• Today is: Monday, November 28, 2022

ဘာကြောင့်ဖက်ဒရယ်လိုအပ်သလဲ(၅)

ဘာကြောင့်ဖက်ဒရယ်လိုအပ်သလဲ (၅)

တိုင်းရင်းသားနိုင်ငံရေးပါတီမှခေါင်းဆောင်တစ်ဦး

ကမ္ဘာမှာ လူမှုအဖွဲ့အစည်းကြီးတွေကို တကယ်တမ်းထိန်းကျောင်းတာက နိုင်ငံရေးစနစ်တွေပါ။ သက်ဆိုင်ရာလူမှု အဖွဲ့အစည်းအလိုက် သင့်လျော်တဲ့နိုင်ငံရေးစနစ်တွေတည်ရှိမှ ကောင်းကျိုးပြုတိုးတက်တာပါ။ နိုင်ငံရေးစနစ်ကိုက်ညီမှုရှိမရှိတာတွေဟာ အဲဒီလူမှုအဖွဲ့အစည်း အဲ့ဒီနိုင်ငံအတွက်တိုးတက်မှုဆုတ်ယုတ်မှုတွေ ပြဋ္ဌာန်းပေးတာဖြစ်တယ်။ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ လူမှုအဖွဲ့အစည်းဟာ မည်သည့်နိုင်ငံရေးစနစ်ကို အမှန်တ ကယ်လိုအပ်သနည်း ဆိုတဲ့ပုစ္ဆာရဲ့အဖြေမှန် ဒီနေ့အထိမရသေးဘူးဆိုရပါမယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအဖြစ် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့က စတယ်ဆိုပါစို့။ ၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့အထိက ပါလီမန်ဒီမိုကရေစီ၊ ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိက တစ်ပါတီအာဏာရှင်စနစ်၊ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ (၁၈) ရက်ကနေ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲ နိုဝင်ဘာ (၇) ရက်နေ့ပြီးသည်အထိ စစ်အာဏာရှင်စနစ်၊ ၂၀၁၀ ခုနှစ်၊ မတ်လ (၃၀)ရက်ကစတဲ့ ဦးသိန်းစိန်အစိုးရကနေ ယနေ့အထိက ရွေးကောက်ပွဲဒီမိုကရေစီနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သွားနေဆဲ။ မအောင်မြင်သေးဘူးပဲ ပြောပါရစေ။ ဒီကာလများမှာ ဗမာတိုင်းရင်းသားတွေလိုလားတဲ့ နိုင်ငံရေးစနစ်နဲ့ ပြည်နယ်နေလူမျိုးစုတွေလိုလားတဲ့ နိုင်ငံရေးစနစ်ဟာ သိသာစွာကွဲပြားခဲ့ပါတယ်။ ဗမာတိုင်းရင်း သားတွေလိုလားတာက စစ်မှန်တဲ့ဒီမိုကရေစီရရှိရေး၊ ပြည်နယ်လူမျိုးစုတွေလိုလားတာက ဖက်ဒရယ်ရရှိရေး ဖြစ်ပါတယ်။ ဒါကြောင့် ထပ်တူမကျဘဲ နိုင်ငံရေးပဋိပက္ခဖြစ်ခဲ့တယ်။ ဘာလို့ကွဲပြားနေသလဲ၊ ဘာကိုပြဆိုနေ

သလဲဆိုတော့ လူမျိုးစုကြီး (၈) စု – ကချင်၊ ကရင်နီ(ကယား)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ဗမာ၊ ရှမ်း တို့ဖြင့်ဖွဲ့စည်း ထားသည့် မြန်မာလူ့အဖွဲ့အစည်းကြီးနဲ့ ကိုက်ညီမည့်နိုင်ငံရေးစနစ်ကြီး မပေါ်ထွန်းခဲ့လို့ပဲ ဖြစ်တယ်။

ဒီမှာမြင်တွေ့ရတဲ့အချက်ဟာ ပြည်နယ်လူမျိုးစုများသည် ဖက်ဒရယ်ရဲ့ အခြေခံအချက်သဘောတရား များအား ရင်နှီးမှုရှိကြသော်လည်း ဗမာလူမျိုးစုကတော့ ဖက်ဒရယ်စနစ်ကို နားလည်မှုအားနည်းကြတာ တွေ့မြင် ရပါတယ်။ ပို၍ဆိုးတာက နားလည်ဖို့ကြိုးပမ်းအားထုတ်မှု လုံလောက်တဲ့အထိ မဆောင်ရွက်တာဟာ ကာလရှည် ကြာ ပဋိပက္ခဖြစ်စေတဲ့ အဓိကအချက်ဖြစ်ပါတယ်။ ဒီတော့မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခအဖြေက ဖက်ဒရယ်ကို လက်ခံ/မခံခြင်းနဲ့ ဖက်ဒရယ်ပုစ္ဆာဘယ်လိုတွက်သလဲဆိုတဲ့အပေါ်  လုံးဝမူတည်နေတယ်။

ဖက်ဒရယ်ဆိုတာဘာလဲဆိုတာ အရင်ပြောကြည့်ရအောင်။ ဖက်ဒရယ်ဆို တာအတိုဆုံးပြောရရင် မတူညီသောဒေသက မတူညီသောလူမှုအဖွဲ့အစည်းတွေဟာ မိမိဒေသ မိမိအုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုတဲ့ ဒီမိုကရေစီမဏ္ဍိုင်ကြီး(၃)ရပ်ကို လိုက်လျောညီထွေစွာကျင့်သုံးပြီး စုပေါင်းနေထိုင်ဖို့ သဘောတူထားတဲ့နိုင်ငံလို့ ပြောရမှာဖြစ်တယ်။ ယနေ့ကမ္ဘာပေါ်မှာ ဖက်ဒရယ်ကျင့်သုံးနေမှုကိုကြည့်လျှင် ကမ္ဘာ့နိုင်ငံပေါင်း (၁၉၅) နိုင်ငံမှာ ဖက်ဒရယ်ကျင့်သုံးတဲ့နိုင်ငံတွေဟာ (၂၅)နိုင်ငံရှိပြီး ကမ္ဘာ့လူဦးရေရဲ့(၄၀) ရာခိုင်နှုန်း ရှိနေပါတယ်။

လူမျိုးစုဓလေ့များဆိုင်ရာ သုံးသပ်ချက်

မြန်မာနိုင်ငံဟာ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ချုပ်ဆိုကတည်းက ဖက်ဒရယ်အသွင်ကူးပြောင်းရေး စခဲ့တာ ယခု ၂၀၂၁ ခုနှစ်အစအထိဆိုရင် နှစ်ပေါင်း(၇၄)နှစ်ကြာခဲ့ပြီဖြစ်တယ်။ ဘာလို့မအောင်မြင်နေရတာလဲ သေချာသုံး သပ်ဖို့လိုပါတယ်။ အဓိကအကျဆုံးက မတူညီတဲ့ဗမာလူ့အဖွဲ့အစည်းနဲ့ ပြည်နယ်လူမျိုးစုတွေရဲ့ လူ့အဖွဲ့အစည်းတို့ ဖြတ်သန်းခဲ့တဲ့သမိုင်းမတူညီမှုဟာ သုံးသပ်စရာဖြစ်လာတယ်။ ဗမာလူမှုအဖွဲ့အစည်းဟာ သမိုင်းကြောင်းတစ် လျှောက် တစ်စုတစ်စည်းတည်း အင်အားကြီးအမျိုးသား “မင်း” နိုင်ငံတော်အဖြစ် မြို့ပြနိုင်ငံငယ်လေးများကို စုစည်းစည်းရုံးလေ့ရှိတဲ့ဆောင်ရွက်ချက်များကို တွေ့ရနိုင်တယ်။ ပုဂံခေတ်ပထမမြန်မာနိုင်ငံတော်၊ တောင်ငူခေတ်ဒုတိယမြန်မာနိုင်ငံတော်၊ ကုန်းဘောင်ခေတ်တတိယမြန်မာနိုင်ငံတော် ထူထောင်ခြင်းများအဖြစ် ဗမာလူ့အဖွဲ့အစည်းကြီးအား တကောင်း၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ပြည်၊ သရေခေတ္တရာမြို့ပြနိုင်ငံများကို အမျိုးသား “မင်း” နိုင်ငံတော်ကြီးအဖြစ် အစဉ်တစိုက်ကြိုးပမ်းကြတာကို တွေ့ရတယ်။ ယခုဖော်ပြချက် မြန်မာနိုင်ငံတော်ဆိုတာ သမိုင်းဖော်ပြချက်၊ ဗမာလူ့အဖွဲ့အစည်းအတွက် နယ်နိမိတ်ထူထောင်ခြင်းကိုသာ ဆိုလိုတာဖြစ်ပြီး ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖော်ပြချက်နှင့် မသက်ဆိုင်ပါ။

ပြည်နယ်လူမျိုးစုများကတော့ သမိုင်းကြောင်းတစ်လျှောက်မှာ ရှမ်းစော်ဘွားများက သူ့နယ်သူ့စော်ဘွား၊ ကချင်ဒူဝါများက သူ့နယ်သူ့ဒူဝါ၊ ကယားစောဖျာ၊ ကရင်ကလည်း သူ့နယ်သူ့ခေါင်းဆောင်၊ သူ့နေရာနဲ့သူ သီးခြားအုပ်ချုပ်လေ့ရှိပြီး လိုအပ်လျှင် စုပေါင်းအင်အားထူထောင်ကြပါတယ်။ အမှုကိစ္စပြီးလျှင် သူ့နေရာနဲ့သူ ပြန်အုပ်ချုပ်စီမံခန့်ခွဲကြပါတယ်။ ဒါဟာ ဒီနေ့ခေတ်မှာပြောနေတဲ့ ဖက်ဒရယ်စနစ်နဲ့သွားတဲ့ နှစ်ပေါင်းထောင်ချီတဲ့ ပြည်နယ်လူမျိုးစုတွေရဲ့ ဓလေ့ပါ။ ထူးခြားတာက မွန်နဲ့ရခိုင်ဟာ ဘုရင်စနစ်နဲ့အမျိုးသားနိုင်ငံစနစ်၊ ဗမာလူမျိုးစု လိုပဲ တည်ဆောက်ခဲ့တာတူတယ် ပြောရမယ်။ ဒါကြောင့် သမိုင်းကြောင်းဆိုင်ရာ နိုင်ငံရေးစနစ် ကျင့်သုံးခဲ့တဲ့စနစ်များကိုကြည့်လျှင် ဖက်ဒရယ်နှင့်အမျိုးသားနိုင်ငံစနစ်တို့ သိသာစွာကွဲပြားနေတာဟာ ညှိဖို့ခက်ခဲတဲ့သမိုင်းကြောင်းဆိုင်ရာအချက်အဖြစ် တွေ့ရတယ်။ ဒီအခြေခံအချက်ကို ဗြိတိသျှတို့ မြန်မာပြည်ကို ကိုလိုနီပြုတော့ သူတို့သိနားလည်တယ်။ ဒါကြောင့်ဗမာ၊ မွန်၊ ရခိုင်၊ ကရင်ကို Proper Burma အဖြစ်လည်း ကောင်း၊ ကချင်ကို 1894 Kachin Hill Tribes Regulation နဲ့လည်းကောင်း၊ ချင်းကို 1896 Chin Hill Regulation နဲ့ လည်းကောင်း၊ ရှမ်းကို Federated Shan State အဖြစ်လည်းကောင်း၊ ကရင်နီကို ၁၈၇၅ ခုနှစ် British- Karenni စာချုပ်အရ သီးခြားလွတ်လပ်တဲ့ပြည်နယ်အဖြစ်လည်းကောင်း သီးခြားအုပ်ချုပ်ရေးတွေနဲ့ ဆောင်ရွက်ခဲ့တာ တွေ့ရတယ်။ ဒါဟာ ဖက်ဒရယ်ကို လိုနီမှု(Federal colonism)ပြုလုပ်တယ်လို့ မြင်နိုင်ပါတယ်။

ဒါကြောင့်အောင်ဆန်း-အက်တလီစာချုပ် (1947, Jan 27) ချုပ်ဆိုစဉ်နဲ့ ပင်လုံစာချုပ် (1947, Feb 12 ) ချုပ်ဆိုစဉ်မှာ ဗြိတိသျှတို့က မြန်မာပြည်ထောင်စုစုဖွဲ့ပြီး လွတ်လပ်ရေးရယူမယ်ဆိုရင် ဖက်ဒရယ်စနစ်ကိုကျင့်သုံးရန် ပြည်နယ်သားလူမျိုးစုတွေနှင့် ဖဆပလခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းတို့ကို တိုက်တွန်းခဲ့တာဖြစ်တယ်။ မည်သည့်သွေးခွဲမှုအတွက် ဆောင်ရွက်ဖို့မဟုတ်ပေ။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်နဲ့ဗြိတိသျှတို့ရဲ့ ဒုတိယကမ္ဘာစစ်ကြီးမပြီးခင် ချုပ်ဆိုတဲ့ အတ္တလန္တိတ်သဘောတူညီချက် (Atlantic Charter 14 August , 1941) အရ ကိုလိုနီနယ်မြေများအားလုံးကို လွတ်လပ်ရေး ပေးကိုပေးရမှာမို့ပဲဖြစ်တယ်။ အဲဒီလိုပေးခြင်းအားဖြင့် ကောင်းမွန်သော လွတ်လပ်စနိုင်ငံလေးတွေအဖြစ် ပေါ်ထွန်းလာပြီး ကမ္ဘာ့ကုန်သွယ်ရေး ဖွံ့ဖြိုးလာမယ်လို့ ယူဆကြလို့ပါ။ ဒီတော့ မြန်မာနိုင်ငံရဲ့လူမျိုးစုတွေရဲ့ လူမှုအဖွဲ့အစည်းသမိုင်းကြောင်းတွေအရ အမျိုးသားအခြေခံနိုင်ငံ ဖွဲ့စည်းလိုမှုအားကောင်းတဲ့ ဗမာလူများစုနဲ့ သမိုင်းကြောင်းတစ်လျှောက်လုံး ဖက်ဒရယ်စနစ်ပုံစံမျိုးကိုသာ ကျင့်သုံးလာပြီး လူနည်းတဲ့ပြည်နယ်လူမျိုးစုတွေဟာ ပူးပေါင်းမယ်ဆိုရင် ဖက်ဒရယ်စနစ်ကိုသာ မဖန်တီးဘူး၊ မသွားဘူးဆိုရင်နိုင်ငံရေးပဋိပက္ခဟာ သေချာပေါက်ဖြစ်လာမှာမို့ပဲ ဖြစ်တယ်။ ယနေ့လက်တွေ့ဖြစ်နေတဲ့ ဖြစ်စဉ်တွေဟာ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကတိကဝတ်ကနေ ဗြိတိသျှတို့သုံးသပ်သလို ဖက်ဒရယ်စနစ်ကောင်းမွန်စွာ မဆောင်ရွက်ခဲ့တဲ့အကြောင်းရင်းခံပဲ ဖြစ်တယ်။ ဒါကြောင့် အဲဒီတုန်းက ဗြိတိသျှတို့ပြည်နယ်လူမျိုးစုတွေကို တိုက်တွန်းခဲ့တာရှိခဲ့တယ်။ ပေါင်းရင်ဖက်ဒရယ် အနေနဲ့ပေါင်း၊ မပေါင်းချင်ရင်ဗြိတိသျှဒိုမီနီယံနယ်အဖြစ် (၅) နှစ်နေပြီးရင် ကိုယ့်ပြည်နယ်အလိုက် အမျိုးသားနိုင်ငံထူထောင်၊ အဲဒီလိုနည်းလမ်း (၂) သွယ်ပြောခဲ့ပါတယ်။ ဒါဟာ လူမျိုးစုဓလေ့ဆိုင်ရာနဲ့ ဖက်ဒရယ်ဖြစ်ဖို့သုံးသပ်ချက်အပိုင်းပါ။

နိုင်ငံရေးစနစ်များ သမိုင်းဆိုင်ရာ သုံးသပ်ချက်

ကမ္ဘာ့သမိုင်း၊ လူ့သမိုင်းမှာ လူမှုအဖွဲ့အစည်းတွေကို ထိန်းကျောင်းဦးဆောင်တာက နိုင်ငံရေးစနစ်တွေပါ။ လူ့သမိုင်းစတင်ချိန်သမိုင်းဦးဘုံမြေခေတ်ကနေ ကျောက်ခေတ်၊ သံခေတ်၊ ကြေးခေတ်အထိက လူသားတွေဟာ ဖက်ဒရယ်စနစ်ဆန်ဆန်ပဲ လူ့အဖွဲ့အစည်းကို ထူထောင်ခဲ့ကြတာပါပဲ။ မိမိဂူမှာ မိမိလူအုပ်စု(၁ဝ) ယောက်၊ (၁၅) ယောက်အလိုက် မိမိတို့နဲ့သင့်လျော်မယ့်စည်းကမ်းတွေ၊ အမဲလိုက်မှုတွေ၊ ခွဲဝေမှုတွေ လုပ်ခဲ့ကြတာဟာ ယနေ့ဒေသအလိုက်ဖက်ဒရယ်ကျင့်သုံးမှုလို့ ပြောရမှာပဲဖြစ်တယ်။ ဒါ့အပြင်ဒီနေ့ခေတ်အာဏာ (၃) ရပ်ဖြစ်တဲ့ မိမိဂူတွင်းအုပ်ချုပ်ရေးနှင့်ပတ်သက်လို့ ခေါင်းဆောင်ရွေးချယ်မှု၊ တရားစီရင်မှုလို့ခေါ်တဲ့ ဂူတွင်းဆုံးဖြတ်ချက်တွေ၊ ဥပဒေပြုရေးလို့ခေါ်တဲ့ အများလိုက်နာနိုင်တဲ့ စည်းကမ်းသတ်မှတ်မှုတွေဟာ သူ့ဂူနဲ့သူ၊ သူ့အစုနဲ့သူ သီးခြားရှိနေတာဟာ လူ့သမိုင်းအစကာလများကတည်းက ဒေသအလိုက်  ဖက်ဒရယ်စနစ်ကျင့်သုံးမှု လို့ပြောရမှာ ဖြစ်ပါ တယ်။ ကျောက်ခေတ်ဂူလူမှုအဖွဲ့အစည်းကနေ မီးနဲ့စိုက်ပျိုးရေးထွန်းကားလာပြီး ကျေးရွာလူ့အဖွဲ့အစည်းဖြစ်လာတဲ့အထိ ယဉ်ကျေးမှုတိုးတက်လာတဲ့အလျောက် ဖက်ဒရယ်နိုင်ငံရေးစနစ်ဟာ အရိပ်လို တစ်ပါတည်းထွန်းကားတည်ရှိလာတာ တွေ့ရမှာပါ။

ထို့နောက် မြေရှင်ပဒေသရာဇ်စနစ်ကနေ သက်ဦးဆံပိုင်ဘုရင်စနစ်အထိ ရွာစား၊ မြို့စား၊ နယ်စားတွေဟာ သက်ဆိုင်ရာဘုရင့်နိုင်ငံတွေကို အခွန်ဆက်သအာဏာသက်ရောက်ခံကျင့်သုံးပေမဲ့ မိမိဒေသမှာ မိမိအုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကို စိတ်ကြိုက်ပြုလုပ်ကြပြီး ဘုရင့်နိုင်ငံကိုတာဝန်ခံကြတာပါပဲ။ ဒါဟာ သက်ဦးဆံပိုင်အာဏာရှင်ဘုရင်စနစ်(Monarchy) အတွင်း ပုံဖော်ကြပေမဲ့ တကယ်စဉ်းစားကြည့်ရင် ရွာစား၊ မြို့စား၊ နယ်စားတွေဟာ ၎င်းတို့ပုဂ္ဂလိကတာဝန်ခံခြင်းမျိုးဖြင့် ၎င်းတို့နယ်မှာ အာဏာရှင်တစ်ပိုင်း ဖက်ဒရယ်နိုင်ငံရေးစနစ်(Defecto-Federalism) အဖြစ်ပြောနိုင်မှာဖြစ်တယ်။ သက်ဦးဆံပိုင်ဘုရင်စနစ်ရဲ့ အထွဋ်အထိပ်အင်ပါယာ ဧကရာဇ်စနစ်အထိဟာ ၎င်းအင်ပါယာမှာပါတဲ့ တိုင်းနိုင်ငံအသီးသီးဟာ လူမျိုးမတူ၊ ကိုးကွယ်ယုံကြည်မှုမတူ၊ ဓလေ့ထုံးတမ်းမတူညီကြဘဲ သူ့နိုင်ငံကိုယ့်နိုင်ငံ သီးခြားအုပ်ချုပ်ကြပြီး အင်ပါယာနိုင်ငံတော် (Empire State) ထူထောင်ကြခြင်းသည် Defecto Federal Empire State လို့ ပြောရမှာ ဖြစ်ပါတယ်။ ဖက်ဒရယ်အခြေခံအာဏာရှင်နိုင်ငံများရဲ့ အင်ပါယာလို့ခေါ်ရမှာဖြစ်ပါတယ်။

ဥရောပရဲ့ စက်မှုတော်လှန်ရေး (1760-1830) နောက် အရင်းရှင်စနစ်ကို Britishတွေက ကနဦး ပြောင်းလဲ ခဲ့ပါတယ်။ အဲဒီမှာဘာတွေ့သလဲဆိုတော့ ဥရောပရဲ့အလင်းခေတ် (Renascence of Europe) နောက်ဆုံးပိုင်းကာလ တွေမှာပေါ်လာတဲ့ အင်္ဂလန်မှ နိုင်ငံရေးဒဿနအတွေးအခေါ်ရှင် John Locke (1632-1704) ရဲ့ လစ်ဘရယ်သီအိုရီ(Liberal Theory) နဲ့ ပြင်သစ်တွေးခေါ်ပညာရှင် Montesquieu(1689-1755) ရဲ့ အာဏာဖြန့်ခွဲခြင်းအယူအဆ (Separation of Power Theory) တို့ကြောင့်Republic သမ္မတနိုင်ငံများအဖြစ် အမေရိကန်နဲ့ပြင်သစ်တို့ ပေါ်ထွန်းလာရာမှာ ရှေ့ကဖက်ဒရယ်နောက်ခံနိုင်ငံရေးစနစ်ကြီးဟာ အမေရိကန်ဖက်ဒ ရယ်နိုင်ငံအဖြစ် ထင်ထင်ရှားရှားကြီး ကမ္ဘာပေါ်မှာ စတင်ပေါ်ပေါက်လာပါတော့တယ်။ ကျန်တာကတော့ အရင်းရှင်စနစ်အောက်မှာ အမျိုးသားနိုင်ငံတွေ ပိုမိုဖွံ့ဖြိုးလာခဲ့သလို ဖက်ဒရယ်နိုင်ငံတွေဟာလည်း မြောက်အမေရိက၊ သြစတေးလျ၊ ဥရောပဘက်ကို ပြန့်ပွားလာခဲ့ပါတော့တယ်။ ဆိုလိုတာက နိုင်ငံရေးစနစ်တွေ၊ လူမှုစနစ်တွေ ဘယ်ကဲ့သို့ပြောင်းနေပေသော်လည်းပဲ ဖက်ဒရယ်အခြေခံဟာ သမိုင်းဦးဘုံမြေစနစ်ကနေ ယနေ့အထိ လူမျိုးစုမတူ၊ ဘာသာအယူဝါဒမတူ၊ ဓလေ့ထုံးစံမတူကြသော လူ့အဖွဲ့အစည်းများအတွင်း တကယ်ကိုလိုအပ်တယ်ဆိုတာ နိုင်ငံရေးစနစ်များ သမိုင်းဆိုင်ရာသုံးသပ်ချက်အရ အရေးကြီးကြောင်း ပြောလိုပါတယ်။

မြန်မာပြည်စုဖွဲ့မှုနိုင်ငံရေးသမိုင်းဆိုင်ရာသုံးသပ်ချက်

မြန်မာပြည်အဖြစ် လွတ်လပ်ရေးယူဖို့ စုဖွဲ့ဖို့ကြိုးစားခဲ့တဲ့အကြောင်းတွေဟာလည်း အရေးပါတယ်။ ပင်လုံအစည်းအဝေး (၂) ကြိမ်လုပ်ခဲ့တာဖြစ်ပြီး လူသိများတာက ဗိုလ်ချုပ်အောင်ဆန်းပါဝင်တဲ့ ဒုတိယပင်လုံသာ သိကြတာများပါတယ်။ ပထမပင်လုံစည်းဝေးဟာ ရှမ်းပြည်နယ်၊ပင်လုံမြို့မှာပဲ ၁၉၄၆ခုနှစ်၊ မတ်လ(၂၈) ရက်နေ့မှာ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်ဦးစီးကျင်းပခဲ့တာဖြစ်ပြီး ကချင်၊ ချင်း၊ ကရင်တွေကို လေ့လာသူ အနေနဲ့ဖိတ်ခဲ့တယ်။ ရှမ်းပြည်ကို ဗြိတိသျှတွေလွတ်လပ်ရေးပေးခဲ့ရင် ဗမာပြည်နဲ့ပေါင်းမလား၊ ဗြိတိသျှ Dominion ထဲနေမလား ဆုံးဖြတ်ဖို့ဖြစ်တယ်။ ဒီစဉ်းစားချက်ဟာ ကချင်တွေကြားထဲလည်း ဂယက်ရိုက်ခဲ့ပြီး ဗန်းမော်ဒူဝါဇော်လွန်အုပ်စုဟာ British Dominion ထဲနေဖို့ လက်ခံထားတဲ့အုပ်စုဖြစ်တယ်။ ဒါ့အပြင် ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာ (၂၀) ရက်မှာ ဗြိတိန်လေဘာဝန်ကြီးချုပ် Clement Attlee ဟာ Proper Burma ရဲ့အထူးပြုကောင်စီကို ဖိတ်ခဲ့ပြီး ဗမာ့လွတ်လပ်ရေး (တောင်တန်းဒေသမပါ) အတွက်ဆွေးနွေးဖို့ ဗိုလ်ချုပ်အောင်ဆန်း၊ ဖဆပလက သခင်မြနဲ့  ဦးဘဖေ ပြီးတော့သခင်ဗစိန်၊ ဦးစောနဲ့ အုပ်ချုပ်ရေးအရာရှိဦးတင်ထွတ်တို့ (၆) ဦးသွားခဲ့တယ်။ ဗြိတိသျှတွေဟာ မူလကတည်း ကဗမာတွေနဲ့တစ်လုံးတစ်ဝတည်း ရှမ်း၊ ကချင်၊ ချင်း၊ ကရင်နီတွေ ရှိနေရင် လန်ဒန်ကိုဖိတ်ကတည်းက ပြည်နယ်တောင်တန်းဒေသ ခေါင်းဆောင်တွေကိုဖိတ်ပြီး ဆွေးနွေးမှာဖြစ်တယ်။ အဲဒီမှာ မေးရမယ့်မေးခွန်းတွေ ပေါ်လာတယ်။ လူဦးရေဒုတိယအများဆုံးနှင့် ပြည်နယ်အကြီးဆုံး ရှမ်းကို ဘာလို့ဗမာပြည်နဲ့အတူ လွတ်လပ်ရေးယူမည်၊ မယူမည်ကိုမေးနေမလဲ။ စစ်အင်အားရှိတဲ့ကချင်ကို ရှမ်းနဲ့ဘာလို့ဆွေးနွေးစေမလဲ။ ဗိုလ်ချုပ်အောင်ဆန်းဟာလန်ဒန်မသွားခင် ၁၉၄၆ ခုနှစ်၊ နိုဝင်ဘာမှာ ကချင်ပြည် မြစ်ကြီးနား၊ မန်ခိန်အစည်းအဝေးလုပ်ပြီး ကချင်တွေကိုလွတ်လပ်ရေးအတူယူဖို့ ပြောနေမလဲ။ ဖဆပလနဲ့ဗမာနိုင် ငံရေးအုပ်စုတွေ ကရင်၊ မွန်နဲ့ ရခိုင်နိုင်ငံရေးအုပ်စုတွေ ကန့်ကွက်နေတဲ့ကြားက သူတို့ကိုကိုယ်စားမပြုပါဘူးလို့ ပြောနေတဲ့ကြားက ဘာလို့သူတို့ကိုဂရုမစိုက်ဘဲ ကချင်၊ ရှမ်း၊ ချင်း၊ ကရင်နီကို ဂရုစိုက်ရသလဲ။ ဘာလို့ ဒုတိယပင်လုံဖြစ်တဲ့ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂) ရက်ပင်လုံစာချုပ်ချုပ်ဆိုရသလဲ။ ဒီမေးခွန်းတွေဟာ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့လက်ရှိပကတိတရားပဲ ဖြစ်ပါတယ်။ ပြောလိုတာက မြန်မာပြည်လွတ်လပ်ရေးမယူမီ ကတည်းက၊ ရှေးကဗြိတိသျှကိုလိုနီမဖြစ်ခင်အခြေအနေကတည်းက ဗမာကသပ်သပ်၊ တောင်တန်းဒေသ အခြေအနေသပ်သပ်ဆိုတာ သမိုင်းကထုတ်နုတ်တင်ပြတာပါ။ မူလကတည်းက ဗမာအမျိုးသားနိုင်ငံက သပ်သပ်၊ ပြည်နယ်လူမျိုးစုတွေရဲ့ ဖက်ဒရယ်ပြည်တွေက သပ်သပ်အနေအထားဟာ နိုင်ငံရေးသမိုင်းတွေကို ဆင်ခြင်ရင် မြင်တွေ့ရမှာပါ။ ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခဲ့တဲ့ အခြေခံအယူအဆအကြောင်းလည်း ပြောဖို့လိုပါမယ်။ ဖဆပလဗမာနိုင်ငံရေးခေါင်းဆောင်များဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ ဗမာပြည်လွတ်လပ်ရေး ယူဖို့ (တောင်တန်းဒေသမပါ) အခြေခံဥပဒေတစ်စောင်ကို သခင်မြကတာဝန်ယူပြီး တရားရေးဝန်ဦးချန်ထွန်းနဲ့ အိန္ဒိယကဥပဒေပညာရှင် နာရာဆင်ဟာရောင်းတို့နဲ့ ရေးဆွဲထားပြီးဖြစ်တယ်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေဟာ တစ် ပြည်ထောင်စနစ်ဗမာပြည်အတွက်သာဖြစ်ခဲ့ပြီး မူလရေးဆွဲစဉ်ကအမှန်ပဲဖြစ်တယ်။ ပင်လုံစာချုပ်နောက်ပိုင်း ပြည်ထောင်စုစုဖွဲ့မှုအတွက် အသစ်ပြန်လည်ရေးဆွဲမှုမလုပ်တော့ဘဲ သခင်မြတို့ကြိုးစားထားတဲ့ တစ်ပြည်ထောင် စနစ်အခြေခံဥပဒေကြမ်းထဲမှာ ဖြည့်စွက်ချက်တွေလုပ်ခဲ့လို့ ၁၉၄၇ ခုနှစ်အခြေခံဥပဒေကြီးဟာ ဖက်ဒရယ်စနစ် အတွက်အသက်မဝင်ခဲ့ဘဲ နိုင်ငံရေးပဋိပက္ခများ (၁ဝ) နှစ်အတွင်း ပေါ်ပေါက်ခဲ့ပြီး စစ်အာဏာသိမ်းတဲ့အာဏာရှင် စနစ်ကို အလွယ်တကူကျရောက်သွားတာကို သင်ခန်းစာယူနိုင်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် အထက်ကကျွန်တော်တင်ပြခဲ့သလို ပြည်နယ်တွေနဲ့ဗမာပြည်မဟာ မူလကတည်းက သမိုင်းအဆက်ဆက်မှာ လူမျိုးဓလေ့ဆိုင်ရာတွေက သိသာစွာကွဲပြားကြတယ်၊ နိုင်ငံရေး စနစ်များသမိုင်းဆိုင်ရာသုံးသပ်ချက်မှာလည်း ဖက်ဒရယ်အခြေပြု လူ့သမိုင်းနိုင်ငံရေးစနစ်တွေသာ ယနေ့အထိ ကြီးစိုးနေဆဲဖြစ်တယ်။ ပြည်ထောင်စုစုဖွဲ့မှုသမိုင်းဆိုင်ရာနဲ့ အခြေခံဥပဒေအစပြုရာတို့သုံးသပ်ချက်မှာလည်း ဖက်ဒရယ်နဲ့သာလျှင်အခြေခံအကျဆုံး ကြိုးစားခဲ့တာကိုတွေ့ရမှာဖြစ်တယ်။

ဒါကြောင့် လက်ရှိနိုင်ငံရေးအဖွဲ့အစည်းအားလုံးကို မေးခွန်းထုတ်ရမှာက ပြည်ထောင်စုမြန်မာနိုင်ငံကို မူလပကတိအခြေအနေကိုလက်ခံပြီး ဖက်ဒရယ်စနစ်ကိုအမြန်အကောင်အထည်ဖော်ပြီး တိုးတက်သောငြိမ်း ချမ်းသောနိုင်ငံတစ်ခုအဖြစ် ထူထောင်မလား၊ ဒါမှမဟုတ်ယခုလိုပဲဗမာပြည်မအတွက်ပဲ တစ်ကိုယ်ကောင်းဆန် ဆန် ဒီမိုကရေစီတစ်ပြည်ထောင်စနစ်ကိုပဲ ဇောင်းပေးအကောင်အထည်ဖော်ရင်း ပြည်နယ်လူမျိုးစုတွေနဲ့ လက်နက်ကိုင်ချုပ်ငြိမ်းခြင်းမရှိဘဲ စစ်မီးဆက်လက်တောက်လောင်နေပြီး မငြိမ်းချမ်းတဲ့၊ ဖွံ့ဖြိုးမှုနောက်ကျ နေတဲ့နိုင်ငံအဖြစ်ပဲ ဆက်လက်ရပ်တည်သွားဦးမလား ဆိုတာပါပဲ။ ကမ္ဘာကြီးကတော့ ကျွန်ပ်တို့ကို စောင့်နေမှာမဟုတ်၊ 5G နည်းပညာနဲ့ ခေတ်သစ်နည်းပညာတိုးတက်မှုနဲ့အတူ တဖြည်းဖြည်းရှေ့သို့ချီတက်သွား နေမှာပဲ ဖြစ်ပါတော့တယ်။

End Notes

၁။ http://www.forumfed.org/countries

၂။ David Steinberg. Burma/Myanmar: What Everyone Needs to Know, (New York: Oxford University Press, 2010) p. 41.

၃။ Ibid. 54.

ကိုးကားစာရင်း-

  1. Steinberg, David. Burma/Myanmar: What Everyone Needs to Know, New York: Oxford University Press. 2010.
  2. http://www.forumfed.org