• Today is: Friday, March 29, 2024

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

                                                                                (No. 49, July 8, 2022)

၁။ မတူပီတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂ ဦးသေ၊ ၆ ဦးထက်မနည်း ဒဏ်ရာရ
8 July, 2022

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ ဇူလိုင် ၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးကာ ၆ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ CDF-မတူပီ က ပြောပါတယ်။ မတူပီမြို့နယ် အမ်မိလိုင်းရွာနားမှာ ဇူလိုင် ၇ ရက် မနက် ၆ နာရီလောက်က အင်အား ၈၀ လောက်နဲ့ ခြေလျင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ CDF-မတူပီ ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းချင်းက ဒီဗွီဘီကို ပြောပါတယ်။ အဲဒီတိုက်ပွဲကို CDF-မတူပီ၊ CNA နဲ့ CDF-Zotung တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး နာရီဝက်လောက် ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး ၆ ယောက်ထက် မနည်း ဒဏ်ရာရရှိခဲ့ကာ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ အထိအခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြ တယ်လို့ ဆိုပါတယ်။

CDF-မတူပီ ပြန်ကြားရေးတာဝန်ခံက “အမ်မိလိုင်းရွာမှာက ဒေသခံပြည်သူအားလုံး ဘေးလွတ်ရာကို တိမ်းရှောင်နေ ကြရပြီး ရွာထဲမှာ သက်ကြီးရွယ်အိုတွေပဲ ကျန်ခဲ့တာ။ စစ်(…)စစ်ကြောင်ထိုးနေတော့ ကျနော်တို့လည်း ရွာထဲကို ဝင်ပြီး အကူညီ ပေးလို့ မရဘူး။ စစ်(…)တွေ စစ်ကြောင်းထိုးနေလို့ ရန်ခဲန်းကျေးရွာနဲ့ အမ်မိလိုင်းကျေးရွာက ဒေသခံပြည်သူ ၃၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး မနေ့ကလည်း ရဲန်ခဲန်းရွာက ပြည်သူတွေရဲ့ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြ တယ်” လို့ ပြောပါတယ်။ မတူပီမြို့နယ် ရန်ခဲန်းရွာနဲ့ အမ်မိလိုင်းရွာကြားမှာ ဇူလိုင် ၆ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီ စစ် ကြောင်းနဲ့ CDF-မတူပီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးကာ ၂ ယောက် အပြင်းအထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ သတင်းထုတ် ပြန်ထားတာ မတွေ့ရသေးပါဘူး။ http://burmese.dvb.no/archives/542442

၂။ စစ်ကောင်စီတပ်နှင့် ကော်ဘရာစစ်ကြောင်း တိုက်ပွဲဖြစ်၊ စစ်ကောင်စီ ဗိုလ်ကြီးအပါအဝင် ၅ ဦးသေဆုံး
8 July, 2022

မြဝတီ-ဝေါ်လေ ကားလမ်းပေါ်မှာ ဇူလိုင် ၇ ရက် စစ်ကောင်စီတပ်တွေနဲ့ ကော်ဘရာစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ခဲ့ကြ ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးတယောက်၊ ဆေးမှူးတယောက်အပါအဝင် အလောင်း ၅ လောင်းကို တွေ့ရှိရပြီး စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်သေဆုံး၊ ဒဏ်ရာ ရရှိခဲ့ပါတယ်။ ကော်ဘရာစစ်ကြောင်းရဲ့ တိုက်ပွဲသတင်း ထုတ်ပြန်ချက်မှာ တော့ စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ ခမရ(၂၀၇)၊ ခလရ(၈)၊ ခမရ(၂၀၄)၊ ခမရ(၉) ၊ ခမရ(၁၀၂) နဲ့ လက်ရုံးတပ်ဖွဲ့တွေ၊ ဗိုလ်မုတ်သုန် ဦးစီးတဲ့ BGF အင်အား ၁၀၀ လောက် ပါဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ ဖလူးလေး၊ ဖလူးကြီးဒေသမှာ စုဖွဲ့ကာ မြဝတီ-ဝေါ်လေကားလမ်းတလျှောက် ဒေသတွေကို ကျူးကျော်ဖို့ ကြိုးစားလာခဲ့တယ်လို့ ဆိုပါ တယ်။ ဒါကြောင့် ခမရ(၂၀၇) ပါဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မြဝတီ-ဝေါ်လေ ကားလမ်းပေါ်က သုံးထပ်ကွေ့ (ဒေသအခေါ်) နေရာဆီ ရောက်ရှိလာချိန်မှာ လုံခြုံရေး ရယူထားတဲ့ ကော်ဘရာစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံး စာရင်းကို အတည်ပြုနိုင်ဖို့ စီစစ်ဆဲ ဖြစ်ကြောင်းလည်း ဖော်ပြထားပြီး MA -1 တစ်လက်၊ ကျည် (၅.၅၆) ကျည် (၄၇၅) တောင့်၊ ကျည်ဘောက်(၄) ခု၊ အီနာဂါဗုံးသီး တစ်လုံးနဲ့ တခြားဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်း ရမိထားတယ်လို့ ဆိုပါတယ်။ ဒီတိုက်ပွဲအတွင်းမှာ တော့ ကော်ဘရာစစ်ကြောင်းဘက်က စစ်သည်တော်တွေ ကျဆုံး၊ ထိခိုက်၊ဒဏ်ရာ ရရှိတာ တယောက်မှ မရှိခဲ့ဘူးလို့ ဆိုပါ တယ်။ ဒါ့အပြင် အကြမ်းဖက် စစ်ကောင်စီရဲ့ မှော်ဘီလေတပ်မှ တိုက်လေယာဉ်တစ်စင်းဟာ ဒီကနေ့မနက် ၄ နာရီခွဲလောက်က လေ့ကေ့ကော်ဒေသက ကော်ဘရာစစ်ကြောင်း လုံခြုံရေး ရယူထားတဲ့ တောင်ကုန်းတစ်ခုပေါ် လေကြောင်းတိုက်ခိုက်ခဲ့ပေမဲ့ ကော်ဘရာ စစ်သည်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့တာမရှိဘူးလို့ဆိုပါတယ်။ http://burmese.dvb.no/archives/542458

၃။ လားဟူဒီမိုကရက်တစ်အစည်းအရုံးနှင့် စစ်ခေါင်းဆောင် တွေ့ဆုံဆွေးနွေး
7 July, 2022

လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)အ ထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ဇူလိုင် ၇ ရက်က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မွန်းလွဲ ၂ နာရီမှာ စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး တွေ့ဆုံရာမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်၊ တစ်နိုင်ငံလုံး တိုင်းရင်းသား ဒေသပါမကျန် ပညာရည်မြှင့်တင်ရေး ကို စစ်ခေါင်းဆောင်က ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။ လားဟူဒီမိုကရက်တစ် အစည်း အရုံး(LDU)ကိုယ်စားလှယ်တွေကလည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စတွေတင်ပြခဲ့ပြီး ငြိမ်းချမ်းရေး၊ ပညာရေး၊ ကျန်းမာ ရေး ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ ဇူလိုင် ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာတော့ စစ်ကောင်စီဩဇာခံ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်တွေနဲ့ ဆက်လက်ဆွေးနွေးဖို့ရှိနေပါတယ်။ ဒီကနေ့တွေ့ ဆုံပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

လားဟူဒီမိုကရက်တစ်အစည်းအရုံး( LDU)ဘက်ကတော့ အထွေထွေအတွင်းရေးမှူးနဲ့အတူ တွဲဖက်အတွင်းရေးမှူး (၂) ကျာယာကုပ် နဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ကျာဖူးတို့ တက်ရောက်ကြပါတယ်။ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေး ဖို့ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇူလိုင် ၅ ရက်က နေပြည်တော်သို့ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အခုလို စစ်ခေါင်းဆောင်နဲ့ တွေ့ရေး ၊ မတွေ့ရေးနဲ့ပတ်သက်ပြီး လားဟူဒီမိုကရက်တစ်အစည်းအရုံး( LDU)အဖွဲ့အတွင်းမှာ ခေါင်းဆောင်တွေအကြား သဘောထားကွဲလွဲမှုတွေရှိခဲ့ တာဖြစ်ပါ တယ်။ စစ်ကောင်စီ ဖိတ်ခေါ်တဲ့ဆွေးနွေးပွဲကိုလက်ခံပြီး နေပြည်တော်သွားခဲ့တဲ့ အဖွဲ့ ၉ ဖွဲ့ကတော့ ‘ဝ’ ပြည် သွေးစည်းညီ ညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော်(NDAA-မိုင်းလားအဖွဲ့)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA-PC)နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့နဲ့ အခု လားဟူဒီမိုကရက်တစ်အစည်း အရုံး( LDU) တို့ဖြစ်ကြပါတယ်။ http://burmese.dvb.no/archives/542391

၄။ ပုဏ္ဏားကျွန်းဒေသခံ ခြောက်ဦး နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံရ
July 7, 2022

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဒေသခံ ရှစ်ဦးထဲက ခြောက်ဦးကို စစ်ကောင်စီ တပ်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ပုဏ္ဏားကျွန်းမြို့နယ် တရားရုံးမှာ တရားစွဲထားတယ်လို့ မိသားစုဝင်က RFA ကို ဇူလိုင်လ ၇ ရက်ဒီနေ့ ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့ခံတွေဖြစ်ကြတဲ့ ဦးဘလှိုင်၊ ဦးမျိုးသွင်၊ ဦးကျော်မင်း၊ ဦးဝင်းမောင်သန်း၊ ဦးထွန်းလှိုင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် မင်းဂံရွာက ဦးမြတ်သူထွန်းတို့ တရားစွဲခံလိုက်ရတာပါ။ အဲဒီအထဲက ဦးဘလှိုင်နဲ့ ဦးမျိုးသွင်ကတော့ တာဝန်ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၃၃၊ ဥပဒေနဲ့ ဆန့်ကျင်တဲ့ အစုအဝေးတွေမှာ သေစေ လောက်တဲ့လက်နက်ကို စွဲကိုင်ကာပါဝင်တယ်ဆိုပြီး ပုဒ်မ ၁၄၄ နဲ့လည်း တရားစွဲခံထားရတယ်လို့ ဦးဘလှိုင်ရဲ့ ဇနီး ဒေါ်အေးအေးခိုင် က RFA ကို ပြောပါတယ်။ “ရဲစခန်းကနေ ကျမတို့သိရတာပေါ့နော်။ ခြောက်ယောက်လုံးက ၅၀၅ (က) နဲ့ တရားစွဲခံရတယ်။ ပြီးရင် ကျမ အမျိုးသားနဲ့ ကားဂိတ်မှူး ကိုမျိုးသွင်က ပုဒ်မ ၃၃၃၊ ပုဒ်မ ၁၄၄ နဲ့ပါ တရားစွဲခံရတယ်။ ကျမ အမျိုးသားမှာ ဘာအပြစ်မှ မရှိပါဘူး။ သူက နိုင်ငံရေးနဲ့လည်း မပတ်သက်ဘူး။ ရိုးရိုးသားသား စီးပွားရေးပဲ လုပ်စားနေတာပါ”

ဦးဘလှိုင်ဟာ ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်မှာ ဆောက်လုပ်ရေးပစ္စည်းဆိုင်ဖွင့်ထားတာဖြစ်ပြီး ဇွန်လ ၁၆ ရက် နေ့မှာ သူ့ရဲ့ဆိုင်ကနေ ပစ္စည်းလာဝယ်တဲ့ စစ်ကောင်စီတပ်သားတစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီး သွားပြီးနောက် သူ့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။ လက်ရှိမှာတော့ သူတို့ ခြောက်ဦးလုံးကို ဇူလိုင်လ ၅ ရက်နေ့ကတည်းက စစ်ကြောရေးကနေ စစ်တွေ အကျဉ်းထောင် ပို့ဆောင်ထားပြီး ချုပ်ရက်ရမန်ကို ဇူလိုင် ၁၅ ရက်နေ့အထိ ယူထားတယ်လို့လည်း ဆိုပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ် လက်ဝဲစာတိုက်ရွာအဝင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံလိုက်ရတဲ့ အသက် ၁၈ နှစ်နဲ့ ၁၈ နှစ်မပြည့်သေးတဲ့ ပေါက်တောပြင်ကျေးရွာက လူငယ်နှစ်ဦးကတော့ စစ်ကြောရေးမှာပဲရှိနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ကတည်းက ကျောက်တော်မြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ ကိုဇော်ဝင်းကို နိုင်ငံတော် ဆူပူ လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ၅ (က)၊ ဦးကျော်သန်းမောင်နဲ့ ကိုဇော်မိုးထက်တို့ကိုတော့ နိုင်ငံတော်အကြည်ညို ပျက်စေမှု ဥပဒေပုဒ်မ ၅ဝ၅ (ခ) တို့နဲ့ ကျောက်တော်မြို့မ ရဲစခန်းမှာ အမှုဖွင့်ခံထားရပါတယ်။ ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော်ကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးထား တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ https://www.rfa.org/burmese/news/myanmar-soldiers-arrested-six-civilians-in-ponnarkyun-070720220823 44.ht

၅။ ပင်းတယမြို့နယ် CDM ပညာရေးရုံးဝန်ထမ်း ဒေါ်မိုးမိုးအေး ဖမ်းဆီးခံရ
July 8, 2022
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် CDM ပညာရေး ရုံးဝန်ထမ်း ဒေါ်မိုးမိုးအေး ကိုစစ်ကောင်စီမှ ဖမ်းဆီးသွား ကြောင်း စုံစမ်းသိရှိရသည်။ ဇူလိုင် (၆) ရက် ည (၈) နာရီဝန်းကျင်တွင် စစ်ကောင်စီမှ ကား (၂) စီး စစ်အင်အားအပြည့်ဖြင့် ပင်းတယမြို့နယ် မိုင်းအင်းကျေးရွာသို့ရောက်လာပြီး ဒေါ်မိုးမိုးအေးကို လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။ “ ၆ ရက် က လာဖမ်းသွားတာ။ စစ်ကား (၂) စီး အင်အား အပြည့်နဲ့လာဖမ်းသွားတာ။ ရိုက်နှက်တာမျိုးတော့ မရှိဘူး။ ညအချိန်မှာ လာဖမ်း သွားတာ။ သူက CDM လုပ်လို့ဆိုပြီးတော့ပဲ လာဖမ်းသွားတာ” ဟု ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ထိုအပြင် ယမန်နေ့ ဇူလိုင် (၇) ရက် ညနေပိုင်းအချိန်တွင်လည်း CDM ပြုလုပ်ထားသည့် ဆရာပြည့်ဖြိုးဝင်းအိမ် နှင့် မိုင်းအင်း ကျေးရွာ အထက်တန်းပြ ဆရာမ ဒေါ်ခင်လေးဝါတို့ အိမ်ကို စစ်ကောင်စီက ဝင်ရောက်မွှေနှောက်ခဲ့ကြောင်း သိရသည်။

“ဆရာကိုတော့ သူတို့ ဖမ်းသွားတာကြာပြီ။ မနေ့ညမှပဲ သူတို့ ဆရာ၊ ဆရာမအိမ်ကို ထပ်ဝင်မွှေသွားတာ။ ဘာတွေယူ သွားလဲတော့ မသိဘူး။ ဒီတိုင်းပဲ ဝင်မွှေသွားတာ။ ထပ်ဖမ်းခံရတာတော့ မရှိဘူး။ ဆရာမက ရှောင်သွားလိုက်တော့ လွှတ်သွား တယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ မိုင်းအင်းကျေးရွာသည် ဓနုတိုင်းရင်းသားများ အများစုနေထိုင်နေလျက်ရှိ ကြောင်းသိရသည်။ ပင်းတယမြို့နယ်သည် PDF တပ်ဖွဲ့ရှိသောကြောင့် စစ်ကောင်စီက တင်းကြပ်စွာ စစ်ဆေးနေပြီး ပြည်သူ များကိုလည်း ဖမ်းဆီးနေလျက်ရှိကြောင်း သိရသည်။

၆။ ရက္ခိုင့်တပ်တော် (AA ကခေါ်ယူထိန်းသိမ်းထားတဲ့ ချင်းလူမျိုး ၁၅ ဦးကို အမြန်ဆုံးလွှတ်ပေးဖို့ (IKACC) တောင်းဆို
July 8, 2022

ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်က ဒေသခံပြည်သူ (၁၅) ထက်မနည်း ချင်းလူမျိုးများကို ၂၀၂၂ ခုနှစ် ဇွန်လအတွင်း ရက္ခိုင့်တပ်တော် AA က မကြာခဏ ခေါ်ယူထိန်းသိမ်းမှု ပြုလုပ်လျှက် ရှိတယ်လို့ ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများ ရေးရာ ပေါင်းစပ် ညှိနှိုင်းရေး ကောင်စီ (lKACC) ကဇူလိုင်လ (၇) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ချင်းလူမျိုးများအပါအဝင် ဒေသခံ ပြည်သူများအား ရက္ခိုင့်တပ်တော် (AA) က ခေါ်ယူထိန်းသိမ်းမှုပြုဘဍလုပ်ခြင်းသည် ဒေသအတွင်း အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရာမှာ မလိုလားအပ်တဲ့ နားလည်မှု လွဲမှားခြင်းမျိုး ထပ်မံပေါ်ပေါက်လာနိုင်တဲ့အတွက် ခေါ်ယူထိန်းသိမ်းထားတဲ့ ပြည်သူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။

အဆိုပါထုတ်ပြန်ချက်တဲ့ထဲမှာ ရက္ခိုင့်တပ်တော် AA က ခေါ်ယူစစ်ဆေးတဲ့ သူတွေဟာ သာမန်ရပ်သူရပ်သားတွေသာ ဖြစ်တဲ့တွက် ခေါ်ယူထိန်းသိမ်းစစ်ဆေးမှု ပြုလုပ်သည်ထိ ဆောင်ရွက်ဖို့ လိုအပ်သူများ မဟုတ်တဲ့ကြောင်းကိုလည်း ထုတ်ပြန် ထားပါတယ်။ ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေအကြား စစ်ရေးတင်းမာမှုတွေရှိနေပြီး အပြန်လှန် ပစ်ခတ်တာတွေ ရှိခဲ့ကြပါတယ်။

၇။ သံဖြူဇရပ်-ရေး ကားလမ်းတွင် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ
8 July, 2022

မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေးကားလမ်းရှိ စစ်ကောင်စီကား ၄ စီးပါ ယာဉ်တန်းကို ဇူလိုင် ၇ ရက် မနက် ၁၀ နာရီခွဲ လောက်က မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ချုံခိုတိုက်ခိုက်ခဲ့ပါတယ်။ သံဖြူဇရပ်မြို့ကနေ ရေးဘက် ကို မောင်းနှင်လာတဲ့ စစ်ကောင်စီကား ၄ စီးကို အောင်သာယာရွာနဲ့ လိမ္မော်ခြံရွာကြားမှာ ချုံခိုကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၁ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မွန်ပြည်နယ် တောင်ညို ပြည်သူ့ပြောက်ကျား တပ်ဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်ကလည်း ရေး-သံဖြူဇရပ်ကားလမ်းမှာပဲ ၂ ကြိမ်ဆက်တိုက် ချုံခိုတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးပြီး အများအပြားခိုက်ဒဏ်ရာရခဲ့သလို ကား ၁ စီးလည်းပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်တေွနဲ့ တိုက်ပွဲဖြစ်နေစဥ်အတွင်း ခရီးသွားတွေ သတိရှိကြဖို့၊ စစ်ကောင်စီကားနဲ့ အတူမသွားလာကြဖို့ မွန်ပြည်နယ် တောင်ညို ပြည်သူ့ပြောက်ကျား တပ်ဖွဲ့က တိုက်တွန်းထားပါတယ်။ ရေး-သံဖြူဇရပ် ကားလမ်းပိုင်းမှာ စစ်ကောင်စီ တပ်တွေ မကြာခဏ ချုံခိုတိုက်ခိုက်ခံရလေ့ရှိတာကြောင့် နှစ်ဖက်ပစ်ခတ်မှုတွေ ထပ်မံဖြစ်လာမှာကိုလည်း စိုးရိမ်ရတယ်လို့ ဒေသခံရွာသားတယောက်က ပြောပါတယ်။ အဆိုပါဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ http://burmese.dvb.no/archives/542445

၈။ ဝင်းရေးဒေသ ကရင်အထက်တန်းကျောင်းတွင် ကျောင်းသားဦးရေတိုးလာ၍ သင်ထောက်ကူပစ္စည်းများ အခက် အခဲရှိလာ
July 7, 2022

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်) ပျော်သာယာ ကျေးရွာတွင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD က ဖွင့်လှစ်ထားသည့် အထက်တန်း စာသင်ကျောင်းတွင် ယခုနှစ် ကျောင်းသားဦးရေတိုးလာနေသည့်အတွက် ပုံနှိပ်စာအုပ်နှင့် သင်ထောက်ကူ ပစ္စည်းများ လိုအပ်လျက်ရှိသည်ဟု ကျောင်း တာဝန်ရှိသူများထံမှ သိရသည်။ ယခင်နှစ် ၂ဝ၂၁-၂ဝ၂၂ တွင် အဆိုပါ ကျောင်း၌ ကျောင်းသူကျောင်းသားဦးရေ ၃၄၃ ဦးသာ ရှိခဲ့ရာမှ ယခုနှစ်တွင် ကျောင်းသူကျောင်းသားဦးရေ ၅ဝဝ နီးပါးအထိ တိုးလာသည့်အတွက် အတန်းလိုက် စာသင်ခန်းများခွဲ သင်ပေးနေ ရလျက်ရှိပြီး ပုံနှိပ်စာအုပ်များ လုံလောက်မှုမရှိသည့်အတွက် စာသင်ကြားမှု အခက်အခဲရှိနေ သည်ဟု ကျောင်း၏ အထက်တန်းပြဆရာမ နော်အေးအေးလွင်က ပြောသည်။ ၎င်းက “ အခြားကျောင်းကနေ ပြောင်းလာတာများတော့ ဒီနှစ်မှာ ၉ တန်း ၁ဝ တန်းကို နှစ်ခန်းခွဲပြီး သင်ပေးရတယ် ပေါ့နော်။ တစ်ခန်းကို လူ ၅ဝ ကျော်ရှိတယ်။ အခန်းကကျဉ်းတော့ စာသင်ရ ခက်ခဲတယ်။ ပုံနှိပ်စာအုပ်တစ်အုပ်ကို လူ ၅ ယောက်လောက် စုကြည့်နေရတော့ ကျောင်းသားတွေအတွက် အဆင်မပြေဘူးပေါ့ နော်” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် ယခင်နှစ်က ဒသမတန်းတွင် ကျောင်းသူ၊ ကျောင်းသားဦးရေ ၄၇ ဦးသာရှိခဲ့ရာမှ ယခုနှစ်တွင် ကျောင်းသူ ကျောင်းသား ဦးရေ ၁ဝဝ ကျော်အထိတိုးလာသည့်အတွက် စာသင်ဆောင်နှင့် သင်ထောက်ကူပစ္စည်းများ လိုအပ်လျက်ရှိသည် ဟု ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။ “ ကိုဗစ်ကာလနဲ့ အာဏာသိမ်းတဲ့အခြေအနေကြောင့် ၁ဝ (ဒသမ)တန်း ၂ နှစ်နားခဲ့ ရတယ်။ ဒီနှစ်တော့ ကော်သူး လေကျောင်းမှာ ပြောင်းလာလိုက်တယ်။ ကိုယ့်ကရင်စာပါ သင်ခွင့်ရ တော့ အဆင်ပြေတယ်။ ဘာသာရပ် တွေကလည်း အရင်ကျောင်းကလို ဒါကျက်၊ ဒါမေး၊ ဒါဖြေမဟုတ်ဘူးပေါ့နော်။ ကိုယ်နားလည်သလို ဖြေဆိုရှင်းပြလို့ ရတယ်။ ပုံနှိပ်စာအုပ်မလုံလောက်တော့ အိမ်စာပေးရင် ညအချိန်သူများအိမ်မှာသွားစုပြီး ကြည့်ရတော့ အခက်အခဲရှိတယ်ပေါ့ နော်” ဟု ရန်ကုန်မြို့မှ ပြောင်းရွှေ့လာသူ စောအောင်ကျော်မင်းက ပြောသည်။ ယခင်နှစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကေအဲန်ယူ သထုံ၊ တောင်ငူ၊ ညောင်လေးပင်၊ ဘိတ်-ထားဝယ်၊ မူတြော်၊ ဒူးပလာယာနှင့် ဖားအံ စသည့် ခရိုင် ၇ ခုတွင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာနအောက်ရှိ မူလတန်းမှ အထက်တန်းအထိ စာသင်ကျောင်းပေါင်း ၁,၀၉၆ ကျောင်းမှ ကျောင်းသူ၊ ကျောင်းသား ဦးရေ စုစုပေါင်း ၈၉,၈၇၉ ဦးရှိသည်ဟု KECD စာရင်းအရ သိရသည်။ ယခုနှစ် ကျောင်းသူ၊ ကျောင်းသားဦးရေ စာရင်းကိုမူ ကောက်ခံစုဆောင်းနေဆဲဖြစ်သည်ဟု သိရသည်။ https://kicnews.org/2022/07/%e1%80%9 d%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1

၉။ အဓမ္မပြုကျင့်လူသတ်မှုကျူးလွန်သူကို ရိုက်နှက်စစ်ဆေးစဉ်သေဆုံးခဲ့သည့်အတွက် အမျိုးသားလေးဦးကို စစ်ကောင်စီ ဖမ်းဆီးစစ်ဆေးနေ
July 7, 2022

အဓမ္မပြုကျင့်လူသတ်မှုကျူးလွန်သည့် အမျိုးသားတစ်ဦးကို ရိုက်နှက်စစ်ဆေးစဉ်သေဆုံးခဲ့သည့်အတွက် ဖုန်ရဲချောင်း ရွှေမှော်မှ သူဌေးဖြစ်သူနှင့် ကျင်းသားများကို ဝိုင်းမော်ရဲစခန်းမှ တာဝန်ရှိသူများက ယမန်နေ့ ညနေပိုင်းတွင် ဖမ်းဆီးသွားပြီး စစ်ဆေးနေကြောင်း သိရသည်။ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာ ဒေသအခေါ် ဖုန်ရဲချောင်းရွှေမှော်ရှိ ဦးချိုလင်း(ခ)ဦးဇော်ဂျာ၏ ရွှေလုပ်ကွက်တွင် ထမင်းချက်အမျိုးသမီးတစ်ဦးကို ဇူလိုင် ၄ ရက်နေ့ နံနက်ပိုင်းက ကျင်းသား တစ်ဦးက အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ပြီး အဆိုပါကျင်းသားကို အလောင်းဖျောက်ထားသည့်နေရာ စစ်ဆေးရာမှ လူသေဆုံးမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု နောင်ချိန်း‌ဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။ “နေ့လယ် အလုပ်နားတဲ့ အချိန် ကျင်းသားတွေ ထမင်းစားနားဖို တဲကို‌ရောက်တဲ့အချိန်၊ အဲ့ထမင်းချက်တဲ့ အမကို မတွေ့လိုဆိုပြီး တဲစောင့်တဲ့ ကျင်းသား ကို မေးတဲ့အခါ၊ ကြောက်ရွံပြီး သူ့ခြေထောက်တွေမှာရော၊ သွေးပေနေတော့၊ ဖမ်းချုပ်ပြီး ရိုက်နှက်မေးတဲ့အခါ မုဒိမ်းကျင့်ပြီး သတ်လိုက်ပြီဖြစ်ကြောင်း ပြန်ဖြေခဲ့တာတဲ့။ ထမင်းချက်အမကို ခုလိုသတ်လိုက်တာကြားတော့ သူတိုလည်း အရမ်းဒေါသထွက် သွားကြတာနေမှာ။ တစ်ခါတည်း ပေါင်းပြီး ရိုက်နှက်သတ်လိုက်တာပြောတယ်” ဟုပြောသည်။

သတ်ဖြတ်ခံရသည့် အဓမ္မမှုကျူးလွန်သူ၏ ရုပ်အလောင်းကို ရိုက်နှက်စစ်ဆေးသူများက မီးရှို့လိုက်ပြီဖြစ်ကြောင်း သူကပြောသည်။ အဓမ္မပြုကျင့်သတ်ဖြတ်ခံရသည့် အမျိုးသမီး၏ ရုပ်အလောင်းကို ယမန်နေ့ ညနေ ၅ နာရီခန့်က ဒေသအခေါ် ဖုန်ရဲချောင်းတံတားအောက်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သူက ဆက်ပြောသည်။ “သူ့အလောင်းကို လေးရက်နေ့ ညကစပြီး စရှာကြတာ။ ခြောက်ရက်နေ့ ညနေပိုင်း တံတားအောက်မှာ ဘာအဝတ်မှမပါပဲ ရှာတွေ့ခဲ့တာ။ ဂျိတ်တွေ ရေငုတ်ဝတ်စုံတွေ ဝတ်ပြီးရှာကြတာ” ဟုပြောသည်။ သတ်ဖြတ်ခံရသည့် အမျိုးသမီး၏ အမည်မှာ ဒေါ်တန်ဘောင်ခေါင်နန်း ဖြစ်ပြီး ထမင်းချက် အလုပ်လုပ်ကိုင်နေသော အသက် ၂၁ နှစ်အရွယ် ကလေးနှစ်ယောက်မိခင်ဖြစ်ကြောင်း သိရသည်။ ဒေါ်တန်ဘောင်ခေါင်နန်းကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သောကျင်းသားသည် မည်သူမည်ဝါဖြစ်ကြောင်းမသိရှိရသေးပါ။ ဒေါ်တန်ဘောင်ခေါင်နန်း သတ်ဖြတ် ခံရသော ရွှေမှော်သည် စစ်ကောင်စီလက်အောက်ခံ ဂွေထုပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါ၏ နယ်မြေဖြစ်ပြီး လောင်းကစားရုံ၊ သဲကျောက်လုပ်ငန်းများနှင့် ရွှေလုပ်ငန်းများ လုပ်ကိုင်သော ဒေသဖြစ်သည်။

၁၀။ ရွာငံဒေသခံများကို ပျူစောထီးတပ်ဖွဲ့ဝင်စေရန် စစ်ကောင်စီတပ်ဖွဲ့ ခြိမ်းခြောက်ညွှန်ကြား
July 7, 2022

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့ရှိ ဒေသခံများကို ပျူစောထီးတပ်ဖွဲ့ဝင်စေရန် စစ်ကောင်စီတပ်သားများက ခြိမ်းခြောက် မှုများ ပြုလုပ်နေကြောင်း သတင်းသိရသည်။ သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ဆင်ဆာပြားကျေးရွာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင်တစ်ချို့နှင့် ပတ်သက်နေသူများ ရှိနေသည့် သတင်းထွက်ပေါ်လာမှုကြောင့် စစ်ကောင်စီတပ်သားများ က ရွာခံများကို ပျူစောထီးတပ်ဖွဲ့ဝင်စေရန် ခြိမ်းခြောက်ပြောဆိုကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ရွာလုံခြုံရေးအတွက်ဆိုပြီးတော့ ရွာသားတွေကို ပျူစောထီးအဖွဲ့ဝင်ခိုင်းတယ်၊ ဖွဲ့ခိုင်းတယ်၊ မလုပ်ရင် ရွာထဲအိမ်ကို မီးရှို့မယ် ဘာညာတွေ ခြိမ်းခြောက်ပြောဆိုနေတယ်၊ အခုဆို ရွာသားတွေကို ဖမ်းထားတာလည်း မနည်းဘူး” ဟု ဆင်ဆာ ပြားကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သားတို့သည် ဒေသခံရွာသားများကို PDF နှင့် ဆက်စပ် ပတ်သက်နေသည့် အကြောင်းပြချက်ဖြင့် ရွာသားများကို ဖမ်းဆီးခြင်း၊ ရိုက်နှက်စစ်ဆေးခြင်းများ ပြုလုပ်ကာ ပျူစောထီးတပ်ဖွဲ့ ဝင်ဖြစ်အောင် ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

“သူတို့ကို PDF နဲ့ သိ၊ မသိ ဖမ်းပြီးစစ်တာတဲ့၊ နှစ်ယောက်ကို ဘာလို့ ပြန်မလွှတ်လဲတော့ မသိဘူး၊ ဒါပေမယ့် အဲ့နေ့ ပြန်လွှတ်လာတဲ့သူတွေ ပြောတာက ရိုက်နှက်တာတော့ မရှိဘူးလို့ ပြောတယ်၊ ဒါပေမဲ့ ရွာသားတွေကို ထင်မြင်ချက်တစ်ခုတည်း နဲ့ ဖမ်းလိုက် ပြန်လွတ်လိုက်လုပ်နေတာက မဖြစ်သင့်ဘူးလေ” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။ လက်ရှိတွင် စစ်ကောင်စီတပ်သားတို့သည် ရွာငံဒေသအတွင်းမှ PDF တပ်ဖွဲ့များကို အပူတပြင်းရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်နေပြီး ရွာသား များကိုလည်း ရိုက်နှက်ဖမ်းဆီးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။ https://burmese.shannews.org/archives/290

၁၁။ ဟားခါးမြို့မှာ မိုင်းမတော်တဆ ပေါက်ကွဲတာကြောင့် CDF-Hakha ရဲဘော်၂ဦးကျဆုံး
July 8, 2022

၂၀၂၂ ခုနှစ်၊ဇူလိုင်လ ၇ ရက်နေ့ ည ၉ နာရီကျော်ဝန်းကျင်မှာ ဟားခါးမြို့ ဈေးသစ်ရပ်ကွက် ရှိ အမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်းနားမှာ မိုင်းမတော်တဆ မှုကြောင့် CDF-Hakha ရဲဘော် ၂ ဦးကျဆုံးခဲ့တယ်လို့ ဟားခါးဒေသခံတွေ ဆီကသိရပါတယ်။ အဲဒီပေါက်ကွဲမှုမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၂ ဦးမှာ Salai Roland Kil Kam Thang နဲ့ Salai Daniel တို့ ဖြစ် ပြီးအသက် ၂၅ နှစ်ဝန်းကျင် လူလတ်ပိုင်းတွေဖြစ်ကြောင်း ဖေ့စ်ဘုခ့် လူမှုကွန်ယက်မှာ ကျဆုံးသူတွေရဲ့ ဆွေမျိုးနီးစပ်ရာများ ဆီကနေသိရပါတယ်။သူတို့ရဲ့အလောင်းကို စစ်ကောင်စီဘက်ကနေ သယ်ယူခဲ့တယ်လို့လည်းသိရပါတယ်။ “ဒီမနက် အ.ထ.က (၁)ကျောင်းနားမှာ စစ်သားတွေက အလောင်းကို အိတ်နဲ့သယ်သွားတာတွေ့ရတယ်၊ ကျောင်းရဲ့ အုတ်နံဘက်မှာ လာကောက် သွားတယ်၊ အစန တစ်ချို့က ကျောင်း၀င်းထဲမှာတွေ့ကြတယ်လို့တော့ပြောကြတာပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဟားခါးမြို့ရှိ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းတက်နေတဲ့ ကျောင်းသား/သူ တွေကို လုံခြုံရေးယူနေတဲ့ စစ်သားတွေက ကျောင်းတက်ပြီး အိမ်မပြန်ကြဖို့ပြော‌ပေမယ့် ကျောင်းသား/သူတွေက ထိတ်လန့်တာကြောင့် အိမ်ပြန်ခဲ့ကြတာကြောင့် ကျောင်းပိတ်လိုက်ရတယ်လို့လည်း သိရပါတယ်။ လက်ရှိ ဟားခါးမြို့မှာ အခြေခံပညာ အထက်တန်း ကျောင်း ၂ ကျောင်းဖွင့်လှစ်ရှိပြီး ကျောင်းတက်သူဦးရေ ၂ ထောင်ခန့် ရှိတယ်လို့လည်း သိရပါတယ်။

၁၂။ တနင်္သာရီတိုင်းမှာ စစ်ဘေးဒုက္ခသည် ၁၇,၀၀၀ ထိရှိလာ
July 7, 2022

တနင်္သာရီတိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ဦးရေဟာ ဇူလိုင် ပထမ ပတ်ထိ ၁၇,၀၀၀ ဝန်းကျင်ထိ ရှိလာနေပြီလို့ စစ်ရေးပဋိပက္ခနဲ့ လူ့အခွင့် အရေးဆိုင်ရာကိစ္စရပ်တွေကို စောင့်ကြည့်လေ့လာ မှတ်တမ်းတင်နေတဲ့ Southern Monitor အဖွဲ့ကပြောပါတယ်။ တနင်္သာရီတိုင်းက ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ တနင်္သာရီ၊ ပုလောနဲ့ မြိတ်မြို့နယ် တွေမှာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့အထိ ရရှိတဲ့ အချက်အလက်တွေအရ စစ်ဘေးဒုက္ခသည် ၁၁,၈၀၀ ဦး ရှိခဲ့ပါတယ်။ ဇူလိုင်လဆန်းမှာတော့ တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာတာကြောင့် စစ်ဘေးဒုက္ခသည် ဦးရေဟာ ၁၇,၀၀၀ ထိဖြစ်လာတာလို့ Southern Monitor အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကပြောပါတယ်။ “အခု ဇူလိုင်လဆန်းပိုင်းမှာ ပုလော မြို့နယ်နဲ့ သရက်ချောင်းမြို့နယ်မှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်အရေအတွက်က ပိုတိုးလာပါတယ်ဗျ။ အခု ဇူလိုင် လဆန်းပိုင်း ဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် ပုလောမြို့နယ်မှာစစ်ဘေးရှောင် ၁၉၀၀ ထိ ဖြစ်လာတယ်။ သရက်ချောင်းမြို့နယ်မှာ လည်း ဇွန်လကုန်တုန်းက ၄၅၈ ဦးကနေ အခုဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် ၆၀၀၀ လောက်ထိရှိလာနေတယ်” တနင်္သာရီတိုင်း ရဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေက လအလိုက် အပြောင်းအလဲများတာတွေ့ရပြီး ဆက်သွယ်ရေး ခက်ခဲတာတွေကြောင့်လည်း အချက်အလက် အတိအကျရနိုင်ဖို့ ခက်ခဲနေတယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာရင် ဘေးလွတ်ရာကို ရှောင်တိမ်းကြရတာကြောင့် စစ်ဘေးဒုက္ခသည် အရေအ တွက်က များပြားနေပြီး တိုက်ပွဲတွေနဲ့ စစ်ကြောင်းတွေ မရှိတော့ရင် ကိုယ့်အိမ်ကိုယ် ပြန်လာနေကြတာမျိုးတွေလည်း ရှိတယ် လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိအချိန်မှာ စစ်ကောင်စီက တနင်္သာရီတိုင်းမှာ စားနပ်ရိက္ခာ သယ်ယူခွင့်တွေ ကန့်သတ် ထားတာကြောင့် စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ပြောပါ တယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ဇွန်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ် ဇွန်လအထိ အိုးအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ခုနစ်သိန်း ခြောက်သောင်းကျော် ရှိလာနေပြီလို့ ဖော်ပြထား ပါတယ်။ https://www.rfa.org/burmese/news/tanintharyi-refugees-07072022083159.html

၁၃။ ပျောက်ဆုံးနေတဲ့ သီပေါကအမျိုးသမီးငယ်ရဲ့ မိသားစုဆီ ဖုန်းနဲ့ခြိမ်းခြောက်ပြီး ငွေတောင်းသူရှိနေ
July 8, 2022

ရှမ်းမြောက် သီပေါမြို့နယ် မန်ပြစ်ကျေးရွာအုပ်စု နာမွန်ကျေးရွာနေ အမျိုးသမီးငယ်တစ်ဦးဟာ တစ်လကျော်ကြာ ပျောက် ဆုံးနေတာဖြစ်ပြီး မိသားစုဝင်ထံဖုန်းဆက်ခြိမ်းခြောက် ငွေတောင်းနေတာတွေရှိတယ်လို့ မိသားစုဝင်တွေက ပြောပါ တယ်။ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကတည်းက နာမွန်ကျေးရွာနေ အသက် (၁၉ နှစ်) မနန်းခမ်းအောင်ဟာ သီပေါကနေ လားရှိုးမြို့ မှာ အလုပ်လုပ်ရန်ဆိုပြီး နေအိမ်မှ ထွက်သွားခဲ့ရာကနေ ပျောက်ဆုံးသွားတာပဲ ဖြစ်ပါတယ်။ ၎င်းရဲ့ ညီမဖြစ်သူက “၇ ရက်နေ့ ည ၇ နာရီအချိန်လောက်မှာ အော်ရီတူး ဖုန်းနံပါတ်နဲ့ ယောကျာ်းလေးတစ်ယောက်က ဖုန်းဆက်လာတယ်။ သူပြောတာ နန်းခမ်းအောင် ကို နင်တို့ယူမလား မယူဘူးလားတဲ့ မယူရင် ငါပစ်သတ်ပြီး ခွေးစာကျွေးပြစ်မယ်တဲ့။ ပိုက်ဆံ (၁၅ သိန်း) အရင် လွှဲပေးတဲ့။ သူကို နေရာမေးလိုက်တယ်။ သူကပြန်ဆဲပြီး ငါပြောတာ နားမလည်ဘူးလားတဲ့။ နောက်ဘယ်တော့မှ ဒီဖုန်းထက် မဆက်နဲ့တဲ့” လို့ ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ နန်းခမ်းအောင်ရဲ့ မိသားစုဝင်တွေဟာ အားလုံးကသူကို စိတ်ပူနေကျပြီး ပြန်ပေးဆွဲခံရတဲ့ အဖွဲ့ရဲ့ လက်ထဲ ရောက်နေမလားလို့ မိသားစုဝင်တွေက စိုးရိမ်နေကျပါတယ်။ ရှမ်းမြောက်မှာ လူပျောက်ကြောငြာခံရသူကို အသုံးချပြီး မိသားစုဝင်တွေဆီ နည်းအမျိုးမျိုး ခြိမ်းခြောက်ငွေတောင်းတဲ့ ဖြစ်စဥ်မကြာခဏဖြစ်ပေါ်လျက်ရှိနေပါတယ်။

၁၄။ တွန်းဇံမြို့နယ်တွင် စစ်ကောင်စီက အခြေခံပညာကျောင်း ၈၀ ရာခိုင်နှုန်းဖွင့်လှစ်
July 8, 2022

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် စစ်ကောင်စီက အခြေခံပညာကျောင်း ၈၀ ရာခိုင်နှုန်းထိ ဖွင့်လှစ်နိုင်ခဲ့လို့ သတင်းရ ရှိပါတယ်။ ကျောင်းမဖွင့်နိုင်တဲ့နေရာတွေကတော့ စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ တမူးမြို့နယ်တို့နှင့် ထိစပ်နေတဲ့ ကျေးရွာက ကျောင်း တွေဖြစ်ပါတယ်။ အထက်တန်းကျောင်းမှာတော့ ခူမ်နွဲ အထကကျောင်းတစ်ခုသာ မဖွင့်လှစ် နိုင်ခဲ့ပါ။ တွန်းဇန်မြို့နယ် မှာ အ‌ခြေခံပညာကျောင်းပေါင်း ၉၈ ကျောင်းရှိတဲ့ထဲက ၇၁ ကျောင်းကို ဖွင့်လှစ်ခဲ့တယ်လို့သတင်းရရှိပါတယ်။ တွန်းဇံမြို့နယ် ဟာ ZRA တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ဧရိယာဖြစ်ပြီး ၎င်းတို့အဖွဲ့ဟာ စာသင်ကျောင်းတွေဖွင့်လှစ်ခြင်းကို ထောက်ခံအားပေး ကြောင်း၊ ကျောင်းဆရာ၊မ နဲ့ စာသင်ကျောင်းတွေကို နှောက်ယှက်ပါက သက်ဆိုင်ရာအစိုးရတာဝန်ရှိသူတွေနဲ့ ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

၁၅။ အင်းလေးတွင် လောင်းကစားဝိုင်းများ ကာလရှည် လုပ်ကိုင်နေခြင်းကြောင့် ခိုးဆိုးနှိုက်မှု များလာ
July 8, 2022

ကမ္ဘာကျော် အင်းလေးကန် တည်ရှိရာ ညောင်‌ရွှေမြို့နယ်၊ အင်းလေးဒေသတွင် လောင်းကစားဝိုင်းများ ကာလရှည်ကြာ လုပ်ကိုင်နေခြင်းကြောင်း ခိုးဆိုးလုနှိုက်မှုများ ပိုမိုများပြားလာပြီး ဒေသခံများ အခက်တွေ့နေရကြောင်း သိရသည်။ အင်းလေး ဒေသ၊ မင်းချောင်းကျေးရွာတွင် ယင်းကဲ့သို့ လောင်းကစားဝိုင်းများ ပြုလုပ်နေသည်မှာ ၄ လခန့် ကြာမြင့်နေပြီဖြစ်ပြီး လိုင်းကြေး ပေးထားသည့်အတွက် စစ်ကောင်စီရဲများက ဖမ်းဆီးခြင်းမရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “စီးပွားရေး ကြပ်တည်း ချိန် ဆိုတော့ ခိုးဆိုးလုယက်တွေလည်း များနေပါပြီ။ သက်ဆိုင်ရာသိအောင် တင်ပြပေးစေချင် ပါတယ်။ ဂုံးဂင်းဝိုင်းလည်း ရှိပါတယ်။ ကားလမ်းဘေးတင်ပါပဲ” ဟု ၎င်းက ပြောသည်။ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ဒေသသည် မြန်မာနိုင်ငံတွင်မက ကမ္ဘာကျော် ထင်ရှားပြီး နှစ်စဉ် နိုင်ငံခြား ခရီးသွား ဧည့်သည်များ အများဆုံး လာရောက်တတ်သည့် နေရာတစ်ခုဖြစ်ကာ ယခုကဲ့သို့ ခိုးဆိုး လုနှိုက်မှုများကြောင့် အရှက်ရ စရာ ဖြစ်လာနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ဒေသအသီးသီးတွင် လောင်းကစားဝိုင်းအမျိုးမျိုးကို ဆက်ကြေး (လိုင်းကြေး)ငွေ ရယူ၍ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့များက ဖွင့်လှစ်ခွင့် ပြုနေခြင်းဖြစ်ပြီး ယင်းကဲ့သို့ လောင်းကစားဝိုင်းများ ဖွင့်လှစ်ခြင်းကြောင့် ခိုးမှု၊ လုယက်မှု အပါအဝင် ဒုစရိုက်မှုများ ပိုမိုဖြစ်ပွားလာနေကြောင်း ဒေသခံများထံက သိရသည်။

၁၆။ စစ်ကောင်စီစစ်ကြောင်းရောက်ရှိနေသော ပေါက်တောမြို့နယ် သဲခုံရွာအနီးတွင် ကြိုးတုတ်သေဆုံးနေသော အလောင်း နှစ်လောင်း ကမ်းတင်တွေ့ရှိ
July 8, 2022

စစ်ကောင်စီစစ်ကြောင်းရောက်ရှိနေသော ပေါက်တောမြို့နယ်၊ မြေငူကျွန်း အရှေ့ဘက်ခြမ်းကမ်းခြေ သဲခုံရွာအနီးတွင် ယနေ့နံနက်က ကြိုးတုတ် သေဆုံးနေသော အလောင်းနှစ်လောင်း ကမ်းတင်လျှက်တွေ့ရှိရကြောင်း ဒေသခံရွာသားများက ပြော သည်။ အလောင်းတွေ့ရသည့်နေရာများမှာ ပေါက်တောမြို့နယ်၊ မြေငူကျွန်း အရှေ့ဘက်ခြမ်းရှိ သဲခုံရွာအနီးရှိ ပြိုင်းတောင်ရွာ နှင့် ချိုင်ပြင်ရွာကြား မြစ်ကမ်းတို့တွင် ဖြစ်ကြောင်း သိရသည်။ သဲခုံရွာနားတွင်တွေ့ရသည့်အလောင်းမှာ အမျိုးသားဖြစ်ပြီး သေဆုံးချိန် ကြာမြင့်နေပုံရကာ ရုပ်ပျက်နေပြီဟု သဲခုံရွာဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။ “ဒီနေ့မနက်က သူများရွာ တွေက ပါးလာတာထင်တယ်။ ကိုယ့်ရွာကတော့ အဲ့လိုမရှိဘူး။ သေတာကတော့အမျိုးသား ကမ်းတင်လို့များ ဆွဲချ ထားတာလား မသိဘူး။ လက်တွေ၊ ခြေတွေမှာ ကြိုးတွေ ချည်ထားတယ်”ဟု ပြောသည်။

အလားတူ ပြိုင်းတောင်ရွာနှင့် ချိုင်ပြင်ရွာကြားတို့တွင်လည်း အလောင်း တစ်လောင်း တင်နေကြောင်း ဒေသခံ တစ်ဦး က ပြောသည်။ “အခုလည်း ရှိသေးတယ်နဲ့တူတယ်။ ကြည့်ရတာသိပ်မသဲကွဲဘူး။ အမျိုးသားပဲ ဖြစ်ဖို့များတယ်။ ဘေးပတ်ဝန်း ကျင် ရွာတွေမှာလည်း သေတာ၊ ပျောက်တာ မကြားမိဘူး။ ဒါကြောင့် အခုဘယ်ကမှန်း မသိဖြစ်နေကြတယ်” ဟု ပြောသည်။ အလောင်းတွေ့ရှိသည့် သဲချောင်းကျေးရွာသို့ ဇူလိုင် ၅ ရက်နေ့က စစ်ကောင်စီ စစ်တပ်ကြောင်းတစ်ခု ရောက်ရှိလာခဲ့ပြီး အနီး ပတ်ဝန်းကျင်တွင် သွားလာလှုပ်ရှားမှုများရှိခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။ ၎င်းပြင် ယင်းစစ်ကြောင်းသည် ရွာထဲရှိ ဦးစိန်ကျော်မောင်အိမ်အား ဝင်ရောက်ရှာဖွေ မွှေနှောက်မှုများရှိခဲ့ပြီး ၎င်း၏ ရေခူဒိုင်ဆိုင်းဘုတ်ကိုလည်း ဖြုတ်ချပစ်ခဲ့သည်ဟု သိရသည်။ ဦးစိန်ကျော်မောင်မှာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်ဟု ရွာသားများက ပြောသည်။ ယခု လူသေအလောင်း များတွေ့ရှိမှုမှာ စစ်ကောင်စီစစ်ကြောင်း ရောက်ချိန် နေချိန်နှင့် တိုက်ဆိုင်နေသော်လည်း မည်သူက ကြိုးတုတ်ပြီး သတ်ပစ်ခဲ့ သည်ကို မသိရှိကြောင်း ကျေးရွာသားများက ပြောကြားသည်။

၁၇။ ၆ လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂,၀၀၀ ကျော် သေဆုံးခဲ့ဟု KNU ထုတ်ပြန်
July 7, 2022

ယခုနှစ် ၂၀၂၂ ခုနှစ်၊ နှစ်ဝက်တာကာလအတွင်း KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ အသီးသီး၌ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ နှစ်ထောင်ကျော် သေဆုံးသွားခဲ့ကြောင်း ယမန်နေ့ ဇူလိုင်လ ၆ရက်နေ့က ထုတ်ပြန်သည့် KNU ၏ နှစ်ဝက်ကာလ တိုက်ပွဲအနှစ်ချုပ်ထုတ်ပြန်ချက်အရ သိရသည်။ ဇန်နဝါရီလမှစ၍ ပြီးခဲ့သည့် ဇွန်လ အထိ KNU ထိန်းချုပ်နယ်မြေတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေး တပ်မတော်-KNDO နှင့် စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ နယ်ခြားစောင့်(BGF) တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲပေါင်း (၂,၆၈၆) ကြိမ်တွင် စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံးများကာ စုစုပေါင်း (၂,၂၀၈) ဦး သေဆုံးသွားကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် နှစ်ဖက် တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ BGF ဘက်မှ ထိခိုက်သေဆုံးမှုများသလို ထိခိုက်ဒဏ်ရာရရှိသူမှာလည်း (၁,၅၄၅)ဦးအထိရှိခဲ့ကြောင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်- KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့- KNDO နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များဘက်တွင်မူ ၈၄ ဦးကျဆုံးပြီး ၁၇၅ ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ကေအဲန်ယူ၏ ၆ လတာ တိုက်ပွဲပေါင်း အနှစ်ချုပ် ဖော်ပြထားချက်အရ ယခင် မတ်လနှင့် ဧပြီလအတွင်း တိုက်ပွဲ အကြိမ်ရေအများဆုံးဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက် ထိခိုက်ကျဆုံးမှုမှာလည်း မတ်လ နှင့် ဇွန်လ အတွင်း အများဆုံးဖြစ် ပေါ်ခဲ့သည်ကို တွေ့ရှိရသည်။ အလားတူ အပြန်အလှန် တိုက်ပွဲများတွင် နှစ်ဖက်ထိခိုက် ကျဆုံးမှုရှိသလို စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ကူနှင့် လေကြောင်းပစ်ကူများအပြင် မတရားဖမ်းဆီးနှိပ်စက်မှုများ၊ လူသားဒိုင်းပြုလုပ်မှုများကြောင့် လက် နက်ကိုင်တိုက်ပွဲ ဖြစ်ပွားရာဒေသအတွင်းရှိ ဒေသခံ ပြည်သူလူထု ၇၂ ဦးသေဆုံးပြီး ၁၅၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ယခင် နှစ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ တိုင်းပြည်အာဏာကို စစ်တပ်သိမ်းယူပြီးနောက်ပိုင်း အပစ်ရပ်(NCA) လက်မှတ်ရေး ထိုးထားသော်လည်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်း နှစ်ဖက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့သည်။ KNU ၏ တပ်မ ဟာ (၅)၊ ဖာပွန်ဒေသတွင် တိုက်ပွဲအများဆုံးနှင့် အပြင်းထန် ဆုံးဖြစ်ပွားခဲ့သလို လတ်တလောတွင်လည်း တပ်မဟာ(၆)နယ်မြေ (ဒူးပလာယာခရိုင်)နှင့် တပ်မဟာ ၃ နယ်မြေ( ညောင်လေးပင်ခရိုင် )ဘက်တွင် ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ https://kicnews.org/2022/07/%e1%81%86-%e1%80%9c%e1%80%a1%e1%80%90%e1%80%bd%e1

၁၈။ နောင်ချိုက မူလတန်းကျောင်းအုပ်ဆရာမတစ်ဦး လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားပြီး ပျောက်ဆုံးနေ
July 8, 2022

ရှမ်းမြောက် နောင်ချိုမြို့နယ် ကုန်းတိမ်းကျေးရွာက မူလတန်းကျောင်းအုပ်ဆရာမဖြစ်တဲ့ ဒေါ်အိသင်ဇာမောင် (၂၉ နှစ်) ကို အမည်မသိတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးပြီးနောက် အစအနမရပဲ ပျောက်ဆုံးနေတယ်လို့ နီးစပ်သူတွေက ပြော ပါတယ်။ ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ ညနေ ၃ နာရီလောက်မှာ ကုန်းတိမ်းကျေးရွာရှိစာသင်ကျောင်းမှာ ကလေးတွေကို ကျောင်း အပ်လက်ခံနေစဉ်ပဲ Vigo ကားအဖြူရောင်တစ်စီးနဲ့ အရပ်ဝတ်နဲ့ လူ ၅ ဦးက သေနတ်တွေဖောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွား တာလို့ ဆရာမနဲ့နီးစပ်သူတစ်ဦးဖြစ်တဲ့ ဦးချမ်းမြေ့က ပြောပါတယ်။ “အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ ဆရာမ က CDM လုပ်ထားတယ်။ နောက်ပိုင်းတော့ မိသားစုအခက်အခဲကြောင့် ပြန်ပြီးတော့ Non ဖြစ်သွားရတာမျိုးပေါ့။ အဲနေ့က သူကျောင်း အပ်လက်ခံတဲ့နေရင်းနဲ့ ကားတစ်စီးနဲ့ အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၁ယောက်က သေနတ် သုံးလေး ချက် ဖောက်ပြီးတော့ ဆရာမကို ဖမ်းသွားတယ်။ ဟိုခိုဘက်ကို ခေါ်သွားတယ်လို့လည်း ပြောကြတယ်”လို့ ပြောပါတယ်။

ဖမ်းဆီးသွားပြီးနောက် သတင်းအစအနမရတာကြောင့် သူမရဲ့ လုံခြုံရေးအတွက် မိသားစုဝင်တွေက စိတ်ပူနေတယ်လို့ ဆိုပါတယ်။ “အဲကတည်းက ဆရာမနဲ့ အဆက်အသွယ်မရတော့တာ အခုချိန်အထိပါပဲ။ သူ့ဖုန်း‌တွေလည်း စက်ပိတ်ထားတယ်။ ဆက်လက်စုံစမ်းလို့မရတော့ သူတစ်ခုခုဖြစ်သွားမှာလည်း စိုးရိမ်တယ်။ အကျိုးအကြောင်းလေးတွေ မသိရတော့လေ စိတ်တွေ လည်း ပူနေကြတယ်”ဆိုပြီး ဦးချမ်းမြေ့က ဆက်လက်ပြောဆိုပါတယ်။ ဆရာမဟာ မကွေးတိုင်းဒေသ ရေနံချောင်းမြို့နယ် က ဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာ လာရောက်တာဝန်ထမ်းဆောင်တာလည်း ၄ နှစ်ခန့်ရှိပြီလို့လည်း ဆိုပါတယ်။

၁၉။ လွတ်မြောက်နယ်မြေ မှ ကျောင်းသားများ ပညာသင်ကြားပေးရန် ဆရာ၊ဆရာမ ခေါ်ယူ
July 7, 2022

လွတ်မြောက်နယ်မြေရောက် စစ်ရှောင်ကလေးများကို ပညာသင်ကြားနိုင်ရေးအတွက် ဆရာ၊ ဆရာမ များ လိုအပ်နေ ကြာင်း တောင်ကြီးပညာရေး ဒီဂရီ ကောလိပ် ကျောင်းသားများသမဂ္ဂ မှ စုံစမ်းသိရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ပြည်သူများက အဖက်ဖက် တော်လှန်ခဲ့ကြပြီး တဖက်မှာလည်း ပြည်သူ့တပ်မတော် (PDF) တပ်ဖွဲ့များ ဖွဲ့စည်း လာသည်။ ထို တစ်နှစ်ကျော် အတွင်း PDF တပ်ဖွဲ့များ ဖွဲ့စည်းလာပြီးနောက် စစ်ကောင်စီ နှင့် တိုက်ပွဲများ ဖြစ်ပွားကာ ပြည်သူ များ စစ်ဘေးရှောင်လာရသည်။ ထို့ကြောင့် လွတ်မြောက်နယ်မြေတွင်ရှိသော စစ်ဘေးရှောင်ကလေးများ၏ အနာဂတ် ပညာ သင်ကြားပေးရေးအတွက် ထိုနယ်မြေ၌ ကျောင်းများဖွင့်လှစ်ထားပြီဖြစ်၍ ထိုကလေးများကို ပညာသင်ကြားပေးရန် ဆရာ၊ ဆရာမများအင်အား အမြောက်အများ လိုအပ်နေကြောင်း သိရှိရသည်။

အဆိုပါလွတ်မြောက်နယ်မြေတွင် စစ်ဘေးရှောင်ကလေးများအတွက် ပညာသင်ကြားပေးပါက ၎င်းသင်ကြားပေးသော ဆရာ၊ဆရာမ များကို စားဝတ်နေရေးနှင့်လုံခြုံရေးများကိုအပြည့်အဝတာဝန်ယူသွားမည်ဖြစ်ကြောင်းဆိုသည်။ စစ်ရှောင်ကလေး များကို ပညာသင်ကြားပေးနိုင်သော ဆရာ၊ဆရာမများသည် သင်ကြားမှုအပေါ် အမှန်တကယ် စေတနာထားရှိ သူများ၊ မည်သူ မဆို သင်ကြားရေးတွင် စိတ်ဝင်စားကြသူများဖြစ်ရန်လိုအပ်ကြောင်း တောင်ကြီးပညာရေး ဒီဂရီကောလိပ် ကျောင်းသား သမဂ္ဂ ၏ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။ စစ်ဘေးရှောင်ကလေးများအတွက် ပညာသင်ကြားပေးရေး စိတ်ဝင်စားသူများသည် တောင်ကြီးပညာရေး ဒီဂရီကောလိပ်ကျောင်းသားများသမ္မ (page messenger) ထံ ဆက်သွယ်နိုင်သည်။ https://burmese.s hannews.org/archives/29056

၂၀။ AA ကို ရန်ပုံငွေကောက်ပေးသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် ကျောက်ဖြူဒေသခံ နှစ်ဦးကို ရုံးချိန်းရွှေ့ဆိုင်း
July 7, 2022

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (ULA -AA) အတွက် ရန်ပုံငွေကောက်ခံပေးသည်ဟု ဆိုကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ – က ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်ဖြူမြို့ပေါ်မှ ဦးသန်းလှိုင်နှင့် ဒေါ်ခင်အုန်းနွဲ့ တို့ကို ယနေ့ရုံးချိန်းထားသော်လည်း ရုံးမထုတ်ဘဲ ရုံးချိန်းရွှေ့ဆိုင်းလိုက်သည်ဟု သိရသည်။ ယနေ့ (ဇူလိုင် ၇ ရက်နေ့)တွင် ရုံးမထုတ် ရခြင်းမှာ လူကြီးခရီးစဥ်ရှိ၍ မြို့နယ်တရားသူကြီးမအားသောကြောင့်ဟု သိရသည်။ထို့ကြောင့် ဇူလိုင်လ ၂၁ ရက်နေ့သို့ ရွေ့ဆိုင်း လိုက်ခြင်းဟု သန်းလှိုင်၏ ဇနီးဖြစ်သူ မချိုချိုသိန်းက ဆိုသည်။ “အဲ့ရုံးကလူတွေ ပြောတာက လူကြီးခရီးစဥ်ရှိတဲ့အတွက် ဒီနေ့ တရားသူကြီး မအားဘူးဆိုပြီးတော့ ပြောတယ်။ နောက်လာမယ့် ဒီလ ၂၁ ရက်နေ့မှ ထပ်လာခဲ့ဆိုပြီး ချိန်းဆိုလိုက်တယ်။ အစ်မ တို့က သူတို့ပြောတဲ့အတိုင်းပဲ နားထောင်ပြီးတော့ ပြန်လာခဲ့ရတယ် ” ဟု ၄င်းကဆိုသည်။

အဆိုပါ စွပ်စွဲခံရသူ နှစ်ဦးမှာ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက် ရွှေဥထမင်းဆိုင်အ နီးတွင် ကျောက်ဖြူအခြေစိုက် ခလရ(၃၄)တပ်ရင်းက စစ်သားများကဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ကျောက်ဖြူ အခြေစိုက် မြန်မာစစ်တပ် တပ်ရင်းတစ်ခုမှ ဗိုလ်ရဲသက်ဇော်က တရားလိုပြုလုပ်ကာ ပုဒ်မ ၅၀၅ (က) ဖြင့် ကျောက်ဖြူမြို့နယ် တရားရုံးတွင် တရားစွဲ ထားခြင်းဖြစ်သည်။ လက်ရှိတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးတင်မာမှုများရှိနေပြီး အချိန်မရွေး တိုက်ပွဲ များ ဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူများ စစ်ရေးသတိရှိရန် AA ဖက်မှ ထုတ်ပြန်ထားသည်။

၂၁။ အာဆီယံအစည်းအဝေးတက်ဖို့ မြန်မာစစ်ကောင်စီကို ဖိတ်ကြားမှာမဟုတ်
July 7, 2022

ဇူလိုင်လကုန်ပိုင်းမှာ ကျင်းပမယ့် ၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတက်ရောက်ဖို့ မြန်မာ စစ်ကောင်စီကို ဖိတ်ကြားမှာ မဟုတ်ဘူးလို့ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ ခွန်းက ပြောလိုက်ပါတယ်။ မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်ငါးချက်ကို စစ်ကောင်စီ ဘက်က လိုက်နာဆောင်ရွက်တာ မရှိသလောက် နည်းတာကြောင့် အစည်းအဝေးကို မဖိတ်တာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်း ပတ်က မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းဟာ သူ့ခရီးစဉ်အတွင်း ဆောင်ရွက်ခဲ့ တာတွေနဲ့ ပတ်သက်လို့ သံတမန်တွေကို ဇူလိုင်လ ၆ ရက်နေ့က ပြန်လည်ရှင်းပြစဉ်မှာ အခုလိုပြောခဲ့တာလို့ ခမာတိုင်းမ် သတင်းဌာနက ဖော်ပြပါတယ်။ ဒါဟာ အာဏာသိမ်းစစ်ကောင်စီကို အာဆီယံအစည်းအဝေးတက်ရောက်ခွင့် ဒုတိယအကြိမ် ပိတ်ပင်လိုက်တာလည်း ဖြစ်ပါတယ်။ ဒီတစ်ခေါက် အာဆီယံ အစည်းအဝေးအတွက်လည်း နိုင်ငံရေးနဲ့ မသက်ဆိုင်သူကိုသာ ဖိတ်ကြားမယ့်အကြောင်း မြန်မာဘက်ကို အသိပေးစာ ပို့ထားပြီလို့ ဆိုပါတယ်။

မြန်မာ့အရေး ဖြေရှင်းရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်လို့လည်း ပရက်ဆော့ခွန်းက ပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ၂ နာရီကြာ တွေ့ဆုံစကားပြောခဲ့သလို နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန် ကြီး ဦးကိုကိုလှိုင်၊ ဗိုလ်ချုပ်ရာပြည့်တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ၅၅ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်း အဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ဇူလိုင်လ ၃၀ ရက်နေ့ကနေ ဩဂုတ်လ ၆ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီအစည်းအဝေးမှာ အာဆီယံ ၁ဝ နိုင်ငံအပြင် ဩစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ မြောက်ကိုးရီးယား၊ မွန်ဂိုးလီးယား၊ ပါကစ္စတန်၊ သီရိင်္လကာ၊ တီမောနဲ့ ပါပူဝါ နယူးဂီနီတို့လည်း တက်ရောက်ဖို့ရှိနေပါတယ်။ https://www.rfa.org/burmese/news/mya nmar-junta-asean-foreign-minister-meeting-07072022143626.html

၂၂။ စိုက်ပျိုးချေးငွေ ယူလိုသူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ်ပါရမည်ဟုဆို
8 July 2022

ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင် စိုက်ပျိုး ချေးငွေချေးယူလိုသော တောင်သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ် ဆေး နှစ်ကြိမ် ထိုးနှံပြီးစီးကြောင်း လက်မှတ်ပါလာမှသာ ထုတ်ချေးပေးမည်ဟု စစ်ကောင်စီဘက် မှ ပြောဆိုလာကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီသည် ပူတာအိုမြိုနယ်အတွင်းရှိ တောင်သူများအတွက် မိုးစပါးချေးငွေကို ဇူလိုင်လ ၉ ရက်နေ့တွင် ပူတာအိုမြို့ မိုးလုံလေလုံ အားကစားကွင်းတွင် ထုတ်ချေးပေးမည်ဖြစ်ပြီး လာရောက်ထုတ်ချေးလိုသူများ ကိုဗစ် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးစီးကြောင်း ဆေးလက်မှတ်ပါလာရမည်ဟု ပြောဆိုကြောင်း ကောင်ကထောင်ရပ်ကွက်မှ အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “စိုက်ချေးငွေတွေ ဇူလိုင် ၉ ရက်နေ့ လာချေးလို့ရပြီ ဆိုပြီး ရပ်ကွက်လူ ကြီးတွေမနေ့ညကလာပြောတယ်။ ဒါပေမယ့် ဒီနှစ်ကထူးဆန်တယ် မနှစ်ကနဲ့မတူဘူး ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီး ကြောင်း ဆေးလက်မှတ်ပါမှ ရမယ်တဲ့ ဘာသဘောလဲမသိဘူး မနှစ်ကလည်းကိုဗစ်ဖြစ်တာပဲ ဆေးထိုးကြတာပဲ ဒါပေမယ့်မလို ဘူး။ ဒီတိုင်းသွားချေးတာ ဒီနှစ်က ထူးဆန်းတယ်”ဟု ဆိုသည်။

“ကျွန်မတို့ ပုံစံ ၇ လုပ်ထားတဲ့ စာအုပ်အပြာဟာလေး အဲ့တာကသူတို့ဆီ ပေးထားတာသူတို့ဆီမှာပဲ ခါတိုင်းနှစ်ဆို အဲ့တာရှိတော့ အဲ့တာနဲ့ပဲထုတ်ယူတာ ဟုတ်တယ်။ ဒီဘက်က ရွာတွေဆိုရင် အတော်များများက ကာကွယ်ဆေး မထိုးကြဘူး ကျွန်မလည်းထိုးတော့ထိုးတယ်။ လက်မှတ်က ပျောက်နေတာ”ဟု အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းကိစ္စနဲ့ပတ်သက်၍ ပူတာအိုမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို KNG ကဆက်သွယ်မေးမြန်းရာ ယခုကဲ့သို့ပြော သည်။ “ဟုတ်တယ် ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့ လက်မှတ်ပါလာမှ ချေးပေးမှာ တကယ်လို့ မထိုးရသေးဘူး လက်မှတ်မရှိဘူးဆိုရင်တော့ အဲ့ဒီချေးငွေထုတ်ပေးတဲ့နေရာမှာတစ်ခါတည်း ထိုးပေးမယ်အဲ့တာမှ ချေးပေးမှာ”ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။ ယခုကဲ့သို့ စစ်ကောင်စီက ပြောင်းလဲ ကျင့်သုံးလိုက်သည့်စနစ်သည် ချေးငွေထုတ်ချေးလိုသည့် ပြည်သူ များအတွက်အခက် အခဲဖြစ်နေပြီး ကာကွယ်ဆေးထိုးနှံပြီးစီး၍ ဆေးလက်မှတ်ပျောက်ဆုံးနေသူများ ကာကွယ်ဆေး မထိုး လိုသည့် တောင်သူများအတွက် ပိုမိုအခက်အခဲဖြစ်စေနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီက မိုးစပါးချေး ငွေ ထုတ်ချေးပေးရာတွင် တစ်ဧက ကျပ် ၁၅၀၀၀၀ နှုန်းဖြင့်ထုတ်ချေးပေးမည်ဖြစ်ပြီး ယင်းချေးငွေကို လာမည့် ၂၀၂၃ ခုနှစ် ဖေဖော် ဝါရီလတွင် ပြန်ဆပ်ရမည်ဖြစ်ကြောင်းသိရသည်။ https://burmese.kachinnews.com/2022/07/08/july8-az2/

၂၃။ တောင်ကြီးမြို့ စစ်ဆေးမှု ယခင်ထက် ပိုမိုတင်းကြပ်လာ
July 7, 2022

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း စစ်ဆေးမှု ပိုမိုတင်းကြပ်လာကြောင်း စုံစမ်းသိရှိရသည်။ ဇူလိုင် (၇) ရက်တွင် တောင်ကြီးမြို့ အဝင် နှင့် ရပ်ကွက်တစ်ချို့တွင် စစ်ကောင်စီ တပ်သားများက ယာဉ်မောင်းလိုင်စင် စစ်ဆေး ပြီး ငွေတောင်းခံနေလျက်ရှိကြောင်း သိရသည်။ “အခုရက်ပိုင်းကတော့ စစ်ဆေးမှုပိုကြမ်းလာတယ်။ ပိုများလာတယ်။ ဒီနေ့ပဲ ရပ်ကွက်တွေ တစ်ချို့နား စစ်ဆေးနေတာ။ မြို့ဝင်တွေကောပဲ။ ဒီနေ့ မနက်စူဠာမုနိမှာ စစ်ဆေးနေတာ။ စစ်သားတွေက စစ်နေ တာ။ ယာဉ်မောင်းလိုင်စင်တွေကော စစ်ဆေးနေတယ်လို့ကြားတယ်” ဟု တောင်ကြီးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးကပြော သည်။ ထိုအပြင် ယခုရက်ပိုင်းတွင် မနက် (၈) နာရီမှ ည (၁၀) နာရီအထိ စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

“ အကုန်လုံး စစ်ဆေးမှုကြမ်းနေတာပဲ။ စည်းကမ်းတွေလည်း သိပ်မရှိကြဘူး။ အခုတော့ ဆိုင်ကယ်စီးတဲ့ သူတွေကို လည်း ဦးထုပ်ဆောင်းမဆောင်း ပိုစစ်ဆေးလာတယ်။ အာဏာသိမ်းပြီးနောက် စည်းကမ်းတွေ မရှိကြတော့ဘူး” ဟု တောင်ကြီး မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဇွန် ၂၄ ရက်နေ့တွင် တောင်ကြီး မြို့မဈေး မီးပွိုင့်နားတွင် ဗုံးပေါက်ကွဲမှု အပြီး စစ်ဆေးမှု ပိုများလာကြောင်း သိရသည်။ ထိုအပြင် ယခုရက်ပိုင်းအတွင်း လူငယ်များလည်း ဖမ်းဆီးခံရကြောင်းသိရ သည်။ သို့သော် သျှမ်းသံတော်ဆင့်မှ အတည်မပြုနိုင်သေးပါ။ https://burmese.shannews.org/archives/29049

၂၄။ မောင်တောတွင် ပြန်ပေးဆွဲခံရသည့်လူငယ် ကျပ်ငွေ ၁၀ သိန်းအာမခံဖြင့် ပြန်လွတ်
8 July, 2022

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်မှ ပြန်ပေးဆွဲခံခဲ့ရတဲ့ လူငယ်တယောက် ငွေ ကျပ် ၁၀ သိန်း အာမခံနဲ့ ဇွန် ၇ ရက် မနက်က ပြန်လည်လွတ်မြောက်လာတယ်လို့ ကာယကံရှင်ကိုယ်တိုင်က အတည်ပြုပြောပါတယ်။ ပြန်ပေး ဆွဲ ခံခဲ့ရသူ အာဖာက “ကျနော့်ကို ဖမ်းခေါ်သွားတာ အားလုံး လူ ငါးဦးပါ။ မွတ်ဆလင် နှစ်ဦးကို သိပါတယ်။ ရခိုင် သုံးဦးကိုတော့ မသိပါဘူး။ သူတို့က ကျနော့်ကို ကြိုးနဲ့ချည်ပြီး မျက်နှာနဲ့ ခန္ဓာအနှံ့ကို လက်သီးနဲ့ထိုးပါတယ်။ ကျနော့်အစ်ကိုဆီကို ဖုန်းဆက်ပြီး ငွေ ဆယ်သိန်းပေးဖို့ အာမခံခိုင်းပြီးမှ မနက်အရုဏ်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်” လို့ ပြောပါတယ်။ သူ့ကို ပြန်ပေးဆွဲ ဖမ်းဆီး ခေါ်ဆောင်သွားသူတွေအနက် ရွှေဇားဂူးနားကျေးရွာမှ အသက် ၂၅ နှစ်အရွယ် ရောန်ဇန်အာလီ (ဘ) နုရ်ဆလင်နဲ့ ၄၈ နှစ် အရွယ် ဂျော်မီတို့ နှစ်ယောက်ကို မှတ်မိပြီး ကျန်သုံးယောက်ကိုတော့ မသိဘူးလို့ ကာယကံရှင်က ဆိုပါတယ်။

လက်ရှိ ရွှေဇားဂူးနားကျေးရွာမှ ရောန်ဇန်အာလီနဲ့ ဂျော်မီတို့ နှစ်ယောက်ကို ပြန်ပေးဆွဲမှု၊ ချုပ်‌နှောင်မှု ရာဇသတ်ကြီး ပုဒ်မ ၃၆၅/၃၄၂ နဲ့ မောင်တောမြို့မရဲစခန်းမှာ အမှုဖွင့်ထားပြီး တရားခံတွေကိုတော့ ဖမ်းမမိသေးပါဘူး။ ပြန်ပေးဆွဲခံရသူရဲ့ ဦးလေးဖြစ်သူက “ကျနော့်တူလေးက စကားတောင် ပီပီမပြောနိုင်ဘူး။ လူအလေးပါ။ အဲ့ဒါကိုသိလို့ အသုံးချခံရတာ။ ငွေပေး စရာရှိသူတွေက ရောန်ဇန်အာလီနဲ့ ဂျောမီဖြစ်တယ်။ သူတို့မပေးနိုင်တော့ ကျနော့်တူဆီက ရစရာရှိတယ်ဆိုပြီး စွပ်စွဲငွေတောင်း တာ။ ၁၀ သိန်း အာမခံထားပေမဲ့ အခုထိတော့ ငွေမပေးရသေးဘူး” လို့ ပြောပါတယ်။ မောင်တောမြို့နယ်အတွင်း ဓားပြတိုက်ခံ ရမှု၊ လူသတ်မှု၊ ပြန်ပေးဆွဲမှုတွေ စဥ်ဆက်မပြတ် ဖြစ်ပေါ်နေပေမဲ့ တရားခံတွေကို ဒီနေ့အထိ တဦးတယောက်မှ ဖမ်းဆီးရမိတာ မရှိသေးပါဘူး။ http://burmese.dvb.no/archives/542491

၂၅။ ဘီးလင်း NLD ပါတီဥက္ကဋ္ဌ၏ ရုပ်အလောင်းပြန်တွေ့
July 7, 2022

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်း၏ ရုပ် အလောင်းကို (ဇူလိုင် ၆) ပြန်တွေ့ကြောင်း ၎င်းနှင့် နီးစပ်သူတို့ထံမှ သိရသည်။ ဦးကျော်မျိုးမင်းသည် ပါတီဝင် ဦးပန်းမြင့်၊ ဦးကိုကိုမောင်၊ ရွာသားတစ်ဦးတို့နှင့်အတူ ဇွန်လ ၂၂ ရက်နေ့တွင် သွားလာနေစဉ် လယ်ကတဲကျေးရွာအနီးတွင် စစ်ကောင်စီ စစ်ကြောင်းနှင့်တွေ့ပြီး ပစ်ခတ်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ရွာသားတစ်ဦးမှာယင်းနေရာတွင်ပင်သေဆုံးသွားပြီး ဦးကျော်မျိုးမင်း နှင့် ပါတီဝင်နှစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။ ဖမ်းဆီးခံရပြီး ၁၀ ရက်အကြာ ဇူလိုင် ၂ ရက်နေ့တွင် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့နှစ်ဦး သတ်ဖြတ်မြှုပ်နှံခံထားရသည်ကို ဘီးလင်းမြို့နယ် ကြိုးဝိုင်းကျေးရွာအနီးတွင် ပြန်လည်တွေ့ရှိခဲ့သည်။

ဦးကျော်မျိုးမင်း အလောင်းကိုတော့ ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့နှစ်ဦး၏ ရုပ်အလောင်း တွေ့သည့် နေရာအနီး တဝိုက်တွင် ဇူလိုင်လ ၆ ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူ တစ်ဦးက ပြောသည်။ “ဦးကျော်မျိုးမင်းရဲ့ အလောင်းကို ဒီနေ့ ပြန်တွေ့တယ်။ ဦးပန်းမြင့်၊ ဦးကိုကိုမောင်တို့ အလောင်းတွေ့တဲ့နေရာ အနီးတဝိုက်မှာပဲ တွေ့တယ်” ဟု ၎င်းက ပြောဆိုသည်။ ဘီးလင်းမြို့နယ် NLD ဥက္ကဋ္ဌ ဦးကျော်မျိုးမင်းသည် စစ်တပ်အာဏာသိမ်းပြီးနောက် အမှုဖွင့်ခံထားရကာ ထွက်ပြေးတိမ်းရှောင်နေရသူဖြစ်သည်။ ဦးကျော်မျိုးမင်းသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဘီးလင်းမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိထားသူလည်း ဖြစ်သည်။

၂၆။ ကချင်ပြည်နယ်ဝန်ကြီးချုပ် အကျိုးဆောင်ရှေ့နေရဲ့ နေအိမ် ချိပ်ပိတ်ခံရ
July 8, 2022

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် ရဲ့ အကျိုးဆောင်ရှေ့နေ ဦးတင်ထွန်းသိန်းရဲ့ မြစ်ကြီးနားမြို့က နေအိမ်ကို ဇူလိုင်လ ၈ ရက် ဒီနေ့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လာရောက်ချိပ်ပိတ်သွားတယ်လို့ ဦးတင်ထွန်းသိန်း က ပြော ပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်က နေအိမ်ကို ဒီနေ့မနက်ပိုင်းမှာ လာရောက်ချိပ်ပိတ်သွားတာလို့ ဦးတင်ထွန်းသိန်းက ပြောပါတယ်။ “မြို့ထဲမှာ(မြစ်ကြီးနား) ဖြစ်တဲ့ တော်လှန် ရေးဘက်တော်သားတွေရဲ့ လုပ်ဆောင်ချက် တွေဟာ ကျနော်နဲ့ ဆက်နွှယ်တယ်ဆိုပြီး စကစဘက်က အမှုဖွင့်ခဲ့တယ်လို့သိရပါ တယ်။ တရားတဲ့ဘက်မှာ ရပ်တည်နေသေးသရွေ့ အိမ်ချိပ်ပိတ်ခံရလည်း ကျနော်တို့ မရှုံးသေးဘူးလို့ပဲပြောချင် ပါတယ်” သူဟာ စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့က ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြလို့ အရေးယူခံရသူတွေရဲ့ အမှုတွေကိုအခမဲ့ ရှေ့နေလိုက်ပေးနေသူ ဖြစ်ပါတယ်။

ဦးတင်ထွန်းသိန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ မြစ်ကြီးနားခရိုင် အတွင်းရေးမှူး တာဝန်ယူထား သူဖြစ်ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေမှာလည်း ဦးဆောင်ပါဝင်ခဲ့တယ်လို့ မြစ်ကြီးနားမြို့ခံတွေကပြောပါတယ်။ ဒီနေ့မနက်မှာပဲ NLD အစိုးရလက်ထက် ကချင်ပြည်နယ်အစိုးရအဖွဲ့ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအာတီယောဟန် ရဲ့ မြစ်ကြီးနားမြို့က နေအိမ်ကိုလည်း စစ်ကောင်စီက ချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇူလိုင်လ ၇ ရက် မနေ့ ကလည်း ကချင်ပြည်နယ် မိုးကောင်းမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဒေါ်ခင်မကြီးရဲ့ မိုးကောင်းမြို့က နေအိမ်လည်း ချိပ်ပိတ်ခံရ တယ်လို့ ဆိုပါတယ်။ အာဏာ သိမ်းတစ်နှစ်ကျော်အတွင်း ကချင်ပြည်နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးတွေ၊ NLD လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နေအိမ် ကိုးလုံးထိ ချိပ်ပိတ် ခံခဲ့ရပါတယ်။ https://www.rfa.org/burmese/new s/lawyer-tintunthein-house-was-sealed-07082022041333.html

၂၇။ ရခိုင်လုံချည်များ စျေးကွက်တွင် ဝယ်လိုအား ကျဆင်းနေ၍ ရက္ကန်းလုပ်ငန်းလုပ်ကိုင်သူများ အခက်ကြုံ
July 7, 2022

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ရက္ကန်းလုပ်ငန်းများမှ ထုတ်လုပ်သည့် ရခိုင်လုံချည်များ စျေးကွက်အတွင်းမှာ ဝယ်လို အား ကျဆင်းနေသည့်အတွက် ရက္ကန်းလုပ်ငန်းလုပ်ကိုင်သူများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေကြောင်း ရက္ကန်းလုပ်ငန်း လုပ်ကိုင်သူများ ကပြောသည်။ ရခိုင်လုံချည်များ ရက်လုပ်ကြသည့် ရက္ကန်းလုပ်ငန်းလုပ်ကိုင်သူများမှာ စျေးကွက်အတွင်းမှာ ဝယ်လိုအားကောင်းပြီး စျေးကောင်းရသည့် ပွဲတက်ရခိုင်လုံချည်များကိုသာ အဓိက ရက်လုပ်နေကြ သည့်အတွက် ပွဲလမ်း သဘင်များနည်းပါးနေသည်။ ယခုလို မိုးတွင်းကာလတွင် စျေးကွင်းအတွင်း ဝယ်ယူသူနည်းပါးနေ ၍ အခက်အခဲများရှိ နေသည် ဟု ဝါဘိုကျေးရွာမှ ရက္ကန်းလုပ်ငန်း လုပ်ကိုင်သူ ‌ဒေါ်ဦးသန်းစိန်မှ Western News ကိုပြောသည်။ “ကျွန်မတို့က ပွဲတက် အထည်တွေ ရက်လုပ်တာများတော့ မိုးတွင်းရောက်လာတော့ နွေရာသီတုန်းကလို မရောင်းရတော့ဘူး။ဆိုင်ရှင်တွေကလည်း အထည်တွေ မယူကြတော့ အထည်လုပ်ငန်းက မလည်ပတ်ဘူးဖြစ်နေတယ်။ အရင်က (၃) သိန်းဖိုးရောင်းရရင် အခု (၁) သိန်းဖိုး လောက်ပဲရောင်းနေရတယ်။ အထည်တွေကို စျေးနှုန်းလျော့ပြီး ရောင်းနေရတဲ့ အခြေအနေဖြစ်နေတယ်”ဟုပြောသည်။

ရခိုင်လုံချည်များအား ကာလပေါက်စျေးထက် စျေးလျော့ပြီး ရောင်းချနေရသည့်အပြင် တစ်ဖက်မှာလည်း လုံချည်ရက် လုပ်နိုင်ရန် ဝယ်ယူနေရသည့် ကုန်ကြမ်းပစ္စည်းများမှာ စျေးနှုန်းများအဆမတန်မြှင့်တက်လာသည့်အတွက် စျေးမြင့်ပြီး ဝယ်ယူ နေရမှုများကြောင့် လုပ်ငန်းရှင်များမှာ ပိုမိုခက်ခဲနေကြရခြင်းဖြစ်သည်။ ယခုလိုစျေးကွက်အတွင်း လုံချည်ဝယ်လို အားကျ ဆင်း နေသော်လည်း ရက္ကန်းလုပ်ငန်းအား မှီခိုစားသောက်နေကြရသည့် ရက္ကန်းရက်လုပ်သူများ စားဝတ်နေရေး အဆင် ပြေစေရန် အတွက် အထည်များအား ရက်လုပ်ခိုင်းပြီး လုပ်အားခ ပေးထားရသည်ဟု ဒေါ်ဦးသန်းစိန်မှ ဆက်ပြောသည်။ “အထည်တွေက အရင်လောက်ရောင်းမထွက်တော့ အခုရာသီမှာ အထည်တွေသိပ်ပြီး မရက်ရဘူး။ အထည်အများကြီး မရက်ရတော့ ဝင်ငွေက လည်း နည်းတယ်လေ။ စားသောက်ရေး အဆင်မပြေဘူး။ ရက္ကန်းရက်ရတာအရမ်းပင်ပန်းတော့ လုပ်အားခ တိုးပေးစေချင် တယ်” ဟုပြောသည်။ ရက္ကန်းရက်လုပ်သူများမှာ တစ်နေ့ကို လုံချည်တစ်ထည် ရက်နိုင်မှ ငွေကျပ် (၃၀၀၀) မှ ငွေကျပ် (၈၀၀၀) အထိသာ ရရှိနေကြခြင်းဖြစ်သည်။

၂၈။ သီပေါမြို့ ညမထွက်ရ မာရှယ်လော ရှိနေသည့်ကြား KTV ညနက်ထိ လူစည်ကားနေ
July 8, 2022

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း စစ်ကောင်စီမှ ညမထွက်ရအမိန့် မာရှယ်လောကို ထုတ်ပြန်ထားသော် လည်း KTV တွင် လူစည်ကားနေကြောင်း စုံစမ်းသိရသည်။ သီပေါမြို့နယ်တွင် ဇွန်လ ၈ ရက် မှစပြီး ညမထွက်ရ မာရှယ်လော ထုတ်ပြန်ခဲ့သော်လည်း KTV ဆိုင်များတွင် ညနက်ထိ လူစည်ကားနေကြာင်း ဒေသခံ အမျိုးသမီး က သျှမ်းသံတော်ဆင့်ကို ပြော သည်။ “ သူတို့ မာရှယ်လောထုတ်ထားတယ်လို့သာပြောတာပါ။ KTV ဆိုင်တွေဆို မနက်မိုးလင်းပေါက်ထိ ဖွင့်နေကြတာပဲ။ ရဲတွေ၊ တာဝန်ရှိတဲ့သူတွေကလည်း ဘာမှ အရေးယူ သွားဖမ်းတာမရှိဘူး။ တစ်ခုထပ်ကြား ရတာက အဲ့ဆိုင်တွေကို သွားလည် ရင်လဲ ညမပေးပြန်ပါဘူး။ မနက် ၄ နာရီမှ ပေးပြန်တာ။ သီချင်းတွေ ညနက်ထိ ဆိုနေကြတာပဲ” ဟု သီပေါမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ သီပေါမြို့နယ်အတွင်း စံဖိတ်ကျေးရွာ နှင့် တောင်မြောက်ရပ်ကွက်တွင် KTV ဆိုင်အများဆုံး ဖွင့်ထားကြောင်း သိရသည်။

အဆိုပါ သီပေါမြို့နယ်တွင်း မာရှယ်လောထုတ်ပြန်ချက်ကြောင့် သူခိုးများအတွက် အခွင့်ကောင်းသာဖြစ်ကြောင်း ပြည်သူများက ပြောဆိုကြသည်။ “မာရှယ်လောထွက်လာပြီးနောက်ပိုင်းမှာ ဖုန်းဆိုင်တွေ၊ ကုန်စုံဆိုင်တွေ ခိုးယူဖောက်ထွင်းမှု တွေက ပိုများလာတယ်။ သူတို့ ဒီလိုထုတ်ပြန်လိုက်တာက သူခိုးတွေအတွက် ပိုပြီး ခိုးယူမှု လွတ်လပ်အောင် အခွင့်ရေးပေး နေသလို ဖြစ်နေတယ်။ ညဆိုရင် ကျနော်တို့ ပြည်သူတွေက ထွက်လို့မရတော့ဘူးလေ။ သူတို့လည်း ဒီအကြောင်းပြချက်နဲ့ ခိုးယူ နေကြတာ”ဟု သီပေါမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “အခုသီပေါမှာက မြန်မာပြည်ကနေလာတဲ့သူတွေအများ ကြီးပဲ။ ဖုန်းဆိုင်တွေ၊ ကုန်စုံဆိုင်တွေ အများကြီးဖောက်ပြီး ခိုးယူခံရတာ။ ပြီးတော့ အခုက သီပေါမှာ လောင်းကစားတွေ ပြန်ဖွင့် တော့မယ်။ ပြီးတော့ ရဲတွေကလည်း အရေးယူပြီးဖမ်းတာမျိုးမရှိဘူး”ဟု သီပေါမြို့ လူငယ်အမျိုးသားတစ်ဦးကပြောသည်။ သီပေါမြို့နယ်သည် ဆူပူရှုပ်ထွေးမှုကြောင့် ဇွန်လ ၈ ရက်နေ့မှစပြီး ညမထွက်ရအမိန့် မာရှယ်လောကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ https://burmese.shannews.org/archives/29068

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။