• Today is: Friday, March 29, 2024

ပြည်တွင်းငြိမ်းချမ်းရေး မျှောင်လင့်ချက် ဘယ်လောက်ပြည့်ဝနိုင်မလဲ

သွေး (စစ်ကိုင်း)

.
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ နိုင်ငံတွေထဲ ပါဝင်နေပါတယ်။ နှစ်ပေါင်း (၆၀) ကျော် ကြာမြင့်နေတဲ့ ပြည်တွင်းစစ်ကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်ရသူ၊ အသက်ဆုံးရှုံးရသူတွေ မနည်းပါဘူး။ (၂၁) ရာစု ပင်လုံညီလာခံ ကျင်းပမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆိုမှုနဲ့အတူ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လူထုကြားမှာ မျှော်လင့်ချက်တွေ မြင့်မားလာနေပါတယ်။
.
သမိုင်းကို ပြန်ကြည့်ရင် ငြိမ်းချမ်းရေးရရှိဖို့ဆိုတာ နိုင်ငံရေးဆွေးနွေးပွဲတွေ သမာသမတ်ကျကျ ကျင်းပနိုင်ဖို့ လိုသလို တိုင်းရင်းသားတွေအနေနဲ့ တန်းတူအခွင့်အရေးရဖို့ လိုပါတယ်။ အင်အားကြီးသူက အင်းအားနည်းသူ အပေါ် အနိုင်ကျင့်နေရင် လူများစုက လူနည်းစုရဲ့ ရပိုင်ခွင့်တွေကို မသိချင်ယောင် ဆောင်နေရင် တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှုတည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။
လက်ရှိအနေအထားမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေကိုရော၊ လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့တွေကိုပါ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဖို့ စီစဉ်နေပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု) ပင်လုံအကြို ပြင်ဆင်ရေးကော်မတီကိုပါ ဖွဲ့စည်းထားပြီးပါပြီ သြဂုတ်လထဲမှာ ၂၁ ရာစုပင်လုံညီလာခံ ကျင်းပမယ်လို့ သိရပါတယ်။
.
တိုင်းရင်းသားမျိုးစုံ မှီတင်းနေထိုင်တဲ့ နိုင်ငံမှာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆီ ဦးတည်နိုင်ဖို့ မတူကွဲပြားမှုတွေကို လက်ခံနိုင်ရမှာပါ။ မတူကွဲပြားမှုကို အင်အားအနေနဲ့ အသုံးချနိုင်မှ ငြိမ်းချမ်းရေးဆီ လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မှာ နိုင်ငံအာဏာကို သိမ်းယူခဲ့တဲ့ ဗိုလ်ချုပ်နေဝင်း အကြောင်းပြတဲ့  “ဖက်ဒရယ်မူကို လက်ခံရင် တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားနိုင်တယ် ” ဆိုတဲ့ ဆင်ခြေဟာ (၂၁) ရာစုမှာ အသုံးမဝင်တော့ပါဘူး။
.
အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဟာလည်း ဒင်္ဂါးပြားတစ်ပြားရဲ့ ခေါင်းနဲ့ပန်းလို ဆက်စပ်နေပါတယ်။ အတိက်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေဟာ သင်ခန်းစာယူဖို့၊ တေးဆဆင်ခြင်ဖို့သာ ဖြစ်ပြီး၊ အာဃာတတရားနဲ့ လက်စားချေမှုတွေကို ရှောင်ရှားရမှာပါ။ အမျိုးသားပြန်လည် သင့်မြတ်ရေးမှာ တိုင်းရင်းသားတွေ ပါဝင်နိုင်ဖို့ အခွင့်အရေးပေးသင့်သလို “ပင်လုံစိတ်ဓာတ်” ကို အခြေခံသင့်ပါတယ်။
.
ပြည်တွင်းစစ်နဲ့ ပဋိပက္ခတွေဖြစ်တဲ့အခါ တိုင်းရင်းသား လက်နက်ကိုင်ပဲဖြစ်ဖြစ်၊ တပ်မတော်ပဲ ဖြစ်ဖြစ် ၊ ပြည်သူပဲ ဖြစ်ဖြစ် အသက်ဆုံးရှုံးခဲ့ရင် နိုင်ငံသားတွေ ဆုံးရှုံးတာပါ။ ဒါ့အပြင် မငြိမ်းချမ်းသေးသမျှ ပြည်နယ်တွေမှာ နေထိုင်တဲ့ လူထုရဲ့ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်ခွင့်ပါ ထိခိုက်လာနိုင်ပါတယ်။ ပြည်သူတွေရဲ့ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးတွေ တိုးတက်သင့်သလောက် မတိုးတက်တော့ပါဘူး။
.
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်မှာ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တာဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမြှော်အမြင်ကြီးမားမှုနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေရဲ့ ပူးပေါင်းပါဝင်မှု၊ လွတ်လပ်ရေးကို အတူတကွ ရယူလိုတဲ့ ဆန္ဒတွေကြောင့် ဖြစ်ပါတယ်။ လက်ရှိ အနေအထားကို ပြန်ကြည့်ရင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပနိုင်ရေးအတွက် ဦးဆောင်ရမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ရဲ့ ဥက္ကဌအဖြစ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးလည်းဖြစ်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူထားပါတယ်။
.
UPDJC မှာ ပါဝင်တဲ့ ပါတီကိုယ်စားလှယ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ မွန်ဒေသခုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ကရင်ပြည်သူ့ပါတီ ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ပလောင်အမျိုးသားပါတီတို့က ဖြစ်တယ်လို့ သိရပါတယ်။ တိုင်းရင်းသား တွေကို အမှန်တကယ် ကိုယ်စားပြုနိုင်တဲ့ ကိုယ်စားလှယ်တွေ ပါဝင်နိုင်ရေးကို အထူးဂရုစိုက် လုပ်ဆောင်သင့်ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစုပင်လုံညီလာခံကျင်းပမယ့် သတင်းနဲ့အတူ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တိုမှာ တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာထွက်ပြေး လာရတဲ့ စစ်ဘေးရှောင်ပြည်သူတွေများ လေနေသလို စစ်ပွဲတွေရှိနေသမျှ ငြိမ်းချမ်းရေးဟာ စကားလုံးသက်သက်ပဲ ရှိနေဦးမှာပါ။ အပစ်အခတ်ရပ်စဲရေးဟာ ဇွတ်လုပ်ယူလို့ မရသလို တစ်ဖက်က စားပွဲဝိုင်းဆွေးနွေးပွဲ၊ တစ်ဖက်က တိုက်ပွဲဖြစ်နေရင် မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် ဖြစ်နေဦးမှာပါပဲ။
.
တိုင်းရင်းသားတွေအနေနဲ့ ပြည်နယ်တွေမှာ ကိုယ်တိုင်စီမံခန့်ခွဲခွင့်ရရင် တိုက်ပွဲတွေရပ်တန့်သွားရင် ဖက်ဒရယ်ပြည်ထောင်စုကို ရဲရဲကြီး အိပ်မက် မက်နိုင်ပါပြီ။ လက်ရှိအစိုးရနဲ့ တိုင်းရင်းသားတွေကြား တပ်မတော်နဲ့ တိုင်းရင်းသားတွေကြား “ယုံကြည်မှု” တည်ဆောက်နိုင်ဖို့ကလည်း အခရာ ကျပါတယ်။ လူများစုဖြစ်တဲ့ ဗမာတွေကို တိုင်းရင်းသားတွေက ယုံကြည်ရဖို့ လိုသလို လူများစုကလည်း လူနည်းစု တိုင်းရင်းသားတွေရဲ့ “အခွင့်အရေး” နဲ့ “ရပိုင်ခွင့်” ကို လေးစားတက်ဖို့ လိုပါတယ်။
.
နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်အောင် မြင်မြင်ကျင်းပနိုင်ခဲ့ရင် အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်နိုင်ဖို့ မခဲယဉ်းဘူးလို့ မြင်ပါတယ်။ အဲဒီလို မဟုတ်ဘဲ သူကတစ်မျိုး၊ ငါကတစ်ဖုံ အလျှော့မပေးစတမ်း တင်းမာနေရင် နိုင်ငံရေးဆွေးနွေးပွဲတွေရှေ့ဆက်ဖို့ ခဲယဉ်းပါလိမ့်မယ်။ ကချင် စစ်ပွဲ ၅ နှစ်ပြည့် အခမ်းအနားမှာ စစ်ဘေးရှောင် ပြည်သူတစ်ယောက်က ဒီလိုနေ့တွေလည်း ထပ်မကျင်းပချင်ဘူး၊ အခန်းကျဉ်းလေထဲမှာလည်း မနေချင်ဘူးလို့ ပြောသွားတာကို အမှတ်ရမိပါတယ်။
.
စစ်ဘေးရှောင် ပြည်သူတွေ နေရပ်ပြန်နိုင်ရေး လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင်ရေး အသက်မွေးဝမ်းကျောင်း အခွင့်အရေးတွေ ရရှိရေးအတွက်ပါ နိုင်ငံတော်က ကူညီပေးရမှာပါ။ မတူကွဲပြားတဲ့ အမြင်တွေ သဘောထားတွေ ရှိနိုင်ပေမဲ့ ငြိမ်းချမ်းရေးအတွက် “ဘုံရည်မှန်းချက်” ထားရမှာ ဖြစ်ပါတယ်။
.
၂၁ ရာစု ပင်လုံညီလာခံဟာ ငြိမ်းချမ်းရေးလိုလားတဲ့ တိုင်းရင်းသားတွေရဲ့ မျှော်လင့်ချက်ကို ဘယ်လောက်အထိ ဖြည့်စွမ်းပေးနိုင်မလဲ စောင့်ကြည့်ရမှာပါ။ ဖက်ဒရယ်ပြည်ထောင်စုဆီ ဦးတည်ရာမှာ “ငြိမ်းချမ်းရေးရရှိရေး” က တိုင်းရင်းသားအားလုံးအတွက် အသက်တမျှ အရေးကြီးပါကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ် ။ ။
.
သွေး (စစ်ကိုင်း)