• Today is: Thursday, March 28, 2024

ဖက်ဆစ်ကိုလည်း ဖြို နှစ်သစ်ကိုလည်း ကြို

Image Credit – Irrawaddy News

 

ကမ္ဘာပေါ်တွင် ပျော်ပျော် အနေတတ်ဆုံး၊ စိတ်သဘောထား အနူးညံ့ဆုံးသော လူမျိုးများ ထဲတွင် ထိပ်က ပါဝင် နေသည့် မြန်မာ လူမျိုး တို့ အဖို့ က ၂၀၂၂ နှစ်သစ်ကူး ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခွင့် စွန့်လွှတ်ခဲ့ကြပြီး ၂၀၂၁ ၏ နောက်ဆုံးရက် သန်းကောင်ယံ တွင် Happy New Year အစား တော်လှန်ရေးကြီး အောင်ရမည် ဟူသော ကြွေး ကြော်သံကြီးက နိုင်ငံအနှံ့တွင် ဟိန်းထွက်လာခဲ့ပေတော့သည်။

 

ထို့အတူ ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များက ဖက်ဆစ်တပ်များကို ဘင်္ဂလား ပင်လယ်အော်ထဲ မောင်းချရန် အခိုင်အမာ သံန္နိဋ္ဌာန် ချမှတ်လာခဲ့ပြီ ဖြစ်သည်။ ယင်း နှင့် အတူ မကွေး၊ စစ်ကိုင်း၊ ချင်း၊ ရှမ်း၊ ကယား နှင့် ကရင်နီ ဒေသများတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာနေပြီ ဖြစ်သည်ဟု သတင်းများက ဆိုသည်။ ယင်းနှင့်အတူ ကျေးရွာများကို လက်စားချေသည့် အနေဖြင့် မီးရှို့ဖျက်ဆီးနေသည့် သတင်းများကလည်း နေရာအနှံ့တွင် ထွက်ပေါ်လာနေသည်။

 

ခရစ်ယာန် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ချားလ် မောင်ဘို သည် စစ်ခေါင်းဆောင်နှင့်အတူ ကိတ်မုန့် အတူ လှီးကာ ခရစ်စမတ် ပွဲ ဆင်နွှဲ နိုင်ခဲ့သော်လည်း သူ၏ ခရစ်ယာန် ဘာသာ ဝင်များ အဖို့က ခရစ်စမတ် နှင့် နှစ်သစ်ကို ကြိုဆိုနိုင်ဖို့ နေနေသာသာ အသက်လုကာ ပြေးလွှားပုန်းရှောင်နေကြရပြီ ဖြစ်သည်။

 

နိုင်ငံ တွင်း ရှိ လူငယ် ဂျင်ဇီးများ အဖို့ ဘာသာရေး ခေါင်းဆောင်များ၏ အမျှော်အမြင် နည်းမှု ကြောင့် Crisis of Faith နှင့် လုံးပမ်း လာနေရသည့် အဖြစ် ရောက်ရှိလာခဲ့သည်။

 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် ကတော့ မြန်မာ ပြည်သူများ အတွက် နှစ်သစ်ကူး သဝဏ်လွှာ ပေးပို့ခဲ့ပြီး ဒီမိုကရေစီ အရေး၊ နိုင်ငံတွင်း တရားဥပဒေ စိုးမိုးမှု ရှိ‌ရေး၊ အခြေခံ လူ့အခွင့်အရေးများ လေးစား လိုက်နာမှု ရရှိရေးများ အတွက် ရုန်းကန် လှုပ်ရှားနေကြသော မြန်မာ ပြည်သူများအား လေးစား ဂုဏ်ပြုကြောင်း ဟူ၍ ပါရှိလာခဲ့သည်။

 

တချိန်တည်း မှာပင် မင်းအောင်လှိုင်တို့ ဇနီးမောင်နှံလည်း ကိတ်မုန့်ကြီးကို ထိုင် ရှစ်ခိုးရသည့် အဖြစ်သို့ ရောက် လာခဲ့ပေတော့သည်။ ယင်း အဖြစ်ကို ကြည့်၍ တောင်ကိုရီယား၏ ပထမဆုံး အမျိုးသမီး သမ္မတဝာဦး ဖြစ်လာ ခဲ့သည့် ပတ်ဂျွန်ဟိုင်း အဖြစ်ကို သတိရမိခဲ့သည်။ ကွယ်လွန်သွားပြီ ဖြစ်သည့် ခရစ်ယာန် အယူသည်း ဂိုဏ်း တခုမှ အကြီးအကဲ တဦး၏ သမီး ဖြစ်သူသည် နိုင်ငံအား စီမံခန့်ခွဲရေးတွင် သူမအား နောက်ကွယ်မှ ညွှန်ကြားလာ သည့် အဖြစ်ကြောင့် နောက်ဆုံးတွင် ပတ်ဂျွန်ဟိုင်း သည် ထောင်နန်းစံခဲ့ရသည့် အဖြစ်ပင်။

 

ထန်တလန် မြို့ကို မီးလောင်တိုက်သွင်းခဲ့မှု နှင့် နောက်ဆက်တွဲ ပေါက်ကြားလာသော ထိုသို့ နယ်မြေရှင်းလင်းရန် ညွှန်ကြားစာ တို့ကြောင့် နိုင်ငံတကာ ရာဇဝတ်မှုကြီး အဖြစ် တမဟုတ်ချင်း ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။ မြန်မာသည် ဂျီနီဗာ ပဋိညာဉ် စာတမ်းအား လက်မှတ်ရေးထိုးထားသည့် နိုင်ငံလည်း ဖြစ်နေသည်။ ထိုအထဲတွင် ပါရှိသည့် အရပ်ဖက် ပြည်သူများ အပေါ် အကြောက်တရား ဖြင့် ထိန်းချုပ်ရန် စနစ်တကျ ကြိုးစားခြင်း၊ ဘာသာရေး၊ ပညာရေး အဆောက်အအုံများကို ရည်ရွယ်ချက် ရှိရှိ ဖြင့် ဖျက်ဆီးခြင်း၊ ပြည်သူများ အပေါ် အတင်း အဓမ္မ ရွှေ့ပြောင်းသွားအောင် ဖန်တီးခြင်း အစရှိသည် ပြစ်မှုများ အား ကျူးလွန်လာသည့် အတွက် နိုင်ငံတကာ ဥပဒေအရ အရေးယူနိုင်သည့် စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်လာခဲ့ကြပြီ ဖြစ်သည်။

 

စစ်ခေါင်းဆောင်များ အဖို့က အသုံးစရိတ်များကို ယခင်ကလို အရပ်သား အစိုးရထံမှ အနိုင်ကျင့် လက်ဖြန့်တောင်း၍ မရတော့ပဲ ကိုယ့်ဖာသာ ရှာကြံရတော့မည့် အကျပ်အတည်းကြီး နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်၊ ထို့အတွက် ပညာရေး ကျန်းမာ‌ရေး အတွက် အသုံးစရိတ် များ ကတော့ အောက်ဆုံးအဆင့်သို့ ထိုးကျသွားတော့မည်ကား ကြိမ်းသေနေပေသည်။

 

 

Hla Soewai (လှစိုးဝေ)

ဖက်ဒရယ် ဂျာနယ် ( ဇန်နဝါရီ – ၄ –  ၂၀၂၂