• Today is: Friday, March 29, 2024

ထိုင်းနိုင်ငံဘက် ခိုလှုံကရင်စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့ခွင့် အကန့်အသတ် ဖြစ်သာရ

ဓါတ်ပုံ – CJ 

ဖက်ဒရယ်ဂျာနယ်၊ ဇူလိုင် ၂၆

နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက် ခိုလှုံနေသူများဖြစ်တဲ့ ဝေလဒေသဘက်က ကရင်စစ်ဘေးရှောင်များအတွက် ထောက်ပံ့ကူညီပေးခွင့်ဟာ အကန့် အသတ်ဖြစ်နဲ့သာ ရတယ်လို့ ကရင်ပြည်တွင်းရွေ့ပြောင်းသွားလာရေး ကော်မတီဘက်က ဖက်ဒရယ်ဂျာနယ်ကို ပြောပါတယ်။

“ထိုင်းဘက်ရောက်နေတဲ့ စစ်ဘေးရှောင်များတွက် အကူအညီအထောက်အပံ့ပေးနိုင်ဖို့ကြတော့ အကန့် အသတ်တော့ တော်တော်လေးရှိသွားတယ်၊ အဓိကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ သူတို့ရဲ့ ထုတ်ပြန် ကြေညာချက်တွေပေါ်မှာ မူတည်တယ်လို့ သုံးသပ်ရပါတယ်။ ထိုင်းတွေဘက်ကတော့ ဒီစစ်ဘေး ရှောင်တွေကို သို့မဟုတ် လက်နက်ကိုင်အဖွဲ့တွေကို မြန်မာပြည်ဘက်နေ ဘာတွေဘာတွေပို့ပေးတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတော့ သူတို့ထိုင်းဘက်က လုံခြုံရေးဂိတ်တွေ အတော်လေးကို ချထားခဲ့တယ်၊ အဲဒီလုံခြုံရေး ချထားတဲ့ ဂိတ်တွေကို ဖြတ်သန်းသွားလာရတော့ အရင်ကထက်စာရင် အလွန်အခက်အခဲ ရှိနေတယ်၊ အခြေခံအစားအသောက်ဖြစ်တဲ့ ဆန်တွေ၊ ဆီတွေ၊ ဆား၊ ပဲတွေ ဖြတ်သန်းသယ်ယူဖို့ဆိုတာ တော်တော်လေးကို မလွယ်တဲ့ အခြေအနေကို ရောက်လာသာပေ့ါ” ဟု ကော်မတီတာဝန်ခံ စောခဲလေက ပြောပါတယ်။

ဒါ့အပြင် တည်ငြိမ်တဲ့ အခြေအနေမရှိသေးပေမယ့် တချို့စစ်ဘေးရှောင်များဟာ ထိုင်းဘက်ခြမ်းကနေ မြန်မာပြည်ဘက်ကို ပြန်လာနေထိုင်ကြတယ်လို့ သိရပါတယ်။

“စစ်ဘေးရှောင် တော်တော်များများတော့ မြန်မာပြည်ဘက်ကို ပြန်သွားကြတယ်၊ ပြန်သွားကြတယ်ဆို သာကလည်း သူတို့နယ်စပ်ဘက်ကကျေးရွာတွေကတော့ မြန်မာပြည်ခြမ်းနဲ့ ထိုင်းဘက်ခြမ်းဆိုတာ အရင်ကတော့ သွားလိုက်လာလိုက်နဲ့ ပုံမှန်သွားနေကြတဲ့ အနေအထားပါ၊ အခုကြတော့ တိုက်ပွဲအခြေ အနေ တည်ငြိမ်သွားပြီလို့ သူတို့ မျှော်လင့်ပြီး ပြန်သွားကြသာတော့ မဟုတ်ပါဘူး၊ အထူးသဖြင့်တော့ ဒီဘုရားသုံးဆူနဲ့ နီးသွားတဲ့ဘက်က စစ်ဘေးရှောင်တွေ ဥကရစ်ထရဲ့ နောက်ဘက်ခြမ်းက ကျေးရွာသားတွေပေါ့၊ သူတို့ပြန်ကြတယ်ဆိုသာကတော့ သူတို့ရဲ့ မိသားစု စီးပွားနဲ့ စိုက်ပျိုး မွေးမြူထားတဲ့ အသက် မွေးဝမ်းကျောင်းတွေကို ပြန်လည်တည်ဆောက်ဖို့အတွက် သူတို့ပြန်သွားသာဖြစ်တယ်”လို့ ကော်မတီတာဝန်ခံ စောခဲလေက ဆက်ပြောပါတယ်။

လက်ရှိထိုင်းဘက်ခြမ်း ခိုလှုံနေကြသည့် စစ်ဘေးရှောင်များအတွက် အခြေခံ အစားအသောက်များကို ကူညီပေးနိုင်ဖို့အတွက် သယ်ယူပို့ဆောင်ရေးမှာ အခက်အခဲဖြစ်နေသာကြောင့် စစ်ဘေးရှောင်များအတွက် ကူညီပေးရေး ကော်မတီဘက်တော့ လွယ်ကူပြီး သယ်ယူပို့ဆောင်ရေးအတွက်လည်း မခက်ခဲတော့သည့် နည်းလှမ်းပြောင်းပြီး ငွေသားဖြစ်အကူအညီပေးဖို့ စတင်ပြင်ဆင်နေပြီလို့ သိရပါတယ်။