• Today is: Monday, August 8, 2022

ဘာကြောင့် ဖက်ဒရယ်လိုအပ်သလဲ(၄)

ဘာကြောင့် ဖက်ဒရယ်လိုအပ်သလဲ 

ဆလိုင်းရမ်ကိုယ်ကျုံး

မိမိတို့ပြည်ထောင်စုအတွက် ဖက်ဒရယ်စနစ်ကို ဘာကြောင့်လိုအပ်တာလဲ။ “ဖက်ဒရယ်စနစ်ဆိုသည်မှာ ပြည်ထောင်များ(ဝါ) အမျိုးသားပြည်နယ်များက မိမိတို့ဆန္ဒအလျှောက် အချင်းချင်းပူးပေါင်း၍ ပြည်ထောင်စု နိုင်ငံတော်တစ်ခုကို အတူတကွတည်ထောင်ခြင်း” ဟု ဆလိုင်းလျန်မှုန်းမှ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ဖက်ဒရယ်စနစ်ကြောင့် အလုပ်ဖြစ်သွားသည့် နိုင်ငံများရှိသလို အလုပ်မဖြစ်သည့် နိုင်ငံများလည်းရှိသည်။ “မူ” ကြောင့်လား၊ “လူ”ကြောင့်လား၊ အခြေအနေအချိန်အခါကြောင့်လား ဆိုတာကိုတော့ ထည့်တွက်ရမည်။ “မူ” ရော၊ “လူ” ရော ကောင်းလျှင်တော့ အလုပ်ဖြစ်သွားကြသည်သာ ဖြစ်သည်။

ဖက်ဒရယ်စနစ်အကြောင်းမပြောခင် မိမိတို့ပြည်‌ထောင်စုမှ ကျင့်သုံးခဲ့သည့် “နိုင်ငံရေးစနစ်” များ အလုပ်မဖြစ်ခဲ့တာကို အရင်ပြောဖို့ လိုပါသည်။ ဖက်ဒရယ်အတုအယောင်ပါလီမန်ဒီမိုကရေစီစနစ်သည် အလုပ်မဖြစ်ခဲ့၊ တစ်ပါတီဆိုရှယ်လစ်စနစ်သည် အလုပ်မဖြစ်ခဲ့၊ စစ်အုပ်ချုပ်ရေးစနစ်သည် အလုပ်မဖြစ်ခဲ့။ နောက်ဆုံးကျင့်သုံးသည့် စစ်စည်းမျဉ်းခံ ဖက်ဒရယ်ဒီမိုကရေစီအတုအယောင် ပါတီစုံဒီမိုကရေစီစနစ်သည်လည်း အလုပ်မဖြစ်သောကြောင့် ပြင်ဆင်ရန်၊ ဖြည့်စွက်ရန်၊ ပယ်ဖျက်ရန် အားလုံးက ဝိုင်းတွန်းခဲ့ကြရသည်။ ထို့ကြောင့် မိမိတို့သည် ပြည်ထောင်စုအတွက် အမှန်တကယ်အလုပ်ဖြစ်မည့် ‘နိုင်ငံရေးစနစ်’ တစ်ခုကို ရွေးချယ်ကျင့်သုံးရန် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစု ပင်လုံတွင် ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ညှိနှိုင်းရာ တွင် ၁၉၄၇ ခုနှစ်ပင်လုံသဘောတူညီချက်များအတိုင်း ဖက်ဒရယ်စနစ်နှင့်ဒီမိုကရေစီစနစ်တို့ကို ကျင့်သုံးမည်ဟု ဆိုကြခြင်းဖြစ်သည်။

ပြည်ထောင်စုနိုင်ငံသစ်တွင် ဖက်ဒရယ်စနစ်ကိုကျင့်သုံးမည်ဟု ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များက အဘယ့်ကြောင့် ဆုံးဖြတ်ခဲ့ကြသနည်း။ ပြည်ထောင်စုကိုတည်ထောင်ခဲ့ကြသည့် ခေါင်းဆောင်ကြီးများမျှော်မှန်းခဲ့သော ဖက်ဒရယ်စနစ်သည် မျက်မှောက်ခေတ်နိုင်ငံရေး အခင်းအကျင်းအတွက် သင့်လျော်မှုရှိပါသလား။ ဖက်ဒရယ်စနစ်ကို လိုအပ်ရသည့်အကြောင်းအရင်းများစွာထဲမှ အချက်(၅)ချက်ကို ဖော်ပြလိုပါသည်။

အမျိုးသားပြည်နယ်များဖြင့်ပြည်ထောင်စုနိုင်ငံအားဖွဲ့စည်းထားခြင်း

 ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ နိဒါန်းတွင်‘ … ကျွန်ုပ်တို့ တိုင်းရင်းသားပြည်သူအပေါင်းတို့သည် စည်းလုံးညီညွတ်စွာ တစ်သားတည်းနေထိုင်လာခဲ့ကြပြီး အချုပ်အခြာအာဏာပိုင်လွတ်လပ်သော နိုင်ငံအဖြစ်ထူထောင်ကာ ထည်ဝါစွာရပ်တည်ခဲ့ကြပေသည်။ ကိုလိုနီနယ်ချဲ့တို့၏ ကျူးကျော်မှုကြောင့် ၁၈၈၅ ခုနှစ်တွင် နိုင်ငံတော်အာဏာ လုံးဝလက်လွှတ်ဆုံးရှုံးခဲ့ရပေသည်ဟုဖော်ပြထားသည်။ ယင်းအယူအဆကြောင့် အာဏာရှင်များသည် ‘Coming together’ ကိုလက်မခံဘဲ ‘Holding together’ ဟုဆိုသည်။ မြန်မာပြည်နယ်ဖွဲ့စည်းရေးကိုလက်မခံဘဲ တိုင်းဒေသကြီး (၇) ခုကိုဖွဲ့စည်းသည်။ အထက်လွှတ်တော်နှင့်အောက်လွှတ်တော်ဟူ၍ လွှတ်တော် (၂) ရပ်ထားရှိမှု‘Bicameralism’ ကိုငြင်းပယ်သည်။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ‘State Constitution’ ကိုခွင့်မပြုလို။ တစ်ပြည်ထောင်စနစ်ကို ဖက်တွယ်ထားသည်။

သို့သော်လည်း တိုင်းရင်းသားလူမျိုးများက ပင်လုံစာချုပ်သည် ‘ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မြန်မာပြည်ကြားဖြတ်အစိုးရနှင့် ပူးပေါင်း၍ လွတ်လပ်ရေးကိုအတူတကွရယူကာ တန်းတူရည်တူပူးပေါင်းသော ပြည်ထောင်စုနိုင်ငံသစ်တစ်ခုကို အတူတကွထူထောင်ကြမည်ဟု ပဋိညာဉ်ပြုသောစာချုပ်ဖြစ်သည်’ ဟုခိုင်မာစွာ စွဲကိုင်ထားပါသည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နှင့် ချင်းအမျိုးသားတပ်ဦး တို့၏ ဒုတိယအကြိမ်ပြည်ထောင်စုအဆင့် သဘောတူညီချက်အပိုဒ် (၁) တွင်မိမိတို့၏ ပြည်ထောင်စုသည်‘၁၈၉၆ ခုနှစ်၊ ချင်းတောင်တန်းအက်ဥပဒေ (The Chin Hills Regulation, 1896) ဖြင့်အုပ်ချုပ်ခဲ့သော ချင်းတောင်

တန်းဒေသ၊ ကချင်တောင်တန်းဒေသဥပဒေ (The Kachin Hill Tribes Regulation) ဖြင့်အုပ်ချုပ်ခဲ့သော ကချင်တောင်တန်းဒေသ၊ ပြည်ထောင်စုရှမ်းပြည်အက်ဥပဒေ (Federated Shan States) ဖြင့်အုပ်ချုပ်ခဲ့သော ပြည်ထောင်စုရှမ်းပြည်နှင့် (The Government of Burma Act, 1935) အရ အုပ်ချုပ်ခဲ့သော နယ်မြေများကို… “ပင်လုံစာချုပ်” အရ စုပေါင်း၍ ဖွဲ့စည်းတည်ထောင်သည့်ပြည်ထောင်စု ဖြစ်ပါသည်’ ဟုပါရှိသည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) က ယင်းသဘောတူညီချက်ကို ထပ်ဆင့် အတည်ပြုခဲ့ပါသည်။

            ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြုပြည်ပြုလွှတ်တော်သို့ လမ်းညွှန်မူ(၇)ချက် ကိုတင်သွင်းရာတွင် ‘ကျနော်တို့နိုင်ငံကို ပြည်ထောင်စုနိုင်ငံအဖြစ်နှင့် ဖွဲ့စည်းတည်ထောင်မှသာလျှင် သင့်လျော်လျှောက်ပတ် ပါလိမ့်မည်’ ဟု၎င်း၏ယူဆချက်ကိုဖော်ပြခဲ့သည်။ ထို့အပြင် အမျိုးသားပြည်နယ်များ၏ မိမိဆန္ဒအလျောက် ပူးပေါင်းခြင်းနှင့်ပတ်သက်၍ ‘ကျနော်တို့ဗမာလူမျိုးစုဖြစ်တဲ့လူတွေဟာ ခင်ဗျာတို့ကိုအတင်းအားဖြင့် ကျနော်တို့ ပြည်ထောင်စုထဲမှာမသွင်းပါဘူး။သဘောမတူဘဲမနေနိုင်တဲ့ အခြေအနေမျိုးကို လက်တစ်လုံးခြားလိမ်တဲ့နည်း နဲ့လည်း ကျနော်တို့မလုပ်ပါဘူး’ ဟုတောင်တန်းနယ်မှကိုယ်စားလှယ်များကို အာမခံခဲ့သည်။ မြန်မာလူမျိုး စုခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များသည် မိမိတို့၏ဆန္ဒအလျောက် ပြည်ထောင်စုနိုင်ငံကို ဖွဲ့စည်းတည်ထောင်ခဲ့ကြခြင်းဖြစ်သည်။ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များက ပြည်ထောင်စုနိုင်ငံကိုစုပေါင်း၍ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သောကြောင့် ဖက်ဒရယ်စနစ်ကျင့်သုံးရန် လိုအပ်ပါသည်။

နိုင်ငံရေးပြဿနာများကိုအဖြေရှာခြင်း

အစိုးရအဆက်ဆက်သည် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ပစ်ပယ်ပြီး တစ်ပြည်ထောင်စနစ် တည်ဆောက်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့်ကြိုးပမ်းခဲ့သော ကြောင့်မိမိတို့၏ ပြည်ထောင်စုသည် နိုင်ငံရေးပြဿနာနှင့် ပြည်တွင်းစစ်ကိုကြုံတွေ့နေရသည်။ ယင်းနိုင်ငံရေးပြဿနာနှင့် ပြည်တွင်းစစ်ကြောင့် လူပေါင်းများစွာ သေဆုံးကြသည်။ အိုးအိမ်တွေ ပျက်စီးသည်။ ဘဝတွေ ပျက်သည်။ တစ်တိုင်းပြည်လုံး ဆင်းရဲ တွင်းထဲ နစ်သွားသည်။ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ အားကစား၊ ဂီတ၊ ရုပ်ရှင်အပါအဝင် အစစအရာရာတွင် နောက်ကောက်ကျနေရသည်။ ဤအတိုင်းဆက်သွားလျှင် ပြည်ထောင်စု၏အနာဂတ်သည် မတွေးဝံ့စရာပင်။

တစ်ဖက်တွင် တိုင်းရင်းသားလူမျိုးများက ၁၉၄၇ ပင်လုံမတိုင်မီကတည်ရှိခဲ့သည့် မြန်မာ့သမိုင်းသည် မိမိတို့နှင့်သက်ဆိုင်ခြင်းမရှိ၊ မိမိတို့သည်သီးခြားလူမျိုး(များ)ဖြစ်ပြီး သီးခြားနယ်မြေ(များ)၊ သီးခြားယဉ်ကျေးမှု(များ)၊ သီးခြားသမိုင်း(များ)ရှိသည်ဟု ခံယူထားကြသည်။ ထို့ကြောင့်ပင် တော်လှန်ရေးကာလ အစောပိုင်းတွင် တိုင်းရင်းသားလူမျိုးများသည် လွတ်လပ်ရေးအိပ်မက်ကို မက်ခဲ့ကြခြင်းဖြစ်သည်။ သို့သော် လွတ်လပ်ရေးရယူဖို့မဆိုထားနှင့် အဖွဲ့အစည်းရပ်တည်ရေးကိုပင် မစွမ်းဆောင်နိုင်သောကြောင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများစွာသည် လမ်းခုလတ်တွင် ပျောက်ကွယ်သွားကြရသည်။ သို့သော် အချို့သောအဖွဲ့အစည်းများကတော့ အင်အားခိုင်မာတောင့်တင်း ကြသည်။

အစိုးရ/တပ်မတော်က တိုင်းရင်းသားလူမျိုးများကို အမြစ်ပြုတ်တိုက်နိုင်လျှင် တစ်ပြည်ထောင်စနစ်ကို တည်ထောင်နိုင်မည်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများက လွတ်လပ်ရေးရယူနိုင်လျှင် အရှေ့တောင်အာရှတွင် နိုင်ငံသစ်များ ပေါ်ထွန်းလာမည်ဖြစ်သည်။ Prof. John Badgley က ၎င်း၏အင်တာဗျူးတွင် ‘မတူကွဲပြားမှုကို နားလည်သဘောပေါက်ပြီး အသိအမှတ်ပြုပေးဖို့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ကြမလား။ သီးခြားနိုင်ငံတွေဖြစ်သွားစေမလား ဆိုတာကို စဉ်းစားဆင်ခြင်ကြဖို့ သိပ်အရေးကြီးပါတယ်။… ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံစစ်စစ်ကို ဖော်ဆောင်ကြပါ။ တစ်ပြည်ထောင်စနစ် Unitary ပုံစံလုပ်ရင်တော့ ကျဆုံးလိမ့်မယ်’ ဟုဖြေကြားခဲ့သည်။

အစိုးရ/တပ်မတော်၏ တစ်ပြည်ထောင်စနစ်တည်ဆောက်ရေးကြိုးပမ်းမှုနှင့် တိုင်းရင်းသားလူမျိုးများ၏ လွတ်လပ်ရေးအိပ်မက်တို့သည် နိုင်ငံရေးပြဿနာနှင့် ပြည်တွင်းစစ်ဟူသည့်ပုစ္ဆာကို အဖြေမထုတ်နိုင်ပါ။ ထို့ကြောင့်ပင် အစိုးရ/တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတို့သည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ‘နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့်ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်’ကို ရွေးချယ်ခဲ့ကြသည်။ ‘ဖက်ဒရယ်’ကို နိုင်ငံရေးစနစ်တစ်ခုသက်သက်အနေဖြင့် ချဉ်းကပ်ခြင်းမဟုတ်ဘဲ နိုင်ငံရေးပဋိပက္ခ၊ စစ်ရေးပဋိပက္ခများကို အဖြေရှာပေးမည့် ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ ဒီမိုကရေစီတည်ဆောက်ရေးကိရိယာ တန်ဆာတစ်ခုအနေဖြင့် လိုအပ်ခြင်းဖြစ်သည်။

ပြည်ထောင်စုနှင့်ဗဟုယဉ်ကျေးမှု

အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးတို့အတွက် အဓိကမောင်းနှင်အား တစ်ခုမှာ ယဉ်ကျေးမှုဖြစ်သည်။ ဘယ်တိုင်းရင်းသားလူမျိုးရဲ့ ယဉ်ကျေးမှုလဲ။ တိုင်းရင်းသားလူမျိုးအားလုံး၊ နိုင်ငံသားအားလုံး၏ယဉ်ကျေးမှုများ ဖြစ်ရပေမည်။ မိမိတို့၏ အမှတ်သရုပ်လက္ခဏာ(identity) များကို စွန့်လွှတ်ပေးဆပ်စရာမလိုဘဲ ယဉ်ကျေးမှုများတစ်ခုနှင့်တစ်ခု အပြန်အလှန်ဒိုင်ယာလောခ့်လုပ်နိုင်မည့် အခင်းအကျင်းကို ဖန်တီးရမည်။ ဘာသာရေးအဖွဲ့အစည်းများက Interfaith dialogue ကိုစတင်ပြုလုပ်နေကြသည်ကို တွေ့ရသည်။ သို့သော်အနှစ်သာရရှိရှိ၊ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ဖို့ဆိုလျှင် အစိုးရမူဝါဒ အပြောင်းအလဲ လိုအပ်သည်။ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ အနေဖြင့် မိမိတို့၏ဘာသာစကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်အသုံးပြုပိုင်ခွင့်၊ အမျိုးသားပညာရေးဆိုင်ရာ လုပ်ပိုင်ခွင့်များအပါအဝင် အမျိုးသားအမှတ်သရုပ်လက္ခဏာကို ထိန်းသိမ်းမြှင့်တင်ပိုင်ခွင့်များ လိုအပ်သည်။

မြန်မာတိုင်းရင်းသား ဘာသာစကားတစ်ခုတည်းကိုသာ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ပြီး အခြားတိုင်းရင်းသားဘာသာစကားများကို ကန့်သတ်ခြင်း၊ မြန်မာတိုင်းရင်းသားယဉ်ကျေးမှုကိုသာ မြှင့်တင်ပြီး အခြားတိုင်းရင်းသားလူမျိုးတို့၏ ယဉ်ကျေးမှုများကိုကန့်သတ်ခြင်း၊ လွတ်လပ်စွာကိုးကွယ်ခွင့်(Freedom of Worship) ကိုအတိုင်းအတာတစ်ခုအထိ ဖွင့်ပေးထားသော်လည်း လွတ်လပ်စွာယုံကြည်ခွင့်/ ဘာသာရေးလွတ်လပ်ခွင့် (Freedom of Belief/Religion) ကို ဖွင့်မထားခြင်း စသည်တို့ကိုချန်ထားခဲ့ပြီး မိမိတို့ပြည်ထောင်စုအတွင်းရှိဘာသာ သာသနာများ၊ ဘာသာစကားများ၊ ယဉ်ကျေးမှုများကိုအသိအမှတ်ပြုကာ ဗဟုယဉ်ကျေးမှုရှင်သန်ရေးနှင့် တိုးတက်ရေးအတွက် ဖက်ဒရယ်စနစ်လိုအပ်သည်။ မိမိတို့ပြည်ထောင်စုသည် လူမျိုးတစ်မျိုး၊ ဘာသာစကားတစ်ခု၊ သာသနာတစ်ခုဖြင့် တည်ဆောက်ထားသည့် တိုင်းပြည်မဟုတ်သောကြောင့် ပြည်ထောင်စုဝိသေသလက္ခဏာကို တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ အမှတ်သရုပ်လက္ခဏာများဖြင့် ဖော်ဆောင်ရပေမည်။

မိမိတို့၏ ပြည်ထောင်စုသည် လူမျိုးပေါင်းစုံဖြင့် စုစည်းထားသည့် multination federation ဖြစ်သည်။ ထို့ကြောင့် ဖက်ဒရယ်ကိုချဉ်းကပ်ရာတွင် လူမျိုးနှင့်ယဉ်ကျေးမှုဗဟုဝါဒ (ethnocultural pluralism) ရှုထောင့်မှ ချဉ်းကပ်ဖို့လိုသည်။ ဗဟုယဉ်ကျေးမှုကိုစဉ်းစားရာတွင် အမေရိကန်ပုံစံ၊ ဩစတေးလျပုံစံမျိုး မဟုတ်ဘဲ  တိုင်းရင်းသားလူမျိုးကို အခြေခံသင့်သည်။ မိမိတို့၏ ဖက်ဒရယ်ပုံစံတွင် နိုင်ငံရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြင် ယဉ်ကျေးမှုဆိုင်ရာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုလည်း ထည့်သွင်းရန် လိုအပ်ပါမည်။ အမျိုးသားအမှတ်သရုပ်လက္ခဏာများ (national identities) များကို ဒီမိုကရေစီနည်းဖြင့် ငြိမ်းချမ်းစွာထိန်းသိမ်းမြှင့်တင်ကာကွယ်ခြင်းနှင့် identity များအကြား ဒိုင်ယာလော့ခ်ပြုလုပ်ခြင်းတို့ကို ဖက်ဒရယ်စနစ်ဖြင့်ဖော်ဆောင်ကြရမည်။ အမျိုးသားရေးဝါဒများ၊ အမျိုးသားယဉ်ကျေးမှုများကို ဖက်ဒရယ် ဘောင်ထဲတွင် တဖြည်းဖြည်းညှိယူသွားရမည်။ တစ်နည်းဆိုရလျှင် multination federalism ဖြင့် ယဉ်ကျေးမှုများအကြား ဒိုင်ယာလော့ခ်ပြုလုပ်ကာ ပြည်ထောင်စုဝိသေသလက္ခဏာကို ဖော်ဆောင်သွားရန်ဖြစ်သည်။

အမျိုးသားတန်းတူရေး

ဒီမိုကရေစီစနစ်အရ အချုပ်အခြာအာဏာသည် ပြည်သူလူထုထံမှဆင်းသက်သည်။ ပြည်သူလူထုတွင် တည်သည်။ ဖက်ဒရယ်စနစ်နှင့်ဒီမိုကရေစီစနစ်တို့အရ အချုပ်အခြာအာဏာသည် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များနှင့် ၎င်းပြည်နယ်များအတွင်း မှီတင်းနေထိုင်သော ပြည်သူလူထံမှ ဆင်းသက်သည်။ တစ်နည်းဆိုရလျှင် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များသည် ပြည်ထောင်စုနိုင်ငံ၏ အချုပ်အခြာ အာဏာကို စုပေါင်းပိုင်ဆိုင်ကြခြင်း၊ ပြည်ထောင်စုကိုစုပေါင်းအုပ်ချုပ်ကြခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ပြည်နယ်တွင်ထားရှိမည့်အာဏာများ၊ ပြည်ထောင်စုသို့အပ်နှင်းမည့်အာဏာများကို ခွဲဝေကြခြင်းဖြစ်သည်။ စင်စစ် State ဆိုသည်မှာ နိုင်ငံဖြစ်သည်။ သို့သော် လွတ်လပ်သည့်(independent)နိုင်ငံမဟုတ်တော့ပါ၊ ပြည်ထောင်စုအဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။ သင်္ကေတ(Symbol)အနေဖြင့် State ဟုသုံးခြင်းဖြစ်သည်။ ထို့ကြောင့် လွတ်လပ်သည့်နိုင်ငံကဲ့သို့ အချုပ်အခြာအာဏာအပြည့်အဝ မရှိပါ။ သက်ဆိုင်ရာပြည်နယ်၏ ဖြစ်တည်မှုသမိုင်းကိုအသိအမှတ်ပြုပြီး စုဖွဲ့မှုအသစ်တွင် အာဏာခွဲဝေကျင့်သုံးကြခြင်း ဖြစ်သည်။

မိမိတို့တိုင်းပြည်တွင် ဖက်ဒရယ်စနစ်ကျင့်သုံးရန်လိုအပ်သည့် အကြောင်းအရင်းမှာ ယင်းကဲ့သို့သက်ဆိုင်ရာပြည်နယ်များ၏ ဖြစ်တည်မှုသမိုင်းကိုအသိအမှတ်ပြုပြီး နိုင်ငံရေးအရတန်းတူမှုကို ဖော်ဆောင်ရေးအတွက်ဖြစ်သည်။ ပြည်ထောင်စုနှင့်ပြည်နယ်အကြား အာဏာခွဲဝေရေး၊ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ (State Constitution) ရေးဆွဲပြဋ္ဌာန်းရေး၊ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ဟူ၍

လွှတ်တော်(၂)ရပ် (Bicameralism) ဖွဲ့စည်းထားရှိရေး စသည်တို့ကိုညှိနှိုင်းဆွေးနွေးခြင်းသည် ခွဲထွက်ရေး (သို့) လွတ်လပ်ရေး (Independence) အတွက်မဟုတ်သလို မြန်မာတိုင်းရင်းသားတို့၏ မွေးရာပါအခွင့်အရေးများကို လုယူရန်အတွက်လည်းမဟုတ်ပေ။ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏ ဖြစ်တည်မှုသမိုင်းကို အသိအမှတ်ပြုပြီး နိုင်ငံရေးအရတန်းတူမှုကို ဖက်ဒရယ်စနစ်ဖြင့် အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်ခြင်း သာ ဖြစ်သည်။

တန်းတူရေးကိုဘယ်လိုဖော်ဆောင်မလဲ၊ ပြည်နယ်အရေအတွက်နဲ့လား၊ မြန်မာပြည်နယ်လည်းရှိရမည်။ အထက်လွှတ်တော်နဲ့ဖော်ဆောင်မှာလား၊ ပြည်နယ်များက ကိုယ်စားလှယ်အရေအတွက်တူညီစွာ စေလွှတ်ရမည်၊ သီးခြားဆုံးဖြတ်ပိုင်ခွင့်ရှိရမည်၊ အထူးလုပ်ပိုင်ခွင့်တွေရှိရမည်။ နိုင်ငံတော်သမ္မတရွေးချယ်ခွင့်နဲ့ ဖော်ဆောင်မှာ လား။ Electoral College လိုမျိုး ပြည်နယ်အခြေခံဖြင့်ရွေးကြမည်လား။ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်/အတည်ပြုရာတွင် ပြည်နယ်ကိုအခြေခံခြင်းဖြင့် ဖော်ဆောင်မှာလား။ ပြည်နယ်ကိုအခြေခံပြီး လူထုဆန္ဒခံယူပွဲလုပ်ကြမလား။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖော်ဆောင်မှာလား။ ပြည်နယ်အသီးသီးမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုယ်စီရှိမည်၊ ပြည်ထောင်စုရေးရာကိုစုပေါင်းစီမံကြမည်။ အမျိုးသားတန်းတူရေးကို ဖော်ဆောင်နိုင်မည့်နည်းလမ်းတွေ ဖက်ဒရယ်စနစ်တွင်ရှိသည်။ မိမိတို့ပြည်ထောင်စုနှင့် လိုက်လျောညီထွေ ဖြစ်မည့် ဖက်ဒရယ်ပုံစံကို ဖန်တီးကြဖို့သာဖြစ်သည်။ လိုအပ်လျှင်ဖက်ဒရယ်ပုံစံသစ်ကိုလည်း ဖော်ထုတ်ကြ ရပေမည်။

လူမှုသဟဇာတဖြစ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး

ပြည်ထောင်စုနိုင်ငံကို မိမိတို့စတင်ဖွဲ့စည်းစဉ်ကတည်းက ဖက်ဒရယ်စနစ်နှင့်ဒီမိုကရေစီစနစ်တို့ကို ကျင့်သုံးပြီး အမျိုးသားတန်းတူရေးကို အပြည့်အဝဖော်ဆောင်ခဲ့ပါက ယခုအချိန်ဆိုလျှင် လူမှုသဟဇာတဖြစ်မှု သည် ‘တာ’ အတော်သွားနေလောက်ပေပြီ။ ယခုတော့ နိုင်ငံရေးပဋိပက္ခ၊ ပြည်တွင်းစစ်နှင့်လူ့အခွင့်အရေး ချိုး

ဖောက်မှုများကြောင့်ဖြစ်ပေါ်လာသည့် ယုံကြည်မှုပျက်သုဉ်းခြင်း၊ စိတ်ဒဏ်ရာရရှိခြင်း စသည့်ဆိုးကျိုးများကို အချိန်ယူကုသရဦးမည် ဖြစ်သည်။ ထိုနည်းတူပြည်ထောင်စုအတွင်း စည်းလုံးညီညွတ်မှုရှိခဲ့ပါက ယခုအချိန်ဆိုလျှင် အတိုင်းအတာတစ်ခုအထိလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်နေပေလိမ့်မည်။ ဘယ်သောအခါမျှ မတိုးတက်ခြင်းထက်စာလျှင် ယခုမှစတင်၍ တိုးတက်ခြင်းသည်ကောင်းသော်လည်း အချိန်ယူ၍ကြိုးပမ်း

အားထုတ်ရဦးမည်ဖြစ်သည်။

အစိုးရ အင်စတီကျူးရှင်းများအပေါ် ယုံကြည်မှုဘယ်လောက်ရှိသလဲ။ အခြားတိုင်းရင်းသား လူမျိုးများအပေါ် ယုံကြည်မှုဘယ်လောက်ရှိသလဲ။ စင်စစ်မိမိတို့သည် ပြည်ထောင်စုနိုင်ငံသစ်တွင် အတူတကွ နေထိုင်ကြသည်မှာ နှစ်ပေါင်း(၇၀)ကျော်လာခဲ့ပြီဖြစ်သည်။ အကယ်၍ လူမှုစုစည်းညီညွတ်မှု(Social integration) ကိုကောင်းကောင်းလုပ်နိုင်ခဲ့မည်ဆိုလျှင် လူမှုသဟဇာတဖြစ်မှု (Social cohesion) သည် တစ်စုံတစ်ရာ ခိင်မာကောင်းမွန်နေလောက်ပြီ ဖြစ်သည်။ သို့သော် အတိတ်ကစီမံခန့်ခွဲမှုအမှားကြောင့် အင်စတီကျူးရှင်းများအပေါ် ယုံကြည်မှုကို အချိန်ယူတည်ဆောက်ရဦးမည်ဖြစ်သည်။ ထို့အပြင် တစ်ပြည်ထောင်စနစ်ကို တည်ဆောက်နေမှုကြောင့် မိမိပြည်နယ်၊ မိမိလူမျိုး၊ မိမိယဉ်ကျေးမှု မပျောက်ကွယ်ရေး အတွက် အလူးအလဲခုခံကာကွယ်နေရသည်ဖြစ်ရာ ‘ယုံကြည်မှု’ သည် အလွန်အားနည်းနေပါတော့သည်။

စီးပွားရေးအခွင့်အလမ်းများအပေါ် ကျေနပ်မှုဘယ်လောက်ရှိသလဲ။ အခြားတိုင်းရင်းသားလူမျိုးတွေ ရဲ့အကြောင်း ဘယ်လောက်သိသလဲ။ မိမိတို့ပြည်ထောင်စုသည် ဖွံ့ဖြိုးမှုအနိမ့်ဆုံးတိုင်းပြည်များ (Least Developed Countries-LDC) စာရင်းတွင်ရှိနေဆဲ ဖြစ်သည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြင့် ရင်းနှီးမြှုပ်နှံမှုတွေကို မျှော်လင့်နေသော်လည်း ထင်သလောက် ခရီးမပေါက်နိုင်သေးပေ။ စီးပွားရေးဖြေလျှော့

မှုနှင့် စနစ်တကျပြုပြင်ပြောင်းလဲမှုကို တဖြည်းဖြည်း ကြိုးစားရမည့်သဘောရှိသည်။ ထို့ပြင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုသည် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအကြား အလွန်ကွာခြားနေသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြည့်လျှင်(သို့)အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်ကြည့်လျှင်တော့ စိန်ခေါ်မှုတွေနှင့်သာ ပြည့်နှက်နေသည်။

‘ဖက်ဒရယ်’ သည်လူမှုသဟဇာတဖြစ်ရေးနှင့် ဖွံ့ဖြိုးရေးအတွက်လည်း စနစ်ကောင်းတစ်ခုဖြစ်သည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံရှိသည့် နိုင်ငံများအတွက် အင်စတီကျူးရှင်းများကို အဆင့်ဆင့် ဖွဲ့စည်း တည်ဆောက်ခြင်း၊ ဗဟုယဉ်ကျေးမှုရှင်သန်တိုးတက်မှုအတွက် ဖန်တီးပေးခြင်းစသည်တို့ကို လုပ်ဆောက် နိုင်သည်။ ပြည်ထောင်စုနှင့်ပြည်နယ်အကြား အာဏာခွဲဝေခြင်း၊ ဖက်ဒရယ်ဘဏ္ဍာရေး စသည့်လုပ် နည်းလုပ် ဟန်များသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုများအတွက် အဓိကသော့ချက်ဖြစ်လာပါလိမ့်မည်။

ပြည်ထောင်စုအတွက်ဖက်ဒရယ်စနစ်

မိမိတို့ပြည်ထောင်စုသည် တစ်ပြည်ထောင်နိုင်ငံမဟုတ်ဘဲ ပြည်ထောင်စုနိုင်ငံဖြစ်သောကြောင့် ဖက်ဒရယ်စနစ်ကို လိုအပ်ခြင်းဖြစ်သည်။ နိုင်ငံရေးပြဿနာအဖြေရှာရေးနှင့် ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ ဗဟုယဉ်ကျေးမှုရှင်သန်တိုးတက်ရေး၊ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏ ဖြစ်တည်မှုသမိုင်းကို အသိအမှတ်ပြုပြီး နိုင်ငံရေးအရတန်းတူမှုကို ဖောဆောင်ရေး၊ ပြည်ထောင်စုသားများအကြား ယုံကြည်မှု တည်ဆောက်ရေးနှင့် လူမှုစီးပွားလုပ်ပိုင်ခွင့်များရှိရေးတို့အတွက် ဖက်ဒရယ်စနစ်လိုအပ်သည်။

စင်စစ် ဖက်ဒရယ်စနစ်ကို တောင်ပေါ်တိုင်းရင်းသားများသာ လိုအပ်နေခြင်းမဟုတ်ပေ။ မြန်မာတိုင်းရင်းသားများလည်း ဖက်ဒရယ်ကိုလိုအပ်ပါသည်။ ပြည်ထောင်စုသားအားလုံးသည် ပြည်ထောင်စု၏ ကံကောင်းခြင်း၊ ကံဆိုးခြင်း အားလုံးကိုအတူတကွ မျှဝေခံစားနေရခြင်းဖြစ်သည်။ ဖက်ဒရယ်စနစ်သည် မြန်မာတိုင်းရင်းသားများအပါအဝင် ပြည်ထောင်စုသားအားလုံးအတွက် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးကိုဆောင်

ကြဉ်းပေးမည့် ‘နိုင်ငံရေးစနစ်’ ဖြစ်သည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် စေ့စပ်သေချာစွာ ဆောင်ရွက်ဖို့လိုသည်။ ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီစနစ်တို့ကို အကျေအလည်ညှိနှိုင်းဆွေးနွေးပြီး မိမိတို့၏ နောက်ခံသမိုင်း၊ ယဉ်ကျေးမှု၊ နိုင်ငံရေး ရေခံမြေခံနှင့်ကိုက်ညီမည့်ဖက်ဒရယ်ပုံစံ၊ ဒီမိုကရေစီပုံစံများကို အသေအချာ ပုံဖော်ရမည်ဖြစ်သည်။

End Notes

၁။ ဆလိုင်းလျန်မှုန်း ၊ တိုင်းရင်းသားလူမျိုးများလိုလားသော ဖက်ဒရယ်ပြည်ထောင်စုစနစ်(Yangon:

BCES, 2013)

၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)

၃။ ပင်လုံလက်စွဲ- ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ပင်လုံစိတ်ဓာတ်တို့ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း

(မိုင်ဂျာယန်-တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ။ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ

ပထမအကြိမ်)

၄။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ချင်းအမျိုးသားတပ်ဦးတို့၏ ဒုတိယ

အကြိမ်တွေ့ဆုံညှိနှိုင်းမှုအပြီး နှစ်ဖက်လက်မှတ်ရေးထိုးသည့် သဘောတူညီချက်။ (မြန်မာနိုင်ငံ

ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန၊ ရန်ကုန်။ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့)

၅။ ဆလိုင်းလျန်မှုန်း၊ ပင်လုံကတိကဝတ်များ (Yangon: BCES, 2013)

၆။ Ibid

၇။ VOA Burmese News – လိုအပ်နေတဲ့စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်(https://burmese.voanews.com/a/5638450.html. Accessed on December 18, 2020)

၈။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (နေ ပြည်တော်၊ ၂၀၁၅ ခုနှစ်၊

အောက်တိုဘာလ ၁၅ ရက်)

ကိုးကားစာအုပ်စာရင်း-

၁။ ဆလိုင်းလျန်မှုန်း ၊တိုင်းရင်းသားလူမျိုးများလိုလားသော ဖက်ဒရယ်ပြည်ထောင်စုစနစ်(Yangon: BCES, 2013)

၂။ __________ ၊ ပင်လုံကတိကဝတ်များ (Yangon: BCES, 2013)

၃။ ပင်လုံလက်စွဲ – ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ပင်လုံစိတ်ဓာတ်တို့ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း(မိုင်ဂျာယန်- တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ။ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ပထမအကြိမ်)

၄။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)

၅။ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့်ချင်းအမျိုးသားတပ်ဦးတို့၏ ဒုတိယအကြိမ်တွေ့ဆုံညှိနှိုင်းမှုအပြီး နှစ်ဖက်လက်မှတ်ရေးထိုးသည့်သဘောတူညီချက်။ (မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန၊ ရန်ကုန်။ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့)

၆။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(နေပြည်တော်၊၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်)

၇။ VOA Burmese News -လိုအပ်နေတဲ့စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ် (https://burmese.voanews.com/a/5638450.html. Accessed on December 18, 2020)