• Today is: Saturday, April 20, 2024

NCA နှင့် အစုအဖွဲ့များ၏နိုင်ငံရေးရိုးသားမှုကိုဆန်းစစ်ခြင်း

 

 

နော်မေဦးမူတြော် ရေးသည်

▬▬▬▬▬▬▬▬▬▬▬

ဖက်ဒရယ်ဂျာနယ် ( ဒီဇင်ဘာလ / ၃ )

 

အဲန်စီအေနှင့် အစုအဖွဲ့များ၏နိုင်ငံရေးရိုးသားမှုကိုဆန်းစစ်ခြင်းလို့ ပြောခြင်းအားဖြင့် အဲန်စီအေကို တွယ်ဖက်ထားချင်လွန်းအားကြီးလို့ဟု မထင်စေချင်ပါ။ အဲန်စီအေပါ အချက်အလက်များရဲ့ အနှစ်သာရကို ဖြစ်စဉ်တလျှောက်ပါ၀င်ခဲ့သူ တယောက်အနေနဲ့ သိနေတဲ့အတွက် အဲ့ဒီထက်ကောင်းမွန်ပြည့်စုံခိုင်လုံတဲ့စာချုပ်ကိုပဲ လိုချင်ပါတယ်။ တနည်းအားဖြင့် အဲန်စီအေကို ကျမ လုံးဝဥဿုံ မနှမြောပါ။

 

လတ်တလောအခြေအနေမှာ တနိုင်ငံလုံးအနှံ့ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေချိန်ဖြစ်တာမို့ အဲန်စီအေကို အကောင်အထည်ဖေါ်ချိန်မဟုတ်ပါဘူး။ သို့သော် အန်စီအေ ပျက်ပြယ်ခြင်း၊ မပျက်ပြယ် ခြင်းကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တွဲချည်ပြီး ပြောနေကြတာကိုတွေ့ရကြားရ ပါတယ်။ ဒီနေရာမှာ ပြန်လည်စဉ်းစားစေလိုတာက ၂၀၀၈ ဖွဲစည့်းပုံနှင့် NCA စာချုပ် နှစ်ခုရဲ့ သဘော သဘာဝကွာခြားချက်ဖြစ်တယ်။ စာရွက်စာတမ်းတွေကို ဖတ်တဲ့အခါ ကိုယ့်အလိုအတိုင်း လိုရာဆွဲပြီး အနက်မဖွင့်ဖို့က အရေးကြီးပါတယ်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါတယ်။ အမြင့်ဆုံး ဥပဒေ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူနဲ့အစိုးရကြားက လူမှုပဋိညာဉ်အမျိုးအစားလို့ သတ်မှတ်ရမယ့် စာချုပ် စာတမ်းအမျိုးအစားပါ။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို စတင်ရေးဆွဲစဉ်ကတည်း ပြည်သူကိုကိုယ်စားပြုတဲ့ တိုင်းပြုပြည်ပြုညီလာခံက ရေးဆွဲခဲ့တာမဟုတ်ပါဘူး၊ ဒါ့အပြင် လူထုရဲ့ အခြေခံအခွင့်အရေးတွေကို အာမခံချက် မပေးထားပါဘူး၊ ဒါ့အပြင် ဖွဲ့စည်းပုံအတည်ပြုနိုင်ဖို့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကိုလည်း မလျော်ဩဇာသုံးပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။

 

ဒါကြောင့် ဥပဒေကြောင်းအရပြောရရင် နဂိုထဲကိုက ပြည်သူလူထုနဲ့အစိုးရကြားက လူမှုပဋိညာဉ် မဟုတ်ပါဘူး။ ဒါဟာ စစ်အာဏာရှင်တွေရဲ့ လိုရာကို ဆွဲရေးထားတဲ့ semantic constitution လို့ ခေါ် ပါတယ်။ သို့သော် ဒီလမ်းကြောင်းနောက်ကို အင်အားအကြီးဆုံး NLD ပါတီနှင့် ပါတီဝင်တွေအတိုင်း လိုက်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း တရားဝင်မှု တစ်စုံတစ်ရာရလာပြီး အသက်ဆက်လို့ ရလာခဲ့ တာပါ။

 

ဒါပေမယ့် ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှာ ဖွဲ့စည်းပုံပါ လုပ်ပိုင်ခွင့်တွေကို ကျော်လွန်ပြီး မြန်မာစစ်တပ်က ထပ်မံအာဏာသိမ်းလိုက်ပါတယ်။ ဒီအခါမှာ Rule of Law Principle အရ ဥပဒေကိုပြဌာန်းသူ၊ လေးစားနာလိုက်နာ ရမည့်သူကိုယ်၌က ချိုးဖောက်ပစ်တဲ့အတွက် ဥပဒေကြောင်းအရ ပျက်ပြယ်တယ် လို့ဆိုလို့ရပါပြီ။ ပြန်ချုပ်ရရင် ၂၀၀၈ ဖွဲ့စည်းပုံဟာ ဥပဒေဟာ ဖြစ်တည်လာမှုကလည်း ဥပဒေသီအိုရီ တွေအရ ညီညွှတ်မှု မရှိသလို၊ လိုက်နာရမည့်သူကိုယ်၌က ချိုးဖောက်ခဲ့လို့ ပျက်ပြယ်ပြီးဖြစ်ပါတယ်။

 

NCA စာချုပ်ကတော့ တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံ မဟုတ်သလို အမြင့်ဆုံးဥပဒေမဟုတ်ပါဘူး။ NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားသူတွေဟာ မလျော်ဩဇာကြောင့် သဘောတူခဲ့ရသူမရှိပါဘူး။ လွပ်လပ်တဲ့ သဘောဆန္ဒနှင့်အညီ ထိုးခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံသဘောတူတယ်လို့ မပါဘဲ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အစားထိုးပြင်ဆင်နိုင်ဖို့၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို လျှောက်လှမ်းမယ်ဆိုတဲ့ သဘောထားနှင့်အညီ ဖော်ဆောင်ကြတဲ့ သီးသန့်လမ်းကြောင်းတစ်ခုပါ။

 

စာချုပ်ရဲ့ရည်ရွယ်ချက်၊ သဘောတူညီထားမှုတွေကို ပဋိညာဉ်အမြင်နဲ့ ဖတ်ဖို့လိုပါတယ်။ ဝင်ရောက်လက်မှတ်ရေးထိုးထား တဲ့အဖွဲ့ တွေရဲ့ လွပ်လပ်တဲ့ သဘောဆန္ဒ၊ စာချုပ်ပါစည်းကမ်းသတ်မှတ်ချက်တွေ၊ ချိုးဖောက်တဲ့ အပြုအမူတွေရှိရင် ပြန်လည်ကုစားရမယ့် အဖိုးစားနားနှင့် နည်းလမ်းတွေ၊ ဘယ်လောက်ထိ စာချုပ်အဖွဲ့ဝင်တွေက အငြင်းပွားမှုတွေမှာ နားလည်လက်ခံနိုင်တယ်ဆိုတဲ့ သည်းခံမှုတွေ အပေါ်မူတည်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်ကိုယ်စားပြုအဖွဲ့ ၊ နိုင်ငံတော်အစိုးရမဟုတ်တဲ့ အဖွဲ့အကြားကို လက်မှတ်ထိုးတာကို နိုင်ငံတကာ အသိသက်သေတွေနှင့် တကွရေးထိုးခဲ့တာဖြစ်တယ်။ ဒီတော့ ဒါကို ပျက်ပြယ်ခြင်း၊ မပြယ်ခြင်း ဟာ ၂၀၀၈ ဖွဲ့စည်းပုံ နှင့် သက်ဆိုင်တယ်လို့ ယူဆလို့မရပါဘူး။

 

ပဋိညာဉ်သဘောအရ လွပ်လပ်သလို၊ ရည်ရွယ်ချက်၊ တာဝန်ခံမှုရှိခြင်း နှင့် စာချုပ်ပါအတိုင်း ကုစားနိုင် တဲ့နည်းလမ်းတွေနှင့် သက်ဆိုင်တယ်။ အခုပြောဆိုနေကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပျက်လို့ NCA ပျက်ပြယ်တယ်ဆိုရင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အောက်ကအစိုးရက ထိုးခဲ့လို့၊ ၁၉၄၇ ဖွဲ့စည်းပုံပျက်သွားလို့ UN charter ကြီးပါပျက်ပြီလို့ ပြောတဲ့ သဘောတရားနဲ့ တူနေပါတယ်။

 

ဒါကြောင့် NCA နှင့် ပက်သက်ပြီး အနှစ်ချုပ်ပြန်ပြောရမယ်ဆိုရင် –

၁။ စာချုပ်စာတမ်းတစ်ခုရဲ့တန်ဘိုးနဲ့ အနှစ်သာရဟာ အဲ့ဒီစာချုပ်ကိုသဘောတူ လက်မှတ်ရေးထိုးကြတဲ့ အစုဖွဲ့တွေ အပေါ်မှာပဲ လုံးလုံးလျားလျားမူတည်ပါတယ်။

၂။ အဲန်စီအေဟာ ရွှေကွပ်ထားပြီးနိဗ္မာန်ကိုအာမခံတဲ့စာချုပ်တစ်ခု မဟုတ်တာကို အဲ့ဒီစာချုပ်ဖြစ်လာဖို့ ဟိုးအစကတည်းကနေ တောက်လျှောက်ပါဝင်လုပ်ဆောင်ခဲ့ကြတဲ့လူတွေ အသိဆုံးဖြစ်တယ်။

၃။ စာချုပ်ရဲ့အားနည်းချက်၊ အသုံးမဝင်မှု၊ အကောင်အထည်မဖေါ်နိုင်မှု၊ အားလုံးအပြင် – အဲန်စီအေစာချုပ်ဟာ –

၁) ၂၀၀၈ ဖွဲ့စည်းပုံအောက်ကလွတ်တော်ပြင်ပကနေစဉ်းစားရေးဆွဲခဲ့တဲ့ တခုတည်းသော သဘောတူညီ ချက်စာချုပ်ဖြစ်တယ်။

၂) (ဗမာမဟုတ်သော)တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအစုအဖွဲ့များကို မြန်မာ့နိုင်ငံ ရေးအခင်းအကျင်းထဲ တရားဝင်ပြန်ဝင်လာနိုင်အောင်လမ်းဖွင့်ပေးတဲ့ စာချုပ်ဖြစ်တယ်။

၃) အဲန်စီအေစာချုပ်ရဲ့ အားနည်းချက်၊ လက်တွေ့အကောင်အထည်မပေါ်လာနိုင်တဲ့အချက်၊ ရည်ရွယ်ထားတဲ့နိုင်ငံရေးရည်မှန်းချက်ဆီကို မပို့ဆောင်နိုင်ရတဲ့အကြောင်းရင်းများစွာထဲမှာ အဓိက (၂) ချက်ထဲက ပထမအချက်က ဗမာ့တပ်မတော်ရဲ့ စာချုပ်ကို လက်ဝါးကြီးအုပ်၊ လိုသလိုအဓိပ္ပါယ် ဖွင့်ဆိုပြီး အခြားစာချုပ်အဖွဲ့ဝင်တွေကိုအနိုင်ကျင့်ခဲ့ခြင်းနဲ့ ဒုတိယအချက်က အဲန်အယ်လ်ဒီအစိုးရရဲ့ စာချုပ်အပေါ် စိတ်ပါဝင်စားမှု၊ အာရုံစိုက်အလေးထားမှုလုံးဝမရှိခဲ့ခြင်း တို့ပဲဖြစ်တယ်။

တကယ်တမ်းက စာချုပ်တစ်ခုအသက်ဝင်အကျိုးဖြစ်ထွန်းဖို့ဆိုတာ သက်ဆိုင်ရာစာချုပ်ပါအစုအဖွဲ့ အားလုံးနဲ့ဆိုင်တယ် ကိုယ့်အကျိုးအတွက်လက်နက်တစ်ခုသဖွယ် သုံးလို့ရမှ စာချုပ်ကို ကောင်းမွန်တယ် လို့ ယူဆလို့မရပါဘူး။

၄။ ၂၀၀၈ ဖွဲ့စည်းပုံကနေ တစ်နွယ်ငင်တစ်စင်ပါလာတဲ့အရာတွေကို အကြောင်းမျိုးမျိုးနဲ့မစွန့်ပစ်နိုင်ပါပဲ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများရဲ့ နိုင်ငံရေးရွေးချယ်မှုကို ရန်မယ်ရှာနေခြင်း ရဲ့ နိုင်ငံရေးရိုးသားမှုကို အများကြီးမေးခွန်းထုတ်စရာဖြစ်နေစေတာပါပဲ။

 

#Soure_Federal Alliance