဆိုပါတယ်။

“ကျနော်ကိုယ်တိုင်ဆင်းမယ်ဆိုပြီး လိုအပ်တာတွေပြင်ဆင် ဆုတောင်း ဆင်းဆယ်ယူပြီး ကျေးဇူးတော်ချီးမွမ်းပြီးမှ မိသားစုထံပြန်အပ်တယ်၊ သူတို့ရဲ့ဝိညဥ်ဟာ ဘုရားသခင်ရဲ့ရင်ခွင်တော်မှာ ငြိမ်းချမ်းစွာအနားယူပြီ” ဟု Karenni Free Burma Ranger ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင် ရွာသား ၄ ယောက် ဆန်စပါးနှင့် ဟင်းသီး ဟင်းရွက်များ ပြန်လာယူရန် ရွာထဲပြန်ရောက်ချိန် စစ်ကောင်စီတပ်နဲ့တွေ့လို့ သူတို့ ၄ ဦး ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံခဲ့ရပါတယ်။

အဲဒီ သတ်ဖြတ်ခံရသည့် ၄ လေးအနက် ၂ ဦးကိုတော့ အိမ်သာကျင်းထဲ အလောင်းကို စွန့်ပစ်ပေးထားပြီး ကျန် ညီအစ်ကို ၂ ဦးကိုတော့ ပေ ၄၀ အနက်ရှိတဲ့ရေတွင်းထဲ ပစ်ချလိုက်ကြသာ ဖြစ်ပါတယ်တယ်။

အဲဒီရေတွင်းနက်ထဲပစ်ချခံတဲ့ ညီအစ်ကို ၂ ဦးရဲ့ ကျွင်းကန်ရုပ်ကလပ် ဦးခေါင်းတွေကို ကူညီ ကယ်ဆယ်ရေးအဖွဲ့တွေက ယနေ့ ဆယ်ယူပေးခဲ့ကြသာဖြစ်ပါတယ်။