• Today is: Friday, March 29, 2024

ကရင်အမျိုးသားနေ့

တက္ကသိုလ်မင်းမောင်

.၆၈ နှစ်မြောက် ကရင်အမျိုးသားနေ့အခမ်းအနားကို ဘားအံမြို့ ဇွဲကပင်ခန်းမကြီးတွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအခမ်းအနားသို့ ဘားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ ဖာပွန်မြို့နယ်နှင့် မြဝတီမြို့နယ်တို့မှ ကရင်တိုင်းရင်းသား (၄၅၀) ကျော် တက်ရောက်ခဲ့ပါသည်။ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ ဘာသာရေး အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ဘာသာရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ လူမှုရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် ရပ်မိရပ်ဖများ၊ ရပ်ကွက်/ကျေးရွာလူထုများတက်ရောက်လာကြခြင်းဖြစ်ပါသည်။ ကရင်အမျိုးသားနေ့အခမ်းအနားကို တစ်သက်နှင့်တစ်ကိုယ် မကြုံဖူး မတွေ့ဖူး မသိမမီလိုက်သူများ သိလိုဇောဖြင့် လာရောက်တက်ကြခြင်းဟုလည်း မှတ်ယူ၍ ရပါသည်။

.

ဖြစ်စဉ်အစမှာ KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောလှထွန်းမှ ကရင်အရေးဆောင်ရွက်နေသည့် ဘားအံမြို့ သုမေဓါရာမကြားတောရကျောင်းတိုက်ဆရာတော်အရှင်ဦးစန္ဒာဝရအား ကရင်အမျိုးသားနေ့ အခမ်းအနားကျင်းပလိုကြောင်းအဝေးမှ ဖုန်းဖြင့်လျှောက်တင်လာရာ ဆရာတော်က ကရင်အရေးစိတ်ထက်သန်သည့် မန်းအောင်ပြည်စိုး၊ စောအေးသန်းနှင့် ကရင်လူငယ်များကိုဖိတ်ကြားပြီး (၉.၂.၂၀၁၆) ရက်တွင်မှ ရက်ကပ်၍ အကောင်အထည်ဖေါ်ရန် ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါသည်။

.

KNU သည် မတရားအသင်းဥပဒေပုဒ်မ ၁၇ (၁) မှ လွတ်ကင်းပြီးဖြစ်သဖြင့် ၄င်းတို့ဖြစ်စေလိုသော ဆန္ဒကိုဖြည့်ဆည်းပေးရန် ပြည်တွင်းရှိကရင်များအသင့်ရှိနေခဲ့ကြပါသည်။ ထို့ကြောင့် အခမ်းအနား ပီပီပြင်ပြင်အကောင်အထည် ဖော်နိုင်ရန် တွေ့ဆုံဆွေးနွေးကြပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့်မြို့နယ် ရဲတပ်ဖွဲ့မှူးတို့ကို အခမ်းအနားကျင်းပခွင့် တရားဝင်တင်ပြတောင်းခံရရှိခဲ့ပါသည်။ အခမ်းအနားသို့ ဖိတ်ကြားမည့်ပုဂ္ဂိုလ်များအတွက် ဖိတ်စာစီစဉ်ရေးဆွဲရေးတို့ကို စနစ်တကျ စီစဉ်ဆောင်ရွက်ခဲ့ပါသည်။  အခမ်းအနားသဘာပတိများအဖြစ် ဘားအံမြို့ သုမေဓာရာမကြားတောရကျောင်းတိုက်ဆရာတော် အရှင်ဦးစန္ဒာဝရ၊ အင်္ဂလီကန် ခရစ်ယာန်ဂိုဏ်း ဘားအံနယ်စီးသာသနာပိုင် ဘီးရှော့စောစတိုင်လို၊ KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောရော်ဂျာခင်၊ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌ (ဟောင်း) စောအောင်ကျော်မင်း၊ ကရင်ပြည်နယ်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်း အမှုဆောင်အဖွဲ့ဝင် စဥာဏ်စိန်တို့က ဆောင်ရွက်ကြပြီး ကရင်လူမှုရေးအသင်းအဖွဲ့များမှ နန်းဒိုင်ဖော့ခလိန်းနှင့် စောဝင်းစိုးတို့က အခမ်းအနားမှူးများအဖြစ် ဆောင်ရွက်ကြပါသည်။ သဘာပတိကြီးများနေရာယူပြီးကြသောအခါ အစီအစဉ်အရ ကရင်အမျိုးသားအလံတော်အား အလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော ကရင်အမျိုးသားခေါင်းဆောင်များအား (၂) မိနစ် ငြိမ်သက်စွာနေခြင်းဖြင့် အလေးပြုကြပါသည်။

.

ထို့နောက် အလှည့်ကျသဘာပတိကြီးအဖြစ်ဆောင်ရွက်သည့် ဘားအံမြို့ သုမေဓါရာမကြားတောရဆရာတော် အရှင်ဦးစန္ဒာဝရအဖွင့်အမှာစကားမြွက်ကြားပါသည်။ ထို့နောက် အစီအစဉ် (၅) အရ KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးထံမှ ပေးပို့သော သဝဏ်လွှာကို KNU ဗဟိုရှေ့တန်းဆက်ဆံရေးရုံးမှ စောအောင်ပန်းက ဘတ်ကြားပါသည်။ ထို့နောက် ကရင်ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ကရင်ပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီးစောကြည်လင်းက အမှာစကားပြောကြားပါသည်။ ဆက်လက်၍ ကရင်အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်းကို KNU ကရင်အမျိုးသားအစည်းအရုံးဗဟိုကော်မတီဝင် ပဒိုစောလှထွန်းက အသေးစိတ် ရှင်းလင်းတင်ပြပါသည်။

.

ဤအစီအစဉ်များပြီးဆုံးပြီးနောက် ပရိတ်သတ်များထံမှ နှုတ်ခွန်းဆက်နှင့် အကြံဥာဏ်ပေးစကားပြောကြားရန် ဖိတ်ခေါ်ရာ ရှေ့ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး စောခရစ္စတိုဖာကလည်းကောင်း ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီမှ မန်းအောင်ပြည်စိုးကလည်းကောင်း၊ ကရင်ပြည်နယ် စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်း ဥက္ကဌစောအေးမြကလည်းကောင်း၊ မြဝတီမြို့ တောင်ကလေးအေးရိပ်သာ ကျောင်းတိုက်ဆရာတော် အရှင်ဦးအဂ္ဂဝံသကလည်းကောင်း ၊ ဘားအံမြို့နယ်ဒုံရင်းပိုးကရင် ခရစ်ယာန်ကျမ်းစာသင်ကျောင်းမှ ကျောင်းအုပ်ကြီး သိက္ခာရဆရာတော်မန်းပါလ်မာစတန်ကလည်းကောင်း၊  ကရင်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် KDN မှ စောအယ်စူးခိုင်ကလည်းကောင်း၊ အမြင်သဘောထားများနှင့် အကြံဥာဏ်များကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။ သဘာပတိ၏ အပိတ်အမှာစကား (မိန့်ခွန်း)ကို သဘာပတိအဖွဲ့ဝင်တစ်ဦးဖြစ်သည့် အင်္ဂလီကန် ဘားအံနယ်စီးသာသနာပိုင်ဘီးရှော့စောစတိုင်လိုက မိန့်မှာသွားပြီးနောက် အခမ်းအနားကို ကရင်အမျိုးသားသီချင်းသီဆိုကာ မွန်းလွဲ (၁း၀၀) နာရီခန့်တွင် ရုပ်သိမ်းခဲ့ပါသည်။ ဟောပြောဆွေးနွေးပွဲ အစီအစဉ်အပြီးတွင် ဘားအံတက္ကသိုလ်မှ ကျောင်းသား/သူများက ကရင်ရိုးရာဒုံးအကဖြင့် ဧည့်ခံဖြေဖျော်ပြီး တစ်ဆက်တည်း၌ပင် အိပ်မက်ဆုံရာသီချင်းပြိုင်ပွဲ၏စတားများ ဖြစ်ခဲ့ကြသော ကရင်တိုင်းရင်းသူနန်းဖော့ချိုခိုင့်နှင့် ကရင်တိုင်းရင်းသားစောဂျွန်ကညောစေးတို့က ဆက်လက်သီဆိုဖျော်ဖြေပြီးနောက် မွန်းလွဲ (၁း ၃၀) နာရီတွင် (၆၈) နှစ်မြောက် ကရင်အမျိုးသားနေ့ အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

.

ကရင်အမျိုးသားနေ့ အခမ်းအနားကို ယခင်အခါများက KNU ထိန်းချုပ်နယ်မြေများတွင် နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့သော်လည်း ကရင်ပြည်နယ်အတွင်း မြို့တော်ဘားအံ၌ ယခုအကြိမ်ကျင်းပခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်ပါသည်။ တိုင်းရင်းသားများ၏ အမျိုးသားနေ့များကို ဒေသအနှံ့ကျင်းပခဲ့ကြသော်လည်း ကရင်ဒေသများတွင် ကျင်းပရန်မှာ သို့လောသို့လောဖြစ်နေခဲ့ကြပါသည်။ KNU အပါအဝင် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများကို မတရားအသင်း ပုဒ်မ ၁၇ (၁) မှ လွတ်မြောက်စေခဲ့ပြီးနောက်တွင်မှ မိမိတို့ကရင်များ ကရင်အမျိုးသားနေ့အခမ်းအနားကို ပွင့်ပွင့်လင်းလင်းကျယ်ကျယ်ပြန့်ပြန့် ကျင်းပနိုင်ခြင်း ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်တွင် သံတောင်ကြီးမြို့နယ်ဘက်၌ KNU အဖွဲ့အစည်းကပင် တစ်ကြိမ်ကျင်းပခဲ့ကြောင်း သိရပါသည်။

.

တိုင်းရင်းသားလူမျိုးများဖြစ်ကြသော ရှမ်း၊ မွန်၊ ကယား၊ ချင်း၊ ရခိုင်စသည်တို့လည်း မိမိတို့၏အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကိုယ်စီကျင်းပခဲ့ကြကြောင်း သတင်းစားများမှ တဆင့်ဖတ်ရှုသိရှိခဲ့ရပါသည်။ စင်စစ်မိမိတို့ တိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးတမ်းသမိုင်းအစဉ်အလာများကို တိုးတက်ကျယ်ပြန့်စည်ပင် ထွန်းကား လာအောင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသည်၌ အခြားတိုင်းရင်းသားများ၏ ရိုးရာဓလေ့သမိုင်းအစဉ် အလာများကို ထိပါးစော်ကားခြင်းမရှိလျှင် လွတ်လပ်စွာဖော်ထုတ်ထိန်းသိမ်းမြှင့်တင်နိုင်သည်ဟု အခြေခံဥပဒေက ခွင့်ပြုထားပြီးလည်းဖြစ်ပါသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားများ၏ အမျိုးသားနေ့အခမ်းအနားများသည် ပြည်ထောင်စုနေ့ အခမ်းအနားကြီး၏ အစွယ်အပွားအခမ်းအနားငယ်များသဖွယ် ဖြစ်နေသည်ဟု ရှုမြင်ပါကြောင်းပြောဆိုခဲ့ပေရာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေနှင့် အမျိုးသားရင်ကြားစေ့ရေးအတွက် အထောက်အကူပြုမည်သာ ဖြစ်ပါသည်။

.

ကရင်အမျိုးသားနေ့တစ်နေ့ သတ်မှတ်ရေးအတွက် ကရင်ခေါင်းဆောင်များသည် ၁၉၄၇ ခုနှစ်ကတည်းကပင် အင်္ဂလိပ်အစိုးရထံတင်ပြတောင်းဆိုခဲ့ပါသည်။ သို့သော် အမျိုးသားရေးစိတ်ဓာတ် ကျယ်ပြန့်ပြင်းထန်လာမှာကို စိုးရိမ်သည့် အင်္ဂလိပ်အစိုးရသည် ကရင်အမျိုးသားနေ့အစား ကရင်နှစ်သစ်ကူးနေ့ကို သတ်မှတ်အတည်ပြု ပေးခဲ့ခြင်းဖြင့် ကရင်များကို ချွေးသိပ်ခဲ့ပါသည်။ ၁၉၃၈ ခု၊ ဇန်နဝါရီ (၁) ရက်၊ မြန်မာသက္ကရာဇ် ၁၂၉၉ ခု၊ ပြာသိုလဆန်း (၁) ရက်၊ ကရင်ခုနှစ် ၂၆၇၇ ခု သလေ (ထိုင်ခုတ်ဖို)လဆန်း (၁) ရက်နေ့ကို ကရင်နှစ်သစ်ကူးနေ့အဖြစ် အင်္ဂလိပ်အစိုးရက စတင်သတ်မှတ်ခဲ့ရာမှ ယခုတိုင် နိုင်ငံတော်၏တရားဝင် ရုံးပိတ်ရက်တစ်ရက် ဖြစ်လာခဲ့ပါသည်။

.

ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသည့် အချိန်မှစ၍ ကရင်အမျိုးသားအားလုံးသည်၊ ကရင်ပြည်ရရှိရေးအတွက် တောင်းဆိုခဲ့ကြသည်။ သို့သော်အာဏာရအုပ်စိုးသူ ဖဆပလအစိုးရမှ ကရင်ပြည်တောင်းဆိုမှုမှာ လက်တစ်ဆုတ်စာ ကရင်များသားဖြစ်ကြောင်း၊ အင်္ဂလိပ်နယ်ချဲ့များက အားပေးအားမြှောက်၍ဖြစ်ကြောင်း၊ အင်္ဂလိပ်ကျွန်ဖြစ်လိုသူကရင်အချို့သာဖြစ်ကြောင်း၊ စသည်ဖြင့် မဟုတ်မမှန်သွားပုတ်လေလွင့် စွပ်စွဲပြောဆိုသည်။ ထို့ကြောင့် ၁၉၄၈ ခုနှစ် ဖော်ဖော်ဝါရီလ (၃) ရက်နေ့တွင် (KNU)က ဖဆပလ အစိုးရထံ ကရင်ပြည်ပေးရန် တရားဝင်စာရေးတောင်းဆိုသည်။ စာကို ၁၉၄၈ ခု မတ်လ (၃) ရက်နေ့ နောက်ဆုံးထား၍ အကြောင်းပြန်ရန်၊ ပြန်စာမရရှိက သို့တည်းမဟုတ် ကရင်ပြည်ပေးရန် ငြင်းဆန်ပါက ကရင်အမျိုးသားများနောက်ထပ်ခြေတစ်လှမ်းတိုးမည်ဟုလည်း ဖော်ပြပါရှိပါသည်။ ၄င်းအပြင် ကရင်ပြည်တောင်းဆိုသည့်စာ ပိုမိုလေးနက်စေရန် ဖေဖော်ဝါရီလ (၁၁) ရက်နေ့၌ မြန်မာပြည် တစ်ပြည်လုံးရှိ ကရင်အမျိုးသားအားလုံး ကရင်ပြည်လိုလားကြောင်း မြို့ပေါ်သို့တက်၍ ကရင်လူထုဆန္ဒပြပွဲကျင်းပရန် ဆုံးဖြတ်သည်။ ယင်းဆုံးဖြတ်ချက်အတိုင်း ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် မြန်မာပြည် တစ်ပြည်လုံးရှိ ကရင်အမျိုးသားများသည် မြို့များပေါ်သို့တက်၍ ကရင်ပြည်လိုလားကြောင်း ကရင်လူထုဆန္ဒပြပွဲ ကျင်းပလေသည်။ အောက်မြန်မာပြည် ကရင်များရာ ဒေသတွင် သာမက မြောက်ဖက်မြစ်ကြီးနားမှ တောင်ဖက်  မြိတ်မြို့အထိလည်းကောင်း၊ ရှမ်းပြည်နယ်တွင် နမ်းခမ်း၊ ကွတ်ခိုင်၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံတို့၌ လည်းကောင်း၊ မြန်မာပြည်အလယ်ပိုင်းတွင် ရေနံချောင်း ၊ မိတ္ထီလာ၊ ချောက်စသော မြို့များတို့တွင်လည်းကောင်း တစ်ပြည်လုံးအနှံ့ ဆန္ဒပြကြသည်။

.

ဖဆပလ အစိုးရမှလည်း ခြိမ်းခြောက်ခြင်း၊ နှောက်ယှက်ခြင်းများ ပြုလုပ်သေးသည်။ သို့သော် ကရင်တစ်မျိုးသားလုံး (၂-၃) ရက် ခရီးများ ချီတက်ဆန္ဒပြကြရာ ကရင်အမျိုးသား၊ အမျိုးသမီးပေါင်း (၄) သိန်းကျော် ဆန္ဒပြခဲ့ကြသော ထိုနေ့ရက်သည် မြန်မာပြည်သမိုင်းတွင် အကြီးမားဆုံး ဆန္ဒပြပွဲ ဖြစ်ခဲ့သည်။

.

ဆန္ဒပြရာတွင် ………….

၁။ ကရင်ပြည် ချက်ချင်းပေး ။ (လွတ်လပ်ရေး)

၂။ ဗမာတစ်ကျပ် ကရင်တစ်ကျပ်ချက်ချင်းပြ။ (တန်းတူရေးနှင့် ဒီမိုကရေစီရေး)

၃။ လူမျိုါ်ရေး အဓိကရုဏ်း အလိုမရှိ။ (စည်းလုံးညီညွတ်ရေး)

၎။ ပြည်တွင်းစစ် အလိုမရှိ ။ (ငြိမ်းချမ်ရေး )

.

ဟူသော စာသားပါ ဆိုင်ဘုတ်စာတမ်း (Slogan) များ ကိုင်စွဲ၍ မြို့ကြီးများအတွင်း လှည့်လည်ပြီး အော်ဟစ် ဆူညံခြင်းမပြု ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြရာ မြန်မာပြည်သမိုင်းတွင် စည်းကမ်းအရှိဆုံး ဆန္ဒပြပွဲအဖြစ် သမိုင်းတွင် ရစ်ခဲ့လေသည်။ ထိုဆန္ဒပြပွဲနေ့တွင် ကရင်အမျိုးသားခေါင်းဆောင်များက ကရင်ပြည်လိုလားပြီး ကရင်ပြည်အရယူမည် စသည်ဖြင့် ရဲရဲတောက်မွန့်ခွန်းချွေခဲ့ကြသည့်နည်းတူ ကရင်တစ်မျိုးသားလုံးသည်လည်း ဇာတိသွေးဇာတိမာန်များဖြင့် တက်ကြွညီညွတ်စွာပါဝင်ခဲ့ကြသည်။

.

ထိုဆန္ဒပြပွဲ၏ နိုင်ငံရေးအဓိပ္ပါယ်ဖော်ညွန်းချက်မှာ

၁။ ကရင်တစ်မျိုးသားလုံး၏ နိုင်ငံရေးအသိနှင့် မျိုးချစ်စိတ်ဓာတ်ကို မွေးထုတ်ပြသသည့်နေ့။

၂။ ကရင်တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်ရေးကို ထုတ်ဖော်သည့်နေ့။

၃။ ကရင်တစ်မျိုးသားလုံး၏ ဇာတိသွေး၊ ဇာတိမာန်များကို ရဲရဲတောက်ဖော်ပြသည့်နေ့။

၎။ နိုင်ငံရေးလက်ဦးမှုကို ကရင်များရယူသည့်နေ့။

၅။ ကရင်ကို ကမ္ဘာက ပိုမိုသိရှိစေသောနေ့ တို့ ဖြစ်သည်။

.

အထက်ပါ အကြောင်းအရပ်များကြောင်း (၁၉၅၃) ခုနှစ် နိုဝင်ဘာလ (၂၃-၂၅) ရက်နေ့များ၌ ဖာပွန်မြို့တွင် ကျင်းပသော ကော်သူးလေပြည်လုံးဆိုင်ရာ ကွန်ကရက်တွင် ဖေဖော်ဝါရီ (၁) ရက်နေ့ကို ကရင်အမျိုးသားနေ့ သတ်မှတ် ကျင်းပရန် မြစ်မကျွန်းပေါ်မှ KNU အမှတ် (၁) ခရိုင်ဥက္ကဌ  စောကျော်အေးက အဆိုပြု၍ မြစ်ဝကျွန်းပေါ် အထူးထပ်မဟာမှူး ဗိုလ်ချုပ်စောကော်ထူးမှ ထောက်ခံသဖြင့် ကွန်ကရက်ကိုယ်စားလှယ်များက ကန့်ကွက်သူလုံးဝမရှိ တညီတညွတ်တည်း အတည်ပြုလိုက်ရာ ကရင်လူထူဆန္ဒဖော်ထုတ်ပြသသည့် ဖေဖော်ဝါရီလ (၁၁) ရက်နေ့သည် ကရင်အမျိုးသားနေ့ ဖြစ်လာပါသည်။

.

ကရင့်သမိုင်းတွင် နေ့ထူးနေ့မြတ်များအဖြစ် မှတ်တမ်းတင်ထားရမည့် ရက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

.

ကရင်နှစ်သစ်ကူးနေ့ – ၁၉၃၈ ခု၊ ဇန်နဝါရီလ (၁)ရက်၊ ၁၂၉၉ ခု ပြာသိုလဆန်း (၁) ရက်

ကရင်အမျိုးသားနေ့ – ၁၉၄၈ ခု၊ ဖေဖော်ဝါရီလ (၁၁) ရက်

ကရင်တော်လှန်ရေးနေ့ – ၁၉၄၉ ခု၊ ဇန်နဝါရီလ (၃၁) ရက်

ကရင်အာဇာနည်နေ့ – ၁၉၅၀ ခု၊ သြဂုတ်လ (၁၂) ရက်

ကရင်ပြည်နယ်နေ့ – ၁၉၅၄ ခု၊ နိုဝင်ဘာလ (၇) ရက်

.

အထက်ပါ ကရင်သမိုင်းဝင်ရက်များအနက် ကရင်နှစ်သစ်ကူးနေ့နှင့် ကရင်ပြည်နယ်နေ့များကိုသာ အုပ်စိုးသူများက တရားဝင်အသိအမှတ်ပြုပြီး ကျန်ရက်များကား မိမိတို့ ကရင်များကိုယ့်ဖာသာကိုယ် မှတ်တမ်းတင်ထားကြခြင်းဖြစ်ပါသည်။ မိမိကြမ္မာ မိမိသာဖန်တီးနိုင်ခွင့်ရလာမည့် တစ်နေ့တွင် အထက်ပါသမိုင်းဝင် ကရင့်နေ့ရက်များအားလုံးကို နိုင်ငံတစ်ဝန်းလုံးမဟုတ်သည့်တိုင် မိမိတို့ကရင် ပြည်နယ်အတွင်း၌ အသိအမှတ်ပြုလက်ခံလျက် ကရင်ပြည်နယ်၏ တရားဝင်ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ရန်လိုအပ်ကြောင်း အကြံပြုနှိုးဆော်တိုက်တွန်းအပ်ပါသည်။