• Today is: Monday, August 8, 2022

ဘာကြောင့် ဖက်ဒရယ်လိုအပ်သလဲ(၂)

ဘာကြောင့် ဖက်ဒရယ်လိုအပ်သလဲ

ဆလိုင်းကျဲအိုဘိခ်ထောင်

ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-Determination)ကို တချို့က အတူတူဟု မှတ်ထင်ကြသည်။ ယင်းစကားလုံးနှစ်ခုသည် အသွင်သဏ္ဍာန်နှင့်အနှစ်သာရအားဖြင့် ဆင်တူမှုရှိသောလည်း တစ်ထပ်တည်းကျသည်တော့ မဟုတ်ပေ။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် လူမျိုးတစ်မျိုးအတွက် အန္တိမပန်းတိုင် ဆိုပါက ဖက်ဒရယ်စနစ်သည် ၎င်းပန်းတိုင်သို့ပို့ဆောင်ပေးသည့် ယန္တရားတစ်ခုဖြစ်သည်ဟု ဆိုရမည်။ ထို့ကြောင့် ပင်လုံစာချုပ် (အထူးသဖြင့် အပိုဒ်- ၅)သည်ပင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဖော်ညွှန်းထားခြင်း ဖြစ်ပြီး ဖက်ုရယ်စနစ် သက်သက်မဟုတ်ပေ။ ဆိုလိုသည်မှာ လူမျိုးတစ်မျိုး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဖက်ဒရယ်စနစ်သည် တစ်ခုတည်းသောလမ်းကြောင်းမဟုတ်ပါ။ တချို့လူမျိုးများ သည် နိုင်ငံတစ်နိုင်ငံအတွင်း ပြည်နယ်တစ်ခု အောက်မှာ ဖက်ဒရယ်စနစ်ဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် Internal Self-Determination ကျင့်သုံးရာတွင် ကိုယ့်အမျိုးသားအကျိုးစီးပွားကို အပြည့်အဝ အကာအကွယ် ပေးနိုင်ခြင်းမရှိဟု အားမလို၊ အားမရဖြစ်ရာကနေ သီးခြားလွတ်လပ်သည့် နိုင်ငံတော်တည်ထောင်ခြင်းဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းသည့် External Self-Determination လမ်းကြောင်းကို ရွေးချယ်ကြသည်လည်း ရှိပါသည်။ ၁၉၉၀ ခုနှစ် နောက်ပိုင်းတွင် ကမ္ဘာမှာ နိုင်ငံသစ် (၃၄) နိုင်ငံပေါ်ပေါက်သည်။

ဤသို့ပြောခြင်းအားဖြင့် ဖက်ဒရယ်စနစ် မကောင်းဘူးဟု ပြောဆိုခြင်းမဟုတ်ပေ။ တိုင်းရင်းသားများက ဖက်ဒရယ်စနစ်အဆိုပြုနေခြင်းသည် အလွန်အကျွံတောင်းဆိုခြင်းမဟုတ်ဘဲ လူမျိုးများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ထဲက အနိမ့်ဆုံးနည်းလမ်းသက်သက်ဖြစ်ကြောင်းနှင့် ၎င်းကိုပင် ဗမာနိုင်ငံရေးခေါင်ဆောင်များ ဦးဆောင်သည့် အစိုးရအဆက်ဆက်က နှစ်ပေါင်း(၇၀)ကျော် ထိန်းချုပ်နေခြင်းသည်သာ အလွန်အကျွံဖြစ်ကြောင်း ထောက်ပြ လိုခြင်းဖြစ်သည်။ ဖက်ဒရယ်စနစ်ကိုပင် လက်မခံဘဲ ဆက်လက်တင်းခံနေပါက တိုင်းရင်းသားများအနေဖြင့် ဖက်ုရယ်စနစ်မဟုတ်သော အများလမ်းကြောင်းကို မဖြစ်မနေရွေးချယ်လာစေရန် အတင်းတွန်းပို့သကဲ့သို့ ဖြစ်သွားမှာကိုလည်း သတိချပ်စေလိုသောကြောင့် ဖြစ်ပါသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် သမိုင်းကြောင်း

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Right to Self-Determination)သည် (၁၇-၁၈)ရာစုကြား ဥရောပတစ်ခွင် ဉာဏ်အလင်းပွင့်ကာလ (Enlightenment Period) အမျိုးသားနိုင်ငံတည်ဆောက်ရေး နိုးကြားမှုမှစ၍ အမြစ်တွယ်သည်ဟု ဆိုကြသည်။ ခေတ်သစ်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် သမိုင်းကိုမူ အမေရိကန်နိုင်ငံ၏ လွတ်လပ် ရေး ကြေညာစာတမ်း (၁၇၇၆ ခုနှစ်)မှ အစပျိုးလာသည်ဟု ဆိုကြသည်။ ထို့နောက် အမေရိကန်သမ္မတ ဝူဒ်ရိုးဝိလ်ဆင်က သူ၏ မိန်းခွန်း (၁၉၈၁ ခုနှစ်)မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အတိအလင်းထည့်သွင်းပြောရာမှ ကမ္ဘာ့နိုင်ငံရေးမျက်နှာစာတွင် တွင်တွင်ကျယ်ကျယ်ကျင့်သုံးလာကြသည်။ ထို့နောက် အမေရိကန် သမ္မတ ရုစဗဲလ့်နှင့် ဗြိတိန်ဝန်ကြီးချုပ် ချာချီလ် တို့က ၁၉၄၁ ခုနှစ်တွင် ပူးတွဲကြောညာခဲ့သည့် အတ္တလန္တိတ်ချာတာ၏ အပိုဒ် (၃)မှာ  ဖော်ပြထားသည့် “လူမျိုးတိုင်းကိုယ်ပိုင်အချုပ်အခြာအာဏာအခွင့်အရေးနှင့် အစိုးရဖွဲ့စည်းခွင့် (sovereign rights and self-government)” အချက်ကို ကျော်ရိုးပြုလျက် ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် ပေါ်ပေါက်လာသော ကမ္ဘာ့ကုလ သမဂ္ဂက UNO Charter မှာသော်လည်းကောင်း၊ ICCPR, ICESCR နှင့် UNDRIP စသည်တို့တွင်လည်းကောင်း အသီးသီးထည့်သွင်းပြဋ္ဌာန်းထားသည့်အတွက် လူမျိုးနှင့် တိုင်းပြည်များ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် (the right of peoples and nations to selt-determination)သည် နိုင်ငံတကာဥပဒေအရ ယနေ့အထိ အသက်ဝင်လျက်ရှိပါသည်။

ဤနေရာတွင် အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် မည်သည့်အဆင့်အထိ လွှမ်းခြုံမှုရှိသည်ဆိုသည့် အချက်နှင့် ပတ်သက်၍ နိုင်ငံတကာတွင် အားလုံးလက်ခံသည့်  အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်တော့ မရှိနိုင်သေးပေ။ တချို့က နိုင်ငံအတွင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Internal Self-Determination)ကို ဆိုလိုသည်ဟု အဓိပ္ပာယ် ဖွင့်ဆိုကြ ပြီး သီးခြားလွတ်လပ်သည့် နိုင်ငံတော်တည်ထောင်ခွင့်ဆိုသည့်အချက်သ် ကိုလိုနီနယ်ချဲ့အုပ်ချုပ်မှုမှ လွတ်လပ်ရေး ရယူခြင်း (Decolonization)နှင့်သာ သက်ဆိုင်သည်ဟု ယူဆကြသည်။ သို့သော် နိုင်ငံတကာ လက်တွေ့နိုင်ငံရေး မျက်နှာစာတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် ကိုလိုနီအုပ်ချုပ်မှုမှ လွတ်လပ်ရေးရယူခြင်း (Decolonization) သက်သက်ထက်ကျော်လွန်ပြီး လိုအပ်ပါက သီးခြားလွတ်လပ်သည့်နိုင်ငံတော် တည်ထောင်ခွင့် (သို့) ခွဲထွက်ခွင့် (External Self-Determination)အထိ အကျုံးဝင်သည်ဟု အများက လက်ခံကြသည်။ သာဓက အားဖြင့် တောင်ဆူဒန်နိုင်ငံနှင့် ကိုဆိုဗိုနိုင်ငံတည်ထောင်မှုကို ကမ္ဘာ့နိုင်ငံအများစုက အသိအမှတ်ပြုပြီး တိဗက်၊ စကော့တလန်၊ ကောစ့်နှင့် ကက်တလိုနီးယားလူမျိုးတို့၏ ခွဲထွက်ခွင့်လှုပ်ရှားမှုကို ကမ္ဘာ့နိုင်ငံတော်တော်များများက နားလည်လက်ခံပေးကြသည်။

ခြုံပြောရလျှင် ကျွန်တော်တို့ တိုင်းရင်းသားများ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် Internal Self-Determination ခေါ် နိုင်ငံတစ်ခု၏ သီးခြားအုပ်ချုပ်ရေးအပိုင်းအခြား (Constituent Unit) တစ်ခုအောက်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး သက်သက်မဟုတ်ဘဲ လိုပါက External Self-Determination ခေါ် သီးခြားလွတ်လပ် သည့် နိုင်ငံတော်တည်ထောင်ခွင့်ကိုပင် လွှမ်းခြုံထားပါသည်။ တစ်နည်းအားဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် ကျွန်တော်တို့ လူမျိုးတိုင်း၏ မူလသဘာဝ အခွင့်အရေး (Natural Rights) ဖြစ်သည့်အပြင် ပင်လုံစာချုပ်နှင့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရသော်လည်းကောင်း၊ နိုင်ငံတကာ ဥပဒေအရသော်လည်းကောင်း အပြည့်အဝပေးထားသည့်အတွက် External ဖြစ်စေ၊ Internal ဖြစ်စေ၊ (၂)မျိုးစလုံးကို ရွေးချယ်ပိုင်ခွင့်ရှိပါသည်။ ထို့ကြောင့် ၁၉၁၅ ခုနှစ်မှာ ခွဲထွက်ရေးလှုပ်ရှားမှု ကမ္ဘာပေါ်တွင် (၈)အုပ်စုသာ ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် (၅၉)အုပ်စုအထိ မြင့်တက်လာပါသည်။

မြန်မာ့သမိုင်းထဲမှ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့်ပတ်သက်၍ ပင်လုံစာချုပ်အပိုဒ် (၅)မှာ “နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်/ပြဋ္ဌာန်းခွင့် အပြည့်အဝ (Full autonomy in internal administration)ရှိစေရမည်”ဟု ဖော်ပြ ထားပါသည်။ ပင်လုံစာချုပ်တွင် ပါရှိသည့် (၉)ချက်တည်းကိုသာကြည့်ပြီး တချို့က “Internal (ပြည်/ပြည်တွင်း)” ဆိုသည့် စကားလုံးပါရှိသည့်အတွက် External Self-Determination ခေါ် ခွဲထွက်ခွင့်အထိ ကျယ်ပြန့်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မပါရှိဟု မေးခွန်းထုတ်နိုင်သည်။ အမှန်မှာ ထိုအပိုဒ်၏ ထမစာကြောင်းတွင် “တိုင်းရင်းသားများ ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေး”ဟု ဗမာပြည်မနှင့် မပူးပေါင်းခင်အနေအထားကို ဖော်ပြထားသည့် အတွက် ၎င်းသည် အတူနေထိုင်ရေး (coming together of federating process) ဆွေးနွေးမှုဖြစ်သည်ကို ရည်ညွှန်းပြီးဖြစ်သည်။ ထို့ကြောင့် “External Self-Determination” ကိစ္စကို အထူးတလည်ဖော်ပြရန် အလိုအပ်ခြင်း ဖြစ်ပါသည်။

ထို့ပြင် အဆိုပါ ပင်လုံညီလာခံအကြို ဆွေးနွေးမှုတွင် ရှမ်း၊ ကချင်အဖွဲ့မှ ဖေဖော်ဝါရီလ (၆)ရက်နေ့ သဘောတူ ဆုံးဖြတ်ချမှတ်မှုအပေါ် နောက်ကျမှရောက်လာသော ချင်း အဖွဲ့နှင့် ဖေဖော်ဝါရီလ (၇)ရက်နေ့မှာ ထပ်လောင်း သဘောတူထားသော (၅)ချက်မြောက်ဆုံးဖြတ်ချက်တွင် “လွတ်လပ်ရေးရပြီးနောက် ဗမာပြည်ထောင်စုမှ ကျွန်ုပ်တို့ သဘောကျသည့်အချိန်တွင် ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိစေမည်”ဟု အတိအလင်း ပါရှိပါသည်။ ယင်းသည် ကိုယ်ပိုင်ပြဋ္ဌာန်းထြမှ External Self-Determination အား အမြင့်ဆုံးပိုင်ဆိုင်ထားမှုကို ပြသခြင်းဖြစ်သည်။ ထိုအချက်ကို ဗိုလ်ချုပ်အောင်ဆန်းက ဖေဖော်ဝါရီ (၁၀)ရက်နေ့ ပင်လုံညီလာခံ၌ သူ့မိန့်ခွန်းမှ တုန့်ပြန်ရာတွင် “မူ” အားဖြင့် လက်ခံကြောင်း၊ တိုင်းပြုပြည်ပြု လွှတ်တော်တွင် တင်သွင်း၍ ဆုံးဖြတ်ရမည်ဖြစ် ကြောင်း ပြောကြားခဲ့ရာ လက်တွေ့တွင်လည်း ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ (၁၀)၌ “ပြည်နယ်များ (၁၀)နှစ်ကျော်လျှင် ခွဲထွက်လိုက ခွဲထွက်ခွင့်” ပေးထားပါသည်။

ထို့ကြေင့် ပင်လုံစာချုပ်နှင့် ပင်လုံကတိကဝတ်တွင် တိုင်းရင်းသားများကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝ ပေးထားသည်ဆိုသည့် အချက်နှင့် ၎င်းကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည်ပင် Internal (နယ်တွင်း) ပြဋ္ဌာန်းခွင့် သက်သက်မဟုတ်ဘဲ External ခေါ် သီးခြားတိုင်းပြည်တည်ထောင်ခွင့်အထိ မူလအခွင့်အရေးဖြစ်သည် ဆိုသည့်အချက်ကို မည်သို့မျှငြင်းဆိုခွင့်မရှိပေ။ တစ်နည်းအားဖြင့် ပင်လုံစာချုပ်နှင့် ပင်လုံကတိကဝတ်သည် တိုင်းရင်းသားများ ဖက်ဒရယ်ရရှိရေး ညှိနှိုင်းမှုသက်သက်မဟုတ်ကြောင်း သတိချပ်ဖို့ဖြစ်ပါသည်။ ပင်လုံစာချုပ်၏ အနှစ်သာရသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရရှိမှုဖြစ်ပြီး ဖက်ဒရယ်ကျင့်သုံးရေးသက်သက် သဘောတူကတိ ပြုခဲ့ခြင်း မဟုတ်ကြောင်း သတိချပ်ဖို့ဖြစ်ပါသည်။

အဘယ့်ကြောင့် တိုင်းရင်းသားများ ဖက်ဒရယ်စနစ်ရွေးချယ်သနည်း

တိုင်းရင်းသားများအနေဖြင့် အင်္ဂလိပ်နယ်ချဲ့ လက်အောက်မှ လွတ်မြောက်ပြီးနောက် ကိုယ့်အမျိုးသား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အကောင်အထည်ဖော်ဆောင်ရာတွင် ဖက်ဒရယ်စနစ်မဟုတ်သည့် အခြားနည်းလမ်းများကို ရွေးချယ်ခွင့် (အနည်းဆုံး အိပ်မက်မက်ခွင့်)ရှိခဲ့ပါသည်။ အထက်တွင် ဖော်ပြထားသည့်အတိုင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုရာတွင် အမြင့်ဆုံးဖြစ်သည့် သီးခြားလွတ်လပ်သည့် နိုင်ငံတစ်ရပ်တည်ထောင်ခွင့်ရှိခဲ့လင့်ကစား ရွေးချယ်ခြင်း မပြုခဲ့ပေ။ ဒုတိယအမြင့်ဆုံးဖြစ်သည့် ကွန်ဖက်ဒရေးရှင်း (Confederation) စနစ်ကိုပင် ရွေးချယ်ခဲ့ခြင်း မပြုခဲ့ ကြပေး။ ၎င်းတို့အစား ဗမာပြည်မနှင့် ပူးပေါင်းသည့် ဖက်ဒရယ်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လမ်းကြောင်းကို လျှောက်လှမ်း ခဲ့ကြခြင်းဖြစ်ပါသည်။

တောင်တန်းဒေသသားများက ဗမာပြည်မနှင့် ပေါင်းစည်းရန် အဘယ်ကြေင့် ဆုံးဖြတ်သည်ဆိုသည်မှာ ပင်လုံစာချုပ် နိဒါန်းမှာ အတိအလင်းဖော်ပြထားပါသည်။ “…ပူးပေါင်းခြင်းအားဖြင့်… လွတ်လပ်ရေးကို ပိုမို၍ လျှင်မြန်စွာရရှိလိမ့်မည်ဟု ယုံကြည်ကြသည်နှင့်အညီ… အောက်ပါအတိုင်း သဘောတူညီကြလေသည်”ဟူ၍ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းက တစ်နှစ်အတွင်း လွတ်လပ်ရေးရရှိမည်ဟု ဗမာပြည်မတွင် ကြုံးဝါးလှုပ်ရှားပြီး အင်္ဂလိပ်ဝန်ကြီးချုပ် အက်တလီနှင့် စာချုပ်ချုပ်ဆိုပြီးဖြစ်သည့်အတွက် ကျွန်ဘဝမှ အမြန်ဆုံးလွတ်မြောက်ရေး အတွက် သူတို့နှင့် ပေါင်းစည်းသည့်နည်းလမ်းသည် အကောင်းဆုံးဟု ယူဆခဲ့သည့်အတွက် ဖြစ်ပါသည်။ ပြည်မ နိုင်ငံရေးခေါင်းဆောင်တချို့က ခြိမ်းခြောက်ခဲ့မှုလည်း ရှိပါသည်။ အင်္ဂလိပ်လက်အောက်ကတည်းက ဗမာပြည်မ (Burma Proper / Ministerial Burma)မှာ ပေါင်းပြီး အုပ်ချုပ်ထားသည့် ရခိုင်၊ မွန်နှင့် ကရင်တို့အတွက်မူ ကိုယ်ပိုင်ရွေးချယ်ရန် ခက်ခဲနေခဲ့မှု (သို့) အခြားအကြောင်းအရာတချို့လည်း ရှိကောင်းရှိနိုင်ပါသည်။

မည်သို့ပြင်ဖြစ်စေကာမူ ပင်လုံညှိနှိုင်းမှုနှင့်အတူ တောင်တန်းဒေသ စုံစမ်းစစ်ဆေးရေးကော်မတီ (Committee 1947) သို့ တိုင်းရင်းသားများအသီးသီးက ထွက်ဆိုချက်ပေးကြရာတွင် အားလုံးနီးပါးက ဗမာပြည်မ နှင့် အတူတတူနေထိုင်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ယန္တရား အခြေခံအုပ်ချုပ်ရေးစနစ်ကို လိုလား ရွေးချယ်ကြသည်ကို လေ့လားတွေ့ရှိပါသည်။ အထူးသဖြင့် ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသားများသည် ၁၉၆၂ ခုနှစ် တပ်မတော်အာဏာသိမ်းခဲ့သည်အထိ ဖက်ဒရယ်စနစ်ကို ယုံယုံကြည်ကြည် ရွေးချယ်ခဲ့ပြီး ၁၉၄၇ ခုနှစ်မှ စသည့် ‘တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့’ လှုပ်ရှားမှုမှ ၁၉၆၂ ခုနှစ်မှာ အဆုံးသတ်ခဲ့သည့် ‘ပြည်နယ်များညီညွတ်ရေးအဖွဲ့’ လှုပ်ရှားမှု ဆယ်စုနှစ် တစ်ခုကျော်သည်အထိ ဖက်ဒရယ် စနစ်အတွက် တစိုက်မတ်မတ် ဦးဆောင်လှုပ်ရှားခဲ့ခြင်းဖြစ်ပါသည်ဂ ဥပဒေပညာရှင် ဦးချန်ထွန်း အကူအညီဖြင့် တိုင်းပြုပြည်ပြုမှ ရေးဆွဲခဲ့သည့် ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေက တိုင်းရင်းသားများလိုလားခဲ့သည့် ဖက်ဒရယ်အသွင်မဆောင်ခဲ့သည်အပြင် စောစောစီးစီး တပ်မတော်မှ အာဏာသိမ်းခဲ့မှုအတွက်သာလျှင် ဖြစ်ခဲ့ပါသည်။

တိုင်းရင်းသားများ ဖက်ဒရယ်စနစ် စိတ်ကုန်သွားမိပါက အန္တရာယ်ပိုကြီးနိုင်

နှစ်ပေါင်း (၇၀)ကျော် တိုင်းရင်းသားအများစု အဆိုပြုချက်သည် ဖက်ဒရယ်ဖြစ်ပါသည်။ ကွန်ဖက်ဒရေးရှင်း မဟုတ်၊ သီးခြားလွတ်လပ်ခွင့်မဟုတ်ပေ။ သမိုင်းတစ်လျှောက်မှာ တိုင်းရင်းသားတချို့က ခွဲထွက်ခွင့်အတွက် လှုပ်ရှားမှု မရှိခဲ့ခြင်းမဟုတ်၊ ရှိခဲ့ပါသည်။ သို့သော် အများစုက တောင်းဆိုခဲ့ခြင်း မဟုတ်ပေ။ အထူးသဖြင့် ၁၉၇၅ ခုနှစ် National Democratic Fronts (NDF) တပ်ပေါင်းစုဖွဲ့စည်းပြီးနောက်ပိုင်းတွင် ခွဲထွက်ခွင့်မူအစား ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကိုသာ တိုင်းရင်းသားအဖွဲ့အစည်းများ အားလုံးနီးပါးက အရေးဆိုလာကြ ပြီဖြစ်ပါသည်။

သို့သော် ဗမာဦးဆောင်သည့် အစိုးရအဆက်ဆက်က ယနေ့အထိ တိုင်းရင်းသားများ လိုလားသော ဖက်ဒရယ်စနစ်ကို လက်ခံရန် တွန့်ဆုတ်နေတုန်းဖြစ်သည်ကို ဝမ်းနည်းစွာ တွေ့မြင်ခဲ့ရပါသည်။ တစ်ပြည်ထောင်စနစ် (Unitary System) ပုံစံကိုသာ အလွန်နှစ်သက် သဘောကျခဲ့ကြပါသည်။ နှိုင်းယှဉ်ချက် အားဖြင့် ဖော်ပြရလျှင် တိုင်းရင်းသားများနှင့် အနီးစပ်ဆုံးဟု ယူဆရသည့် ဒေါ်အောင်ဆန်းစုကြည် (NLD)၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအဆိုပြုချက် (၁၁၄)ချက်၊ ပါတီရွေးကောက်ပွဲ‌ ကြေညာစာတမ်းထဲက ဖက်ဒရယ်နှင့် တိုင်းရင်းသားအရေးဆိုင်ရာ မူဝါဒများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံမှာ တင်ပြခဲ့သည့် အချက်များသည် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (၁၂)ခုက ၂၀၁၉ ခုနှစ်မှာ ချမှတ်ခဲ့သော ဖက်ဒရယ်မူ (၂၄)ချက်နှင့် မူဝါဒသဘောထား နီးစပ်မှု လုံးဝမရှိခဲ့ပေ။

ပြည်တွင်းစစ်ကြီးက နှစ်ပေါင်း (၇၀)ကျော်နေပြီ။ တိုင်းရင်းသားဒေသမှာ သယံဇာတ နည်းပါးလာကာ ကုန်လုနီပါးဖြစ်နေပြီ။ တိုင်းရင်းသားဒေသမှာ လူငယ်မျိုးဆက်သစ်များ ပညာရေးနောက်ကျကုန်ပြီ။ မူးယစ်ဆေးဝါး၊ ဒုက္ခသည်နှင့် ရှေ့တန်းတိုက်ပွဲမှာ တိုင်းရင်းသားမျိုးဆက်သစ်များ နစ်မျောကုန်ကြပြီ။ ဤပုံစံ အတိုင်း ဖက်ဒရယ်အတွက် တိုင်းရင်းသားများ နောက်ထပ် မျိုးဆက်ဘယ်နှစ်ဆက်အထိ ခရီးဦးမည်နည်း။

ဤကဲ့သို့ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အနိမ့်ဆုံးနည်းလမ်းသွယ်ဖြစ်သည့် ဖက်ဒရယ် စနစ်ကိုပင် လက်ခံသဘောတူပေးနိုင်ခြင်းမရှိပါက တိုင်းရင်းသားများအတွက် အလျှော့ပေးလက်ခံနိုင်မည်လား၊ (သို့) ဖက်ုရယ်အတွက်ကို ဆက်လက်တိုက်ပွဲဝင်နေကြဦးမလား။ သို့တည်းမဟုတ် အခြားနည်းလမ်းကိုများ ရွေးချယ်လေမိမလား။ မိမိယူဆချက်ကို တင်ပြရလျှင် ဗမာပြည်မ နိုင်ငံရေးခေါင်းဆောင်များက ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် အချိန်ဆွဲပါက နောက်ထပ် ဆယ်စုနှစ် အနည်းငယ်အတွင်း တိုင်းရင်းသားများ မျိုးဆက်သစ်များအနေဖြင့် ဖက်ဒရယ်အိမ်မက်ကို လက်လျှော့သွားပြီး သေမထူး၊ ရှင်မထူး (Do or Die) နာကြည်း မှုဖြင့် ဖက်ဒရယ်ထက် မြင့်မားသည့်လမ်းကြောင်းကို ရွေးချယ်သွားနိုင်ပါသည်။

အကြောင်းမှာ ညှိနှိုင်းလို့မရည့်အတူတူ လက်တွေ့ကျသည်၊ မကျသည်ကို ဘေးဖယ်ထားလိုက်လျှင် ကွန်ဖက်ဒရေးရှင်း (သို့) သီးခြားနိုင်ငံတော် တည်ထောင်ရေးလမ်းကြောင်းသည် တိုင်းရင်းသားများအတွက် ပိုမိုမြင့်မားသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အိပ်မက်ဖြစ်လာနိုင်သည့်အတွက် ဖြစ်ပါသည်။ ၎င်းသည် ကိုယ်ပိုင် အခွင့်အရေး ဖြစ်သည့်အပြင် ပြည်မနှင့်ညှိနှိုင်းရန်ပင် မလိုအပ်သည့် လမ်းကြောင်းဖြစ်သည့်အတွက်လည်း ဖြစ်ပါ သည်။ ၁၉၆၁ ခုနှစ်တုန်းက ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ပေါ်ပေါက်လာခြင်းသည်လည်း ပါတီနိုင်ငံရေး နှင့် ဖက်ဒရယ်တိုက်ပွဲအပေါ် မျှော်လင့်ချက်ကုန်ခမ်းသွားခဲ့သည့်အတွက် ဖြစ်တန်ရာ၏။ ထို့ပြင် ရခိုင့်တပ်တော် (AA)နှင့် “ဝ”တပ်မတော် (UWSA)၏ ကွန်ဖက်ဒရေးရှင်း သဘောကျနှစ်သက်နေမှုသည်လည်း ထိုစဉ်းစားချက်နှင့် ထပ်တူဖြစ်ပါလိမ့်မည်။

ခြုံငုံသုံးသပ်ချက်

လူမျိုးတိုင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေးသည် သဘာဝအခွင့်အရေး (natural right) ဖြစ်သည်။ လိုအပ်လျှင်လွတ်လပ်သည့် တိုင်းပြည်ထောင်ခွင့် (ခွဲထွက်ခွင့်) (External Self-Determination) အထိရှိသည်။ ၎င်းကို နိုင်ငံတကာ (UN)ဥပဒေကလည်း ဖွင့်ပေးထားသည်။ ကမ္ဘာပေါ်မှာ (၂၀)ရာစုတုန်းကထက် (၂၁)ရာစုမှာ ခွဲထွက်ရေးလှုပ်ရှားသူ (၆)ဆ (အုပ်စု ၅၀ ကျော်) လောက်မြင့်မားလာသည်ဟု တွေ့မြင်နိုင်ပါသည်။ ကျွန်တော်တို့ တိုင်းရင်းသားများလည်း ၎င်းအခွင့်အရေးအပြည့်အဝရှိပါသည်။

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း မှ “ (၁၀)နှစ်ကျော်မှ ခွဲထွက်လိုက ခွဲထွက်ခွင့်”ကို သဘောတူခဲ့တုန်းက ရှင်းပြရာမှာ “ခွဲထွက်ခွင့်က သူတို့အခွင့်အရေး၊ မခွဲထွက်ချင်အောင် ကြိုးစားဖို့က ကျွန်တော်တို့တာဝန်”ဟု ပြောဆိုခဲ့သည်ကို သူ့သမီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လက်ရှိပြည်တွင်းငြိမ်းချမ်းရေးမှာပါဝင်သည့် ဗမာနိုင်ငံရေးခေါင်ဆောင်များက ပြန်ပြောင်းအောက်မေ့ရန် လိုအပ်ပါသည်။ တိုင်းရင်းသားများ မခွဲထွက်ချင်အောင် ဆောင်ရွက်ပေးခြင်းသည် “ဖက်ဒရယ်စနစ်”ကို ပုံဖော်ပေးခြင်းဖြစ်ပါသည်။ ယင်းသည် နယ်တွင်း ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် (Internal Self-Determination) ပင်လုံစာချုပ် အပိုဒ်(၅)အတိုင်း ဖြစ်ပါသည်။ ၎င်းကို နှစ်ပေါင်း (၇၀)ကျော် ယနေ့အထိ ဗမာခေါင်းဆောင်များက လက်ခံဆောင်ရွက်ပေးရန် ပျက်ကွက်ကြပါသည်။ ထို့ကြောင့် ပြည်တွင်းစစ်မရပ်နိုင်သေးခြင်းလည်း ဖြစ်ပါသည်။

ဖက်ဒရယ်သည် ‘Foedus’ ဆိုသည့် လက်တင်စကားမှ ဆင်းသက်လာခြင်းဖြစ်ပြီး ပဋိညာဉ်စာချုပ် (သို့) သဘောတူညီချက် (covenant of treaty) ဆိုသည့် အဓိပ္ပာယ်ရှိပါသည်။ တစ်နည်းအားဖြင့် ပေါင်းစည်းခြင်း (ဖက်တွယ်ခြင်း) ဖြစ်ပါသည်။ ပေါင်းစည်းရေးလမ်းကို မလိုအားပါက ခွဲခွာခြင်းလမ်းကြောင်းကို အလိုအလျောက် ရွေးချယ်ရာရောက်ပါသည်။ ဖက်ဒရယ် (နယ်တွင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်- Internal Self-Determination) ပင်လျှင် ဗမာခေါင်းဆောင်များက လက်မခံလျှင် ဖက်ုရယ်စနစ်မဟုတ်သည့် ကွန်ဖက်ဒရေးရှင်း (သို့) External Self-Determination လမ်းကြောင်းပေါ်သို့ တိုင်းရင်းသားများကို မဖြစ်မနေ တွန်းပို့သွားသလို ဖြစ်သွားနိုင်သည်။ ယင်းကဲ့သို့ မဖြစ်စေလိုလျှင် “ ဖက်ဒရယ်စနစ်”ကို အမြန်ဆုံး ပုံဖော်ပေးဖို့လိုပါသည်။ ဖက်ဒရယ်သည် ဆေးဖြစ်သည်။

End Notes

၁။ World Population Review. Newest Countries 2020. https://worldpopulationreview.com/

country-rankings/newest-countries.

၂။ Sara Zaric, The Principle of Self-Determination- and the case of KosoVo (Stockholm:

Stockholm University Press, 2013)

၃။ Oxford. 2008, Self Determination. http://opil.ouplaw.com/view/10.1093/

law:epil/9780199231690/law-9780199231690-e873.

၄။ Hurst Hannum, Legal Aspects of Self-Determination. https://pesd.princeton.edu/

node/511.

၅။ Britannica. 2021. Atlantic Charter. https://www.britannica.com/event/Atlantic-Charter.

၆။ Jakob Avgustin, The Precarious History of the UN towards Self-Determination. https://www.e-ir.info/2020/02/18/the-precarious-history-of-the-un-towards-self-determination/.

၇။ Max Stoel. 2000. “The Relevance of International Standards for the Protection of Minority.” Organisation for Security and Co-operation in Europe. Amsterdam: International Bar Association Human Rights Institute Showcase Program. p.9

၈။ Zaric 2013, Oxford 2008.

၉။ Michele Capeleto, 2014. “Does Self-Determination Entail an Automatic Right to

Secession?” E-International Relation Students. May 2. http://www.e-ir.info/2014/05/02/

does-self-determination-entail-an-automatic-right-to-secession/.

၁၀။ Yaw Bawm Mangshang,. 2015. SELF-DETERMINATION: WHAT DOES IT MEAN FOR

ETHNIC MINORITIES? LESSONS FOR MYANMAR FROM ACEH-INDONESIA EXPERIENCE.

Medford: TUFTS University, April 27.

၁၁။ Tanisha Fazal, 2018. Go Your Own Way: Why Rising Separatism Might Lead to More

Conflict. July. https://www.foreignaffairs.com/articles/2018-06-14/go-your-own-way.

၁၂။ Panglong Handbook, 2018. Panglong Agreement, Panglong Promises and Panglong

Spirit. Myanmar’s Ethnic Armed Organizations.

၁၃။ Ibid.

၁၄။ Nai Hong Sar, 2014. Mon and Ethnic Nationality Resistance Struggles and Lessons for

Peace Negotiations Today. October 16. http://burmese.burmaenac.org/?p=131.

၁၅။ Zing Cung interviewed by Benedict Rogers. 2003. Ethnic Armed Groups’ Policy and

Struggle (May 14). http://www.chinlandguardian.com/index.php/interviews/item/505-

zing-cung-general-secretary-of-the-national-democratic-front-ndf-and-vice-chairmanof-

the-chin-national-front-cnf.

၁၆။ Fazal 2018

၁၇။ CSF. n.d. What is Federalism and Its Governmental Forms? https://federalism.org/

about/what-is-federalism/.

ကိုးကားစာရင်း

Avgustin, Jakob R. 2020. The Precarious History of the UN towards Self-Determination.

https://www.e-ir.info/2020/02/18/the-precarious-history-of-the-un-towards-selfdetermination/.

Britannica. 2021. Atlantic Charter. https://www.britannica.com/event/Atlantic-Charter.

Capeleto, Michele. 2014. “Does Self-Determination Entail an Automatic Right to

Secession?” E-International Relation Students. May 2. http://www.e-ir.info/2014/05/02/

does-self-determination-entail-an-automatic-right-to-secession/.

Committee, Frontier Areas Enquiry. 1947.

CSF. n.d. What is Federalism and Its Governmental Forms? https://federalism.org/

about/what-is-federalism/.

Cung, Zing, interview by Benedict Rogers. 2003. Ethnic Armed Groups’ Policy and

Struggle (May 14). http://www.chinlandguardian.com/index.php/interviews/item/505-

zing-cung-general-secretary-of-the-national-democratic-front-ndf-and-vice-chairmanof-

the-chin-national-front-cnf.

Fazal, Tanisha M. 2018. Go Your Own Way: Why Rising Separatism Might Lead to More

Conflict. July. https://www.foreignaffairs.com/articles/2018-06-14/go-your-own-way.

Handbook, Panglong. 2018. Panglong Agreement, Panglong Promises and Panglong

Spirit. Myanmar’s Ethnic Armed Organizations.

Hannum, Hurst. n.d. Legal Aspects of Self-Determination. https://pesd.princeton.

edu/node/511.

Mangshang, Yaw Bawm. 2015. SELF-DETERMINATION: WHAT DOES IT MEAN FOR

ETHNIC MINORITIES? LESSONS FOR MYANMAR FROM ACEH-INDONESIA EXPERIENCE.

Medford: TUFTS University, April 27.

Oxford. 2008. Self Determination. December 1. http://opil.ouplaw.com/view/10.1093/

law:epil/9780199231690/law-9780199231690-e873.

Review, World Population. 2020. Newest Countries 2020. https://worldpopulationreview.

com/country-rankings/newest-countries.

Sar, Nai Hong. 2014. Mon and Ethnic Nationality Resistance Struggles and Lessons

for Peace Negotiations Today. October 16. http://burmese.burmaenac.org/?p=131.

Stoel, Max van der. 2000. “The Relevane of International Standards for the Protection

of Minority .” Organisation for Security and Co-operation in Europe. Amsterdam :

International Bar Association Human Rights Institute Showcase Program. 9.

Zaric, Sara. 2013. The Principle of Self-Determination- and the case of KosoVo.

Stockholm University.

စာရေးသူ၏ ကိုယ်ရေးအကျဉ်း

စာရေးသူသည် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(CNLD)တွင် အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ ထို့ပြင် သုံးလ တစ်ကြိမ် ပုံမှန်ထုတ်ဝေသော ဖက်ဒရယ်ဂျာနယ်တွင် အကြံပေးအယ်ဒီတာဖြစ်ပြီး မကြာသေးခင်က ဖွဲ့စည်းသော ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC)တွင်လည်း အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ်လည်း တာဝန်ယူထားသူ ဖြစ်ပါသည်။