• Today is: Monday, August 8, 2022

ဘာကြောင့် ဖက်ဒရယ်လိုအပ်သလဲ(၃)

ဘာကြောင့် ဖက်ဒရယ်လိုအပ်သလဲ

စောသန့်ဇင်

“ဘာကြောင့်ဖက်ဒရယ်လိုအပ်သလဲ” ဆိုသည့် မေးခွန်းသည် မိမိတို့ နေထိုင်လျက်ရှိသော ဤပြည် ထောင်စုအတွက် အလွန်အရေးကြီးသည့် အချက်ဖြစ်ပါသည်။ နှစ်ပေါင်း (၇၀) ကျော်လာပြီဖြစ်သည့်  မဖြေရှင်းနိုင်သေး သော ပြည်တွင်းစစ်မီးများနှင့် ပဋိပက္ခများကိုလျှော့ချနိုင်ရန် ငြိမ်းချမ်းရေးတည် ဆောက်မှုနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မှုသည် အဓိက ဆက်စပ်မှုရှိနေသောကြောင့် ဖြစ်ပါသည်။ ဤဆောင်းပါးတွင် ဖက်ဒရယ် ၏ သဘောတရား အယူအဆများကို အကျဉ်းဖော်ပြသွားမည်ဖြစ်ပြီး ယင်းအနှစ်သာရများသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းသော ပြည်ထောင်စုတည်ဆောက်ရန် လိုအပ်နေမှုကို ချိတ်ဆက်တင်ပြဆွေးနွေး သွားမည်ဖြစ်ပါသည်။

ဖက်ဒရယ်၏ သဘောတရား အယူအဆအကျဉ်း

ဖက်ဒရယ်နိုင်ငံများ ဖက်ဒရယ်စနစ်ကျင့်သုံးရခြင်းအပေါ် ယေဘုယျအားဖြင့်ကြည့်လျှင် အခြေခအံ ကြောင်းရင်း (၃)ချက်ရှိသည်ဟု ဆိုနိုင်မည်ဖြစ်သည်။ ပထမ အချက်မှာ စီးပွားရေး၊ ကာကွယ်ရေးနှင့် တိုင်းပြည် အင်အားတောင့်တင်းမှု ပိုမိုအားကောင်းရန်အတွက် ပြည်ထောင်များ ပေါင်းစည်းစုဖွဲ့မှုပြုကြသည့်အခါ ဖက်ဒရယ် စနစ်သည် သင့်လျော်မှုရှိသောစနစ်အဖြစ် ယူဆသောကြောင့် ဖြစ်ပါသည်။ ဒုတိယအချက်မှာ နိုင်ငံတစ်နိုင်ငံသည် နယ်နိမိတ်ကျယ်ဝန်းလွန်းသောကြောင့် နယ်မြေအရအာဏာများ ခွဲဝေကျင့်သုံးမှုကို အခြေခံ၍ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် အုပ်ချုပ်စီမံဆောင်ရွက်ခြင်းဖြင့် သက်ဆိုင်ရာဒေသတွင်း အုပ်ချုပ်ရေးပိုင်းသာမက ယင်းဒေသရှိ ပြည်သူ လူထုအတွက် လူမှု-စီးပွားဆိုင်ရာကိစ္စရပ်များကိုပါ ပိုမိုထိရောက်စွာ ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်သည့် အတွက်ကြောင့် ဖြစ်ပါသည်။ တတိယအချက်မှာတော့ နိုင်ငံတစ်နိုင်ငံသည် လူမျိုးပေါင်းစုံဖြင့် စုပေါင်းဖွဲ့စည်း တည်ရှိနေသည့်အတွက်ကြောင့်ဖြစ်ပြီး ထိုကဲ့သို့ဖွဲ့စည်းတည်ရှိမှု အနေအထားတွင် မတူညီသည့် လူမျိုးစုများ အကြား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှမှုတို့ကို အခြေခံ၍ အာဏာခွဲဝေခြင်းနှင့် အာမခံ မှုပေးခြင်းတို့ အားဖြင့် လူမျိုးစုံဖြင့် ဖွဲ့စည်းတည်ရှိနေသည့် နိုင်ငံများတွင် တည်ငြိမ်အေးချမ်းမှုကို ဆောင်ကြဉ်းပေးနိုင်သည့် စနစ်တစ်ခုအဖြစ် ယူဆလက်ခံကြသောကြောင့် ဖြစ်သည်။

‘ဖက်ဒရယ်’ ဟူသောစကားလုံးသည် လက်တင်စကားလုံး Foedus မှ ဆင်းသက်လာပြီး ပဋိညာဉ် (covenant) ဟု အဓိပ္ပာယ်ရပါသည်။ ထို့ပြင် အဆိုပါ စကားလုံးအား ငြိမ်းချမ်းရေး နှင့်ဆက်စပ်၍ သော်လည်း ကောင်း၊ ယုံကြည်စိတ်ချရမှုနှင့်ဆက်စပ်၍သော်လည်းကောင်း ရည်ညွှန်းကြပါသည်။ ဥပမာအားဖြင့် Foedus စကားလုံး သည် ဟေဗြဲစကားလုံး brit နှင့် တူညီသည့်အတွက် အလုံးစုံ ‘ပဋိညာဉ် ပြုခြင်း’သည် စစ်မှန်သော ငြိမ်းချမ်းရေး ဖြစ်သည်ဟု ညွှန်းဆိုပါသည်။ ဖက်ဒရယ်လေ့လာမှုနှင့် ပတ်သက်၍ လူသိများသော ပညာရှင် တစ်ဦးဖြစ်သော အီလာဇာက `ဖက်ဒရယ်မှုပြုခြင်း၏ အနှစ်သာရသည် အချင်းအချင်းပဋိညာဉ်ပြုကာ မိတ်ဖက် အဖြစ် ဖွဲ့စည်းတည်ထောင်သော အချင်းအရာတစ်ခုဖြစ်ပြီး (ကိုယ်ခန္ဓာတစ်ခုကဲ့သို့) အတွင်းကျကျဆက်စပ်နေမှု သဘောတရားများထားရှိကာ မိတ်ဖက်အချင်းချင်းအကြား အပြန်အလှန်ပေါင်းစည်းမှုကို အသိအမှတ်ပြုလျက် မျှဝေမှုများသည် အချင်းချင်းအကြား လွှမ်းမိုးနေရမည်ဖြစ်သလို အချင်းချင်းအကြားတွင် အထူးညီညွတ်မှုကို လည်း ကြိုးပမ်းရှာဖွေခြင်း ဖြစ်သည်´ဟု ဆိုပါသည်။ ဖော်ပြပါအချက်များအား ကြည့်လျှင် ဖက်ဒရယ်ဆိုသည်မှာ ပါဝင်ပတ်သက်နေသူများမှ တူညီသောစိတ်သဘောထားဖြင့် ‘သဘောတူချုပ်ဆိုမှု’ (ဝါ) ‘ပဋိညာဉ်ပြုခြင်း’ ဖြစ်သည့်အတွက် ယင်းအနှစ်သာရအရကြည့်လျှင်ပင် တစ်ဦးတစ်ယောက်(သို့) တစ်စုတစ်ဖွဲ့တည်းကသာ တစ်ဖက်သတ် ကိုင်တွယ်လုပ်ဆောင်မှုပုံစံမျိုးမဟုတ်ဘဲ ပါဝင်ကြမည့်သူ/အဖွဲ့များမှ ပေါင်းစည်းကာ အတူတကွ တည်ဆောက်ကြခြင်း ဖြစ်ပါသည်။ ထိုအခြေအနေမျိုးတွငအစုအဖွဲ့ အလိုက် (သို့) နယ်မြေအလိုက် ၎င်းတို့နှင့် သီးသန့်တိုက်ရိုက် ဆက်စပ်ပတ်သက်သည့် နယ်ပယ်များ၊ ကဏ္ဍများရှိသလို အားလုံးနှင့်စုပေါင်း ပတ်သက် နေသည့် နယ်ပယ်များ၊ ကဏ္ဍများလည်း ရှိမည်ဖြစ်သည်။ ထို့ကြောင့် ဖက်ဒရယ်စနစ်၏ သဘောတရား အယူအဆကို ကြည့်မည်ဆိုလျှင် ကိုယ်ပိုင်အုပ်ချုပ်မှု (Self-Rule) နှင့် စုပေါင်းဝေမျှ အုပ်ချုပ်မှု (Shared Rule) တို့သည် အခြေခံအားဖြင့် ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်သည်။

ဖက်ဒရယ်လေ့လာသူများအပေါ် ဆယ်စုနှစ်များစွာ လွှမ်းမိုးမှုရှိပြီး ခေတ်ပေါ် ဖက်ဒရယ်လေ့လာမှုတွင် ဦးဆောင်သူတစ်ဦးအနေဖြင့်လည်း သတ်မှတ်ခံရသူဖြစ်သည့် ကက်နက်ဝှဲဟ် (Kenneth C. Wheare) ၏ ဖက်ဒရယ်ဆိုင်ရာ အယူအဆကိုကြည့်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ နှင့် အင်စတီကျူးရှင်းဆိုင်ရာ ရှုထောင့် မှနေ၍ ပြည်ထောင်စု (ဖက်ဒရယ်) အစိုးရနှင့် ပြည်နယ်ဒေသအစိုးရများအကြား ‘သီးခြားလွတ်လပ်စွာ လုပ်ဆောင်မှု’ နှင့် ‘ညှိနှိုင်းလုပ်ဆောင်မှု’ စသည့် အခြေခံ အချက်(၂)ချက်ကို အလေးထား၍ ဖက်ဒရယ်မူအား တင်ပြခဲ့ပါသည်။ ၎င်း၏ အဆိုအရအဆိုပါ အစိုးရနှစ်ရပ်အကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်းသည် ဖက်ဒရယ်၏ အခြေခံဖြစ်သည်ဟု ဆိုပါသည်။ သို့သော် ၎င်းက ထိုသို့ ညှိနှိုင်းဆောင်ရွက်မှုသက်သက်နှင့်တော့ ဖက်ဒရယ်စနစ်သည် မလုံလောက်ဘဲ အစိုးရတစ်ရပ်နှင့်တစ်ရပ်အကြားတွင် သီးခြားကိုယ်ပိုင်နယ်ပယ် ကန့်သတ် ၍ ဆောင်ရွက်မှုလည်းရှိရမည်ဟုဆိုပါသည်။ ထိုကန့်သတ်မှုနယ်ပယ်အတွင်းတွင်လည်း လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ရှိနေရမည်ဟု ဆိုခဲ့ပါသည်။ ထို့ကြောင့် အစိုးရတစ်ရပ်နှင့်တစ်ရပ် အကြားလုပ်ပိုင်ခွင့် အာဏာ ခွဲဝေမှုကို သေချာစွာအာမခံချက်ရှိစေရန် ဖွဲ့စည်းပုံခြေခဥံပဒေတွင် ထည့်သွင်းရေးဆွဲပြဋ္ဌာန်းထားရမည်ဖြစ်ပြီး ထိုဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ရေးဆွဲပြဋ္ဌာန်းထားမှုများသည် စာရွက်ပေါ်တွင် ဖော်ပြထားချက် သက်သက် မဟုတ်ဘဲ သက်ဆိုင်သူများအားလုံးမှ လေးစားလိုက်နာဆောင်ရွက်ရမည် ဟု ဆိုပါသည်။  သို့မှသာတစ်ဖက်သတ် ဆောင်ရွက်ခြင်း၊ အခွင့်အာဏာများ အလွန်အကျွံသုံးစွဲခြင်းနှင့် လွှမ်းမိုးချုပ်ကိုင် ခြယ်လှယ်ခြင်း စသည်တို့ကို ရှောင်ရှားနိုင်မည် ဖြစ်သည်။

နောက်ထပ် ဖက်ဒရယ်လေ့လာမှု ပညာရှင်တစ်ဦးဖြစ်သည့် ဝီလျံ လစ်ဗင်းစတုန်း (William S. Livingstone) ကမူ ဖက်ဒရယ်စနစ်နှင့်ပတ်သက်၍ Wheare ၏ အလေးပေးဖော်ပြခဲ့သည့် ပြည်ထောင်စု (ဖက်ဒရယ်)အစိုးရနှင့် ပြည်နယ်ဒေသအစိုးရများအကြား လုပ်ပိုင်ခွင့်အာဏာများကို ဖွဲ့စည်းပုံအခြေခံဥပဒေ အားဖြင့် ပြဋ္ဌာန်းကာ အာမခံချက်ထားရှိခြင်းနှင့် အင်စတီကျူးရှင်းများ မျှတအောင် စီစဉ်ထားရှိခြင်းတို့ဖြင့် မလုံလောက်ဘဲ လူ့အဖွဲ့အစည်းကိုလည်း အလေးထားထည့်သွင်းစဉ်းစားဖို့ အရေးကြီးကြောင်းကို ထောက်ပြခဲ့ပြီး ဖက်ဒရယ်စနစ်၏ အဓိကအနှစ်သာရအား လူ့အဖွဲ့အစည်း (Society) ကို အခြေခံပြီး တင်ပြခဲ့ပါသည်။ ၎င်းက ဖက်ုရယ်စနစ်ကို အောင်မြင်စွာ တည်ဆောက်လိုလျှင် လူမှုအသိုက်အဝန်းအတွင်း မတူကွဲပြားစွာတည်ရှိနေမှုကို အလေးပေးဂရုပြု တည်ဆောက်ရန် လိုအပ်သည်ဟု ဆိုခဲ့ပါသည်။ ဆက်လက်၍ ၎င်းက`အင်စတီကျူးရှင်း ဖွဲ့စည်း ဆောင်ရွက်ပုံတွေဟာ အပေါ်ယံသာဖြစ်ပြီး ဖက်ဒရယ်ဟု ဆိုလျှင် ပို၍နက်ရှိုင်းသော လူ့အဖွဲ့အစည်းတွင်းမှာ တည်ရှိနေပါသည်။ ဖက်ုရယ်၏ အနှစ်သာရသည် အင်စတီကျူးရှင်း (သို့) ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာ တည်ရှိ နေတာမဟုတ်ဘဲ လူ့အဖွဲ့စည်း၏အတွင်းမှာ တည်ရှိနေသည်´ ဟု ဆိုပါသည်။  ၎င်းက လူများစုမှ လွှမ်းမိုးနိုင်သည့် အနေအထားများကို ဆန့်ကျင်ကာ လူနည်းစုအတွက် အကာအကွယ်ပေးနိုင်မှုကို ဦးစားပေး ဆွေးနွေးခဲ့ ပါသည်။ အဘယ်ကြောင့်ဆိုသော် လူနည်းစု သည်လည်း နိုင်ငံတစ်နိုင်ငံ၏ လူ့အဖွဲ့အစည်းတွင်းပါဝင်နေသည့် အရေးကြီး သော အစိတ်အပိုင်းဖြစ်နေသောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ၎င်းက “ပူးပေါင်းဆောင်ရွက်မှု” သည် ဖက်ဒရယ် ၏ အခြေခံစိတ်သဘောထားဖြစ်ပြီး လူများစုနှင့်လူနည်းစုတို့၏ အပြန်အလှန်လေးစားမှုနှင့်အတူ ပူးပေါင်းဆောင် ရွက်ကြခြင်းသည် ဖက်ဒရယ် စနစ်အတွက် အဓိကမောင်းနှင်အားများဖြစ်သည်ဟု ယုံကြည်ပါသည်။

အထက်ပါအချက်များအရ ဖက်ဒရယ်အား ချဉ်းကပ်ကြရာတွင် ရှုထောင့် (၂)ခုရှိသည်ဟု ဆိုနိုင်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အင်စတီကျူးရှင်း စီမံထားရှိမှုတို့အားဖြင့် အာမခံချက်ထားရှိမှုရှုထောင့်နှင့် လူ့အဖွဲ့ အစည်းအတွင်း အခြေပြုတည်ဆောက်မှု ရှုထောင့်ဟူ၍ဖြစ်ပါသည်။ ဆိုရသော် ရှုထောင့်တစ်ခုတည်းနှင့် မလုံ လောက်ဘဲ ရှုထောင့် နှစ်ခုပေါင်းစပ်မှ ပိုမိုပြည့်စုံနိုင်မည်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် ဖက်ဒရယ်ဟုဆိုကြရာတွင် သဘောတူညီချက် စာချုပ်စာတမ်းများ၊ ဥပဒေများတွင် ထည့်သွင်းရေးသားထားသည့် စကားလုံးများ သက်သက် မျှသာမဟုတ်ဘဲ လူ့အဖွဲ့အစည်းအတွင်း ကျင့်ကြံအားထုတ်ရမည့်အချက်မှာလည်း အလွန်အရေးကြီးပါသည်။ ဖက်ဒရယ်၏ အတွင်းသဘောတရား အနှစ်သာရမှာပင် တန်ဖိုးစံနှုန်းများ ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ထို စံနှုန်းတန်ဖိုးများမှာ ကိုယ်ကျင့်တရား အခြေခံများဖြစ်သည့် လေးစားမှု၊ သည်းခံနိုင်မှု၊ ဂုဏ်သိက္ခာနှင့် အပြန်အလှန် အသိအမှတ်ပြုမှု စသည်တို့ဖြစ်ပါသည်။ ယင်းဖက်ဒရယ်၏ ပင်ကိုသဘာဝများသည် လူသားတို့ပေါင်းသင်း ဆက်ဆံမှုနှင့် အတူတကွ ဖွဲ့စည်းတည်ဆောက်မှု၏ အခြေခံလိုအပ်ချက်နှင့် အထူးပင် ပတ်သက်ဆက်နွှယ် နေပါသည်။ ထိုတန်ဖိုးစံနှုန်းများသည် အတူတကွမျှဝေ အုပ်ချုပ်ခြင်းအတွက်သာမက အတူကွဲပြားမှု အခြေခံဖြင့် ဖွဲ့စည်းတည်ရှိနေသည့် လူမှုအသိုက်အဝန်း၊ အတူတကွလိုက်လျောညီထွေစွာ စုပေါင်းနေထိုင်ကြခြင်း၊ ပြည်ထောင်စု စုဖွဲ့မှုအတွင်း မတူညီသည့် ဝိသေသ လက္ခဏာ (identity) တို့ကိုထိန်းသိမ်းခြင်းနှင့် မြှင့်တင်ခြင်း စသည်တို့အတွက် မရှိမဖြစ်လိုအပ်သည့် အချက်များ ဖြစ်ပါသည်။ ထို့ကြောင့် ဖက်ဒရယ်သည် တွေ့ကြုံနေရသည့် (သို့) တွေ့ကြုံနိုင်သည့် ပြဿနာရပ်များကို ဖြေရှင်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အင်စတီကျူးရှင်း စီမံခန့်ခွဲမှု ဆိုင်ရာ နည်းလမ်းတစ်ရပ်သာမက တန်ဖိုးစံနှုန်းအခြေပြုမှုအရ မတူကွဲပြားမှုနှင့်ညီညွတ်မှု တန်ဖိုးများကို အခြေခံ ပြီး အတူတကွ စုပေါင်းနေထိုင် နိုင်မည့် နည်းလမ်းလည်း ဖြစ်ပါသည်။

ဖက်ဒရယ်အနှစ်သာရများနှင့် ရေရှည်တည်တံ့နိုင်မည့် ငြိမ်းချမ်းသော ပြည်ထောင်စုတည်ဆောက်ခြင်း

မိမိတို့ပြည်ထောင်စုသည် လူမျိုးအများဖြင့် ပူးပေါင်း စုဖွဲ့ထားမှုဖြစ်ပြီး ထိုဖွဲ့စည်းတည်ရှိနေမှုအတွင်းတွင် လည်း အချိုးအစားမတူသည့် အများစုနှင့် အနည်းစုအနေအထားက ရှိနေပါသည်။ ထိုကဲ့သို့သော အခြေအနေတွင် ဝိဒေသလက္ခဏာ  (Identity) ကို အခြေခံ၍ ပဋိပက္ခပြဿနာမာျးကြာရှည်စွာရှိနေသည်မှာလည်း အရှိတရား တစ်ခုဖြစ်ပါသည်။ ပြည်ထောင်စုအား တည်ဆောက်ခဲ့ကြရာတွင် ပီပြင်စွာ ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိသလို တန်းတူ ညီမျှမှုလည်း မရှိသည့်အတွက် နှစ်ပေါင်း (၇၀)ကျော် လက်နက်ကိုင်တော်လှန်ရေးများဖြစ်ပေါ်ကာ ပြည်တွင်းစစ်မီး တောက်လောင်ခဲ့သည်မှာ ယနေ့တိုင် ဖြေရှင်းနိုင်ခြင်းမရှိသေးပေ။ ဖက်ဒရယ်စနစ်ကို ကြိုးစားခဲ့သော်လည်း အောင်မြင်ခြင်းမရှိဘဲ ၁၀၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီ အာဏာသိမ်းချိန်မှစ၍ ဖက်ဒရယ်စကားလုံးကို ပြည်တွင်းတွင် ပြောဆိုရန်ပင် အခွင့်မသာဖြစ်ခဲ့ရပါသည်။

မမျှတသည့် အုပ်ချုပ်ရေးဆိုင်ရာများဖြင့် တည်ဆောက်ထားရှိမှုသည် မတူညီသည့် လူမှုအသိုက်အဝန်း များကို သက်ရောက်ထိခိုက်မှုများဖြစ်စေပြီး ပဋိပက္ခများ မြင့်တက်စေပါသည်။ ထို့ပြင် လူတစ်ဦးတစ်ယောက်စီ၏ ပုဂ္ဂလရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများကိုပါ သက်ရောက်ထိခိုက်စေပါသည်။ ဤတိုင်းပြည်၏ လက်တွေ့ အနေအထား ကိုကြည့်လျှင် အင်အားဖြင့် အနိုင်ယူလိုမှု၊ လွှမ်းမိုးလိုမှုနှင့် မတူညီမှုကိုဖယ်ရှားလိုမှု စိတ်သဘော ထားများ မြင့်မား နေမှုကိုလည်း တွေ့မြင်နိုင်ပါသည်။ ထိုပြဿနာများလျော့ကျသွား၍ တည်ငြိမ်သော ပြည်ထောင်စု တည်ဆောက် ရန်အတွက်ဆိုလျှင် ဖက်ဒရယ်စနစ်ကို ရွေးချယ်ကာ လက်တွေ့ကျကျ ကျင့်သုံး အကောင်အထည်ဖော်ဆောင် ရွက်ခြင်းသည် အသင့်တော်ဆုံးနည်းလမ်းဖြစ်မည်ဟု ဆိုနိုင်ပါသည်။ ဖက်ဒရယ်စနစ်အား လက်တွေ့ကျကျ ကျင့်သုံး အကောင်အထည်ဖော်မှုဟုဆိုရာတွင် အထက်မှာဖော်ပြခဲ့သလို ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် နိုင်ရန် အတွက် ဖက်ဒရယ်စနစ်ကို အကောင်းဆုံး ရေးဆွဲပုံဖော်မှု ရှိနေရုံမျှနှင့် မလုံလောက်ဘဲ အတူတကွ ပြည်ထောင်စုအား စုပေါင်းတည်ဆောက်ကြရာတွင် ပါဝင်နေကြသော ပဂ္ဂိုလ်များ၊ အစုအဖွဲ့များနှင့် ကိုယ်စားပြု နယ်များ အားလုံးတွင် ဖက်ဒရယ်စိတ်သဘော ထားများ လွှမ်းမိုးမှု ရှိနေရန် အထူးအရေးကြီးပါသည်။ အများ (ဗဟုပုံစံ) တည်ရှိမှု၊ သက်ဆိုင်ပတ်သက်နေမှုနှင့် မတူကွဲပြားနေမှုကို လက်ခံလျက် ပူးပေါင်းခြင်းဖြင့်သာ ပြည်ထောင်စု တည်ဆောက်မှုကို ပို၍ခိုင်မာအောင် ဆောင်ရွက် သွားနိုင်မည်ဖြစ်သည့်အပြင် ဖက်ဒရယ် အနက်အဓိပ္ပာယ်ဖြစ်သော သဘောတူညီချက် (ဝါ) ပဋိညာဉ်ကို အောင်မြင်စွာ၊ ငြိမ်းချမ်းစွာနှင့် ယုံကြည်မှုရှိစွာ ပြုနိုင်မည် ဖြစ်သည်။ ထင်ရှားသော ဖက်ဒရယ်နှင့်ပတ်သက်သည့် ပညာရှင်တစ်ဦးဖြစ်သော Alfred Stepan က ပြည် ထောင်စု မြန်မာကဲ့သို့ နိုင်ငံများတွင် ဖက်ဒရယ် စနစ်အတွင်းကနေ မတူကွဲပြားမှုကို လက်ခံခွင့်ပြုနိုင်ပြီး တန်းတူညီမျှမှုများဖြင့် ခိုင်မာသည့် လူမှု- စီးပွားရေးကို မြှင့်တင်ဆောင်ရွက်မည်ဆိုလျှင် တည်ငြိမ်သည့် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ ဖြစ်လာမည်ဟု ဆိုပါသည်။

ထို့ကြောင့်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် တိုင်းရင်းသားတို့ အစဉ်တောင်းဆိုခဲ့သည်မှာ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုဖြစ်ရန် ဖြစ်ပါသည်။ လက်နက်ကိုင် ပဋိပက္ခများ လျော့ကျသွားပြီး တည်ငြိမ် အေးချမ်းသည့် ပြည်ထောင်စုအဖြစ် တည်ဆောက်သွားနိုင်ရန်အတွက်ဆိုလျှင် ဖက်ဒရယ်စနစ်ကို မှန်မှန်ကန်ကန် ကျင့်သုံသွားရန် လိုအပ်မည်ဖြစ်သည်။ မျှတမှုမရှိသော အင်စတီကျူးရှင်းများ၊ ဗဟိုချုပ်ကိုင်ထားမှုများနှင့် နိုင်ထက်စီးနင်း အာဏာရှင်ပုံစံကျင့်သုံးမှု အမျိုးမျိုးတို့ကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားရမည်ဖြစ်သည်။ ပြုပြင်ပြောင်းလဲမှု များ အား ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအားဖြင့် အာမခံချက်ထားရှိရန် လိုအပ်သလို ဖက်ဒရယ် စံနှုန်းတန်ဖိုးများဖြစ်သည့် မျှတမှု၊ ဝေမျှမှု၊ လေးစားမှု၊ သည်းခံနိုင်မှု၊ ဂုဏ်သိက္ခာ အလေး ထားမှုနှင့် အပြန်အလှန် အသိအမှတ်ပြုမှု စသည့် အလေ့အကျင့်များအား ကောင်းလာရန်လည်း လိုအပ်ပါသည်။ ထိုသို့ ဖက်ဒရယ်စနစ်အား မှန်ကန်စွာ ကျင့်သုံးခြင်းနှင့် ဖက်ဒရယ်သဘောထားများအား ကျင့်ကြံအား ထုတ်ခြင်းတို့ဖြင့် ပြုပြင်ပြောင်းလဲမှုများ စဉ်ဆက်မပြတ် ပြုလုပ်သွားမည်ဆိုလျှင် ရှေရှည်တည်တံ့သည့် ငြိမ်းချမ်းသော ပြည်ထောင်စုကို တည်ဆောက်သွား နိုင်မည် ဖြစ်ပါသည်။

စောသန့်ဇင်

End notes

၁။ Daniel Elazar, Exploring Federalism (Tuscaloosa: University of Alabama Press, 1987), 5.

၂။ Ibid.

၃။ Kenneth Wheare, Federal Government (West Port: Greenwood Press, 1980), 14.

၄။ Ibid. 179

၅။ William Livingstone, “A Note on the Nature of Federalism”, Political Science Quarterly, vol. 67, no. 1 (March 1952), 84.

၆။ Livingstone, Federalism and Constitutional Change (Oxford: Clarendon Press, 1956), 316.

၇။ Michael Burgess, Comparative Federalism: Theory and Practice (Routledge: Abingdon Press, 2006), 1.

၈။ Alfred. Stepan, Multi-nationalism, Democracy and Asymmetrical Federalism: With some Tentative Comparative Reflections on Burma. Technical Advisory Network of Burma. Accessed June 25, 2018. www.burmalibrary.org

ကိုးကားစာရင်း –

Burgess, Michael. Comparative Federalism: Theory and Practice. Routledge: Abingdon, 2006.

Elazar, Daniel. Exploring Federalism, Tuscaloosa: University of Alabama Press, 1987.

Livingstone, William. A Note on the Nature of Federalism, Political Science Quarterly, Vol. 67, No. 1 (March 1952): 81-95

Stepan, Alfred. (n.d) Multi-nationalism, Democracy and Asymmetrical Federalism: With some Tentative Comparative Reflections on Burma. Technical Advisory Network of Burma.

Accessed June 25, 2018. www.burmalibrary.org.

Wheare, Kenneth. Federal Government, West Port: Greenwood Press, 1980.

စာရေးသူ၏ ကိုယ်ရေးအကျဉ်း

စာရေးသူသည် ၁၉၇၇ ခုနှစ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မွေးဖွားခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံ Assumption University – Graduate School of Philosophy and Religion ဌာနမှ ဗဟုဝါဒနှင့် ဆက်စပ်၍ စာတမ်းရေးသားကာ ပါရဂူဘွဲ့ ရရှိခဲ့ပါသည်။ ထို့နောက် လေ့လာရေးစင်တာတစ်ခု ဖြစ်သည့် Center for the Study of Myanmar Politics and Society အား ပူးတွဲတည်ထောင်သူအဖြစ် ပါဝင်ခဲ့ပါသည်။ ထို့အတူ ဖက်ဒရယ်စနစ်ဆိုင်ရာ လေ့လာမှုများနှင့် သုတေသနများတို့တွင်လည်း နည်းပညာအထောက်အကူပြုပိုင်းမှ ပါဝင်ခဲ့ သလို ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အစုအဖွဲ့နှင့် ပတ်သက်၍ နည်းပညာအထောက်အကူပြုပိုင်းမှလည်း ပါဝင်ခဲ့ပါသည်။