• Today is: Saturday, April 20, 2024

နေ့စဉ်သတင်းအကျဉ်း

                                                                             ဇူလှိုင်လ – ၃ – ၂၀၂၂ ခုနှစ်

  • ယနေ့ ဇူလှိုင် (၃)ရက်နေ့ မြန်မာပြည် ဒေသအသီးသီးမှ သတင်းအချက်အလက်များကို ဖက်ဒရယ်ဂျာနယ် မှ စုစည်းဖော်ပြခဲ့သည်။

 

  • ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်း ၅ ခုကို တစ်ပြိုက်နက် တည်းတိုက်ခိုက်သိမ်းယူဟု KNU က ကြေညာလိုက်ပြီး စစ်တပ် တပ်ရင်းမှူး အပါအဝင် ၄ ဦးသေဆုံးပြီး အများအပြား ထွက်ပြေးကြောင်း KNU က သတင်းထုတ်ပြန်သည်။ ဇူလိုင်လ၂ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်တွင် ကေအဲန်ယူ-မုန်းမြို့နယ်အတွင်း ရှိ အကြမ်းစစ်ကောင်စီ၏ စခန်းများဖြစ်သော ကြောင် ပြာ စခန်း၊ အောင်း လောင်းစိန်စခန်း၊ ကျွန်းပင်ဆိပ်စခန်း၊ ကော့ပြင်းစခန်း နှင့် ကျောင်းစုစခန်းတို့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်သိမ်းယူခဲ့ကြောင်း ၊တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

  • ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP) အမှတ် ၃ ရဲစခန်းမှ ဆရာဝန်တစ်ဦးနှင့် ဆေးတပ်သားများက နယ်မြေ စိုးမိုးမှုရှိဒေသများအတွင်းမှ ကျေးရွာနှင့်စစ်ဘေးရှောင်စခန်းများသို့ သွားရောက်ပြီး ကျန်းမာရေးစောင့် ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

  • ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်ခရိုင်အတွင်း နယ်မြေကျူးကျော်လာ သော အကြမ်းဖက်စစ်တပ်၊ လက်ပါးစေ BGF များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ လက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲများကြား ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ တိုက်ပွဲပေါင်း ၂၂၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီနှင့် BGF ဘက်မှ ၉၄ ဦးသေဆုံးကာာ ၅၅ ဦး ဒဏ်ရာရ ကြောင်း KNU တပ်မဟာ ၅ ဌာနချုပ်က ထုတ်ပြန်သည်။ အကြမ်းဖက်စစ်ကောင်စီတပ်၏ သေဆုံးမှု စာရင်းအတည်ပြုချက်တွင် ဗိုလ် ၁ ဦးနှင့် တပ်ကြပ်ကြီး ၁ ဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာစာရင်းတွင် ဗိုလ်ကြီး (ဒု-ခွဲမှူး) (၂)ဉီးပါဝင်သည်ဟု အတည်ပြုသိရှိရကြောင်း KNU တပ်မဟာ ၅ က ဆိုသည်။

 

  • ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ဇူလိူင်လ ၂ ရက်နေ့က အကြမ်းစစ်အုပ်စုပစ်ခတ်လို့ တောင်ယာကနေ ပြန်လာတဲ့ လျံဇွားလ်ရွာသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လျံဇွားလ် ရွာသား ကို ပစ်ခတ်ခဲ့တဲ့ စစ်အုပ်စုဟာ ကလေးမြို့က တက်သွားတဲ့စစ်ကြောင်းလို့သိရပြီး အဲဒီရွာမှာပဲ ကားအစီး နှစ်ဆယ်ရပ်နားတပ်ချထားတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။ ပါသဲလ်ရွာကနေ ဖလမ်းဘက် ကို ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုတပ်သားတွေဟာ လမ်းတစ်လျောက်သေနတ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့လည်း ဒေသတွင်းမီဒီယာတခုဖြစ်တဲ့ Zalen မှာ ဖော်ပြထား ပါတယ်။

 

  • မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ယနေ့ မွန်းတည့်ချိန် စစ်ကောင်စီ၏ ကား ၁၀ စီးပါ စစ်ယာဉ်တန်းကို KNLA၊ PDF ပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ရာ ဒုတိယဗိုလ်မှူးကြီး ၁ ဦး အပါအဝင် စစ်သား ၉ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။ “ဘီးလင်းမှာ ဒီမနက် ၁၁ နာရီ ၅၇ မိနစ်အချိန်  ဘီးလင်း စည်ပင်သာယာဂိတ်အထွက် နောင်ရိုးမှာ စစ်ခွေးကားတစ်စီး မိုင်းဆွဲခံရတာ တစ်စီးလုံးထိတယ်။ ကားက လုံးဝပျက်စီးသွားတယ်။ာ ဒုဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၉ ဦး ပွဲချင်း ပြီးသေတယ်။ ၅ ဦး က ဒဏ်ရာ အပြင်းအထန်နဲ့ အသည်းအသန်ပဲ။  သေမယ့်သဘောရှိတယ်။ စစ်သား ၉ ဦးကတော့ ပွဲချင်းပြီး။ စစ်ကား က တစ်စစီ ဖြစ်ပြီး ကြေမွသွားတာ။ စစ်ကား ၁၀ စီးမှာ ၁ စီးက လုံးဝပျက်စီးသွားတာ။ ရှေ့ဆက်မသွား တော့ဘူး။ ကျိုက်ထိုတပ်ထဲကိုပဲ ပြန်ဝင်သွားတယ်” ဟု KNLA၊ PDF ပူးပေါင်းတပ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

 

  • ကယားပြည် (ကရင်နီပြည်နယ်) မှာ ပညာရေးအခွင့်အလမ်း‌တွေ ပေးနေတဲ့ ဆယ်ကျော်သက်လူရွယ် များဆုံရပ် ( Adolescence Engagement Program) အပတ်စဉ် (၂) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၃ ရက် ဒီနေ့မနက် ကရင်နီပြည်နယ်ထဲက နေရာတစ်ခုမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဖွင့်ပွဲအခမ်းအနားကို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)နဲ့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) ကတာဝန် ရှိသူတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ပါတယ်။ ဒီ Program မှာ အင်္ဂလိပ်စာ၊ ကရင်နီ (ကယားစာပေ)၊ ကရင်နီ သမိုင်းတို့ကို အဓိကထား သင်ကြားပြီး ဖြည့်စွက်ဘာသာရပ်အဖြစ် ဂီတ၊ leadership၊ Social Science ၊ Religion culture Gender equality စတာတို့ကို သင်ကြားနေတယ်လို့ ကျောင်းရဲ့ Program director မသက်မြာ က ပြောဆိုထားကြောင်းသိရပါတယ်။

 

  • ဖားကန့်မြို့နယ် လုံးခင်းရပ်ကွက်ရှိ ပြည်သူတစ်ဦး၏ နေအိမ်ကို ယနေ့ နံနက် ၅ နာရီခန့်က စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လာရောက်ချိတ်ပိတ်သွားကြောင်း သိရသည်။ အင်အား ၉၀ ခန့်ပါဝင်သော စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကားသုံးစီးဖြင့် ရောက်ရှိလာပြီး ဦးဇော်မင်းဦး၏ နေအိမ်ကို ချိတ်ပိတ်သွားခြင်းဖြစ်သည် ဟု ဒေသခံတစ်ဦးကပြောဆိုထားကြောင်း The 74 Media တွင်ဖော်ပြသည်။ “ကားတွေနဲ့လာခဲ့ကြတာ ကိုဇော်မင်းဦးအိမ်ဘယ်မှာလဲမေးတော့ မသိဘူးလို့ပြောလိုက်တာ အဲ့တာ ရွာထဲဝှေ့လည်ကြောင်ပတ်ပြန် ထွက်သွားတာ။ ခဏနေတော့ အိမ်ချိတ်ပိတ်လိုက်ပြီ” ဟုသူကပြောသည်။

 

  • ရှမ်းတောင် တောင်ကြီးမြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှု တင်းကျပ်နေ​ပြီး ဆိုင်ကယ်ဦးထုပ်၊ ယာဥ်မောင်းလိုင်စဉ်၊ ယာဥ်လိုင်စင်၊ နိုင်ငံသား စီစစ်ရေးကဒ်ပြား (မှတ်ပုံတင်)နဲ့ COVID-19 ကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ်တွေပါ ပြခိုင်းနေကြောင်း သိရပါတယ်။ မြို့အဝင် စစ်ဆေး ရေးဂိတ်မှာ စစ်ဆေးခံခဲ့ရတဲ့ မြို့ခံတစ်ဦးက “သူတို့စစ်ဆေးတဲ့ ၅ မျိုးလုံးပါမှ တောင်ကြီးမြို့ကို လာခဲ့ပါ။ တစ်ခုလေး ကျန်ခဲ့ရင်တောင် တောင်ကြီး လာဖို့စိတ်မကူးပါနဲ့။ ကျနော် မနေ့က အေးသာယာပဲသွားတာ ပါ။ ဒါတောင် တောင်ကြီးမြို့နယ် အတွင်းပဲနော်။ ကိုဗစ် ကာကွယ်ဆေး မထိုးထားလို့ ပြန်လှည့်ခိုင်းတယ်။ စစ်နေတာတော့ တစ်ပတ်ရှိပြီ ပြောနေကြတယ်။ လူတွေ မသိကြတာပါ” လို့ ပြောပါတယ်။

 

  • ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ဖုံသာချောင်းဒေသရှိ အထက်ခချီးမြောင်ကျေးရွာက အရပ်သားတစ်ဦး ယနေ့ ဇူလိုင် ၃ ရက်နေ့ နေ့လည် ၃ နာရီကျော်ခန့်က မိုင်းနင်းမိ၍ ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ် မင်းပြားမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း ကျေးရွာသားများက ပြောသည်။ အသက် ၂၈ နှစ်အရွယ်ရှိ အထက်ခချီးမြောင်ကျေးရွာက ကိုမောင်လှထွန်းသည် ကျေးရွာအနီးရှိ တောင်ပေါ်သို့  သစ်ခုတ်ရန်သွားရောက်စဉ် မိုင်းနင်းမိခြင်းဖြစ်ပြီး ဘယ်ဖက်ခြေထောက်တစ်ဖက် ပြင်းထန်ဒဏ်ရာရရှိ ခဲ့ကာ ခြေမျက်စီအောက်တွင် ပြတ်သွားကြောင်း ကျေးရွာသားတစ်ဦးက ပြောသည်ဟု ဒေသအခြေစိုက် Western News သတင်းဌာနတွင်ဖော်ပြထားသည်။

 

  • ရှမ်းနီတပ်ဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းပြီး ဖောင်းပြင်နှင့်ဗန်းမောက်မြို့နယ်မှ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များအား တိုက်ခိုက်နေသည်ဟု ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတင်းထုတ်ပြန် သည်။ ရှမ်းနီတပ်ဖွဲ့သည် တရားမဝင် အာဏာသိမ်းစစ်ကောင်စီတပ် စစ်ကြောင်းများ နှင့်အတူ လိုက်ပါပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ရန်ရှာတိုက်ခိုက်နေကြောင်း၊ ဖောင်းပြင်မြို့နယ် သရောင်းရွာ စည်ပင်သာယာစျေးအနီးရှိ ဦးမြဟန်-ဒေါ်ကြည်ဟန်တို့ ကုန်ဆိုင်မှဆက်ကြေးအဖြစ် ကျပ်သိန်း ၁၀၀ ကို ဇွန်လ ၂၆ ရက်တွင် အဓမ္မကောက်ခံသွားကြောင်း သတင်းထုတ်ပြန်ထားသည်။  ရှမ်းနီတပ်ဖွဲ့သည် ဗန်းမောက်မြို့နယ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းများနှင့် လိုက်ပါ တိုက်ခိုက်ပြီး​ ပြည်သူများထံမှ အဓမ္မဆက်ကြေးကောက်ခံသည့်အသတင်းများ ရရှိထားကြောင်း ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နောက်ဆက် တွဲသတင်းထုတ်ပြန်ထားသည်။

 

  • ကချင်ပြည်နယ်၊ ဖားကန့် ပြည်သူများသည် ပုဂံတွင် ကျင်းပလျက်ရှိသည့် အာဆီယံနိုင်ငံတချို့ပါဝင် တက်ရောက်သော မဲခေါင်-လန်ချန်း အစည်းအဝေးကို ကန့်ကွက်ပြီး စစ်အာဏာရှင် ကျဆုံးရေး ယနေ့ ချီတက် ဆန္ဒပြကြကြောင်း သိရှိရသည်။

 

  • ဟိုပုံးမြို့တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင် မွေးနေ့ အဖြစ် ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် အိမ်သာ သပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်တွင် ယနေ့ (ဇူလိုင် ၃) နေ့တွင် တော်လှန်ပြည်သူများက အကြမ်းဖက်စစ် ခေါင်းဆောင် မင်းအောင်လှိုင်၏ ရုပ်ပုံကို လမ်းမပေါ်၌ ခြေဖြင့်နင်း၍ ဆန္ဒပြခဲ့ကြသည်။ ပြည်သူများက ယနေ့ ကျရောက်သော အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ (၆၆)နှစ်ပြည့် ကျက်သရေမဲ့ သောမွေးနေ့ဟုဆိုကာ ၎င်း၏ရုပ်ပုံအား လမ်းမကြီးပေါ်တွင် ခြေဖြင့်နင်းပြီး ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။

 

  • ယနေ့တွင်ကျရောက်သော အာဏာသိမ်းအကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင် ၏ ၆၆ နှစ် မြောက် ကျက်သ​ရေမဲ့ မွေးနေ့အဖြစ်  “သေချိန်တန်ပြီ မင်းအောင်လှိုင် ” စာသားပါ စာတန်းအား ရန်ကုန်မြို့ တစ်နေရာတွင် ချိတ်ဆွဲသည်။  ထိုလှုပ်ရှားမှုကို လူငယ်များသမဂ္ဂ နှင့် LGBT Union (Mandalay) တို့က ပူးပေါင်းလျက် ညီညွတ်စွာပါဝင် လှုပ်ရှားကြ​ကြောင်း သိရှိရသည်။

 

  • သရက်ချောင်းမြို့နယ် သပိတ် ကော်မတီဝင်များ၊ အခြေခံပညာ ကျောင်းသား လူငယ်များ၊ LGBTများ နှင့်တော်လှန်ရေး လူငယ်များ ပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ရန်ကုန်မြို့နေရာအနှံ့တွင် လှိုင်သာယာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂမှ စာစောင်ဖြန့်ဝေ ခြင်း၊ sticker campiagn ပြုလုပ်ခြင်းနှင့်အတူ အကြမ်းဖက် အာဏာသိမ်းခေါင်းဆောင် များ၏ ဓာတ်ပုံ တို့ကို မီးရှို့ခြင်းကို ယနေ့ ဇူလိုင် ၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

 

  • ရန်ကုန်မြို့အနှံ့ ဘတ်စ်ကားများပေါ်၌ စစ်အာဏာရှင်ဆန့်ကျင်ရေး နှိုးဆော်သည့်စာစောင်များ ဖြန့်ဝေ ခြင်း၊ စတစ်ကာများကပ်ခြင်းနှင့် အာဏာသိမ်းခေါင်းဆောင်များ၏ ဓာတ်ပုံများအားမီးရှို့ခြင်းများကို လှိုင်သာယာ အခြေခံပညာကျောင်းသားများသမဂ္ဂမှ ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ပြည်သူများအနေဖြင့် နိုင်ရာကဏ္ဍမှဆက်လက်တော်လှန်ပေးကြရန် လှိုင်သာယာ အခြေခံပညာ ကျောင်းသားများသမဂ္ဂမှ ယခုလှုပ်ရှားမှုနှင့်အတူ တောင်းဆိုထားသည်။

 

  • မန္တလေး သံဃသမဂ္ဂ ဆရာတော်များက ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် “စစ်ကောင်စီကျင်းပသည့် အာဆီယံနိုင်ငံအချို့ပါသော မဲခေါင် လန်ချန်းအစည်းအဝေးကို လုံးဝကန့်ကွက်ပါသည်။ (သံဃသမဂ္ဂ)” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ်ပြုလုပ်ခဲ့သည်။

 

  • ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်-ဆားလင်းကြီးမြို့နယ် ရွာပေါင်းစုံသပိတ် စစ်ကြောင်း ဦးဆာင်ကာ ယနေ့ ဇူလိုင်လ ၃ နေ့တွင် ပုသိမ်-မုံရွာ လမ်းမပေါ် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။

 

  • စစ်ကိုင်းတိုင်း ယင်းမာပင်၊ ဆားလင်းကြီးရွာ ပေါင်းစုံသပိတ်ဟာ ဇူလိုင်လ(၃)ရက် မနက်ပိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ရက်ပေါင်း(၄၇၉)ရက်မြောက်အဖြစ် ဒေသ တွင်းတစ်နေရာမှာ ဆက်လက်ချီတက်ခဲ့ကြပါတယ်။ “လူထုတိုက်ပွဲအရှိန်မြှင့်ကြ “ဆိုတဲ့ စာသားကို ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

 

  • ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် မင်းအောင်လှိုင်ပုံ မီးရှို့ပြီး စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် မင်းအောင်လှိုင်ပုံ ခြေဖြင့်နင်းကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၃ ရက်နေ့ တွင် မင်းအောင်လှိုင်ပုံကို မီးရှို့၊ ခြေဖြင့်နင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့မှာ တော်လှန်လူငယ်တွေစုပြီးတော့ အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြလှုပ်ရှား မှုကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို ချောင်းဦးမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြုလုပ်တာဖြစ်ပြီးတော့ “ပြည်သူ့တော်လှန်ရေးကို ရတဲ့နည်းနဲ့ ပူးပေါင်းကြ၊ ပြည်သူ့တော်လှန်ရေးကို ရတဲ့နည်းနဲ့ ကူညီကြ” ဆိုတဲ့ စာတန်း ချိတ်ဆွဲပြီး အကြမ်းဖက် စစ်တပ်ကျရှုံးရေး ပြုလုပ်ခဲ့ကြပါတယ်။

 

  • ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ် စစ်ကြောင်းမှ အကြမ်းဖက် ဖက်ဆစ် ခေါင်းဆောင် မင်းအောင်လှိုင် ၏ မွေးနေ့အဖြစ် မင်းအောင်လှိုင်နှင့်စစ်တပ် ကျဆုံးရေး ဆန္ဒပြကြသည်။

 

  • ကနီမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အကြမ်းဖက်အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မွေးနေ့၌ “မြန်မာပြည်အေးချမ်းပါစေ မအလ အသေဆိုးနဲ့သေပါစေ ၊ သို့ မအလ သင့်အား ငရဲပြည်မှ အလိုရှိသည် ပုံ ယမမင်း”စာသားကိုင်ဆွဲ၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ကာ ဆန္ဒပြသပိတ်ပြုလုပ်ခဲ့သည်။

 

  • ယနေ့ ဇူလိုင်လ ၃ ရက်နေ့ ကျရောက်သည့် ပြည်သူထောင်ချီ သတ်ဖြတ်ခဲ့သော မိစ္ဆာကောင် မင်းအောင်လှိုင် ၆၆ နှစ်မွေးနေ့တွင် ယုတ်မာသမျှ ပြန်ခံရပြီး အသေ ဆိုးဖြင့် မိသားစုလိုက် ဆွေစဉ် မျိုးဆက် သေစေရေး ကျိန်စာတိုက်မှု တစ်ရပ်ကို ပြည်သူတချို့က ယနေ့တွင် လုပ်ဆောင်ကြသည်။

 

  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲကို စစ်ကောင်စီတပ် က ဇူလိုင်လ ၂ ရက် နံနက်ပိုင်းတွင် စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံငါးထောင်ခန့် စစ်ဘေးရှောင် လာရကြောင်း တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ထုတ်ပြန်ထားသည်။ အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်း ၃ ကြောင်းသည် တောင်ပျောက်တိုက်နယ်အတွင်းကို မနေ့က နံနက် ၇နာရီခန့်တွင် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း အဆိုပါတိုက်နယ် ကျွဲခြံရွာ မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “စကစဘက်က စစ်ကြောင်းထိုးတော့မယ်ဆိုတာ အရိပ်အငွေ့ မြင်နေတာကြောင့် မိုးလင်းပိုင်းကတည်းက ပြောင်း ရွှေ့နေသူတချို့ရှိတယ်။ အခြေအနေတွေ ဒီလိုဖြစ် လာနိုင်တယ်လို့သုံးသပ်ပြီး (ဇူလိုင် ၁) ရှေ့တစ်နေ့ကတည်းက အနီးအနားက ရွာတွေက ကြိုတင်ပြောင်း ရွှေ့နေတာမျိုးလည်းရှိတယ်” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။

 

  • စစ်ကိုင်းတိုင်း ကနီနယ်တွင် NUG ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲတွင် ကျောင်းသူ ကျောင်းသားများ၊ ဆရာ/ဆရာမများနှင့် မိဘပြည်သူများ တက်ရောက်ခဲ့သည်။

#ဖက်ဒရယ်ဂျာနယ်

#နေ့စဉ်သတင်း #ပြည်တွင်း

https://www.facebook.com/federaljournal

https://www.federaljournalmm.org/