• Today is: Friday, March 29, 2024

ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများ အကြမ်းဖက် စစ်အာဏာရှင်စနစ် မြေလှန်ပစ်မည့် ပြည်သူ့တော်လှန်ရေး သန္နိဌာန် ကြေညာချက်ထုတ်ပြန်

           
                                                                                ဖက်ဒရယ်ဂျာနယ် – ဇူလိုင်လ (၂၆)
အကြမ်းဖက်စစ်ကောင်စီ၏ ဦးဂျင်မီ (ခ) ဦးကျော်မင်းယု၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင် နှင့် ကိုအောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်မှုသည် ပြဌာန်း သတ်မှတ်ထားသော ဥပဒေများ လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်မှု လုံးဝမရှိ သော အကြမ်းဖက် လူသတ်မှု သက်သက်သာကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABFDF)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများက တော်လှန်ရေးသန္နိဌာန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အကြမ်းဖက် စစ်ကောင်စီအား အပြုသဘောဖြင့် ဆက်ဆံချဉ်းကပ်ခြင်းသည် ပြေလည် စေမည့် အဖြေဖြစ်နိုင်လိမ့်မည်ဟု ယုံကြည်နေသူများအနေဖြင့် လည်း အကြမ်းဖက်စစ်ခေါင်းဆောင်တို့၏ သဘောထားအမှန်ကို နားလည်သဘောပေါက်သင့်ပြီဖြစ်ဟုဆိုသည်။ ထိုအပြင် နိုင်ငံရေးပါတီများ တော်လှန်ရေးအင်အားစုများ နှင့် ပြည်တွင်းပြည်ပရှိ ပြည်ထောင်စုဖွား အားလုံးသည် အကြမ်းဖက်စစ်ကောင်စီနှင့် ဖက်ဆစ်စနစ်ကို ၎င်းတို့နှင့် ပူးပေါင်း၍ ညီညီညွတ်ညွတ်ဖြင့် ဖြစ်နိုင်ချေရှိသည့် နည်းလမ်းပေါင်းစုံဖြင့် အမြစ်ပြတ်သည်အထိ ပြတ်ပြတ် သားသားတော်လှန်ကြရန် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဒါ့အပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖက်နိုင်ငံများအနေနဲ့ နိုင်ငံရေးနည်းလမ်းကို ငြင်းပယ် ထားသော အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီကို အပြစ်ပေးအရေးယူနိုင်ရေး၊ ပိတ်ဆို့ဟန့်တားရေးနှင့် တော်လှန်ရေးကို ဆင်နွှဲနေသော ပြည်သူလူထုနှင့် အင်အားစုအားလုံးကို အဖက်ဖက်မှ ကူညီပံ့ပိုးရေး တို့ကို လက်တွေ့ကျကျ ထိရောက်စွာ အရှိန်မြှင့်ဆောင်ရွက်ပေးကြရန်လည် တောင်းဆိုထားသည်။
ပြည်သူ့တော်လှန်ရေ၏ ပန်းတိုင်သည် ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဆန့်ကျင် တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်ရန်ဖြစ်သည်ဟူသော အချက်မှာ တော်လှန်ရေး အင်အားစုများ၏ ဘုံတူညီသောရည်မှန်းချက်အဖြစ် ရှင်းလင်းပြတ်သားပြီးဖြစ်သည်။ ဤကြေညာချက်သည် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ ဆင်နွဲနေသည့် ဖက်ဆစ် စစ်အာဏာရှင် စနစ်မြေလှန်ပစ်မည့် ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲများ၏ ခရာတွတ်သံဖြစ်ပြီး ပြည်သူလူထုတစ်ရပ်လုံး၏ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်မှုဖြင့် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး၊ အုပ်ချုပ်ရေး စစ်မျက်နှာစုံတွင် ဖြစ်နိုင်သည့် နည်းလမ်းအားလုံးကို အသုံးပြုပြီး ဖက်ဆစ်စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မည့် ပြည်သူ့တော်လှန်ရေး အမြန်ဆုံးအောင်မြင်အောင် ညီညီညွတ်ညွတ် မဆုတ်မနစ် ဆန့်ကျင်တွန်းလှန်တိုက်ပွဲဝင်သွားမည်ဟု ခိုင်မာသော သန္နိဌာန်ဖြင့် အဓိဌာန်ပြုကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။