• Today is: Friday, August 12, 2022

NLD ပါတီ နာယကအဖွဲ့ဝင်ဦး၀င်းထိန် ကို စစ်ကောင်စီ က ပုဒ်မ ၁၂၄-က နဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၂၉၊ ၂၀၂၁  

ဓါတ်ပုံ- (NLD ပါတီနာယက ဦး၀င်းထိန်)

NLD ပါတီရဲ့ နာယကအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦး၀င်းထိန်ကို နေပြည်​တော် တရားမဝင်တဲ့ ဒက္ခိဏခရိုင် အထူးတရားရုံးက ​ဒီကနေ့ (အောက်တိုဘာလ ၂၉ ရက်)မှာထောင် ဒဏ် ၂၀ နှစ် ချမှတ်လိုက်​ကြောင်းသိရှိရပါတယ်။

ဦးဝင်းထိန်ကို တရားမဝင် စစ်ကောင်စီက ပုဒ်မ ၁၂၄ -က ဖြင့် တရားစွဲဆိုထားပြီး နေပြည်တော်အချုပ်ထောင်မှာ ဖေဖော်ဝါရီလ အစောပိုင်ကတည်း ဖမ်းဆီးထိန်းသိမ်းခံထားရတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီရဲ့  တရားမဝင် တရားရုံးကနေ ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်တဲ့ NLD ပါတီနာယက ဦး၀င်းထိန်ဟာ အသက် ၈၀ ကျော်အရွယ်ရှိပြီဖြစ်ပါတယ်။

ဦးဝင်းထိန်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ ပုဒ်မ ၁၂၄ (က)မှာတော့ ” နှုတ်ဖြင့်သော်လည်းကောင်း စာဖြင့်သော်လည်း ကောင်း အမှတ်အသား (သို့)ထင်ရှားသော အမှတ်အသားဖြစ်သော်လည်းကောင်း၊ ထို့အပြင် တခြားသော နည်းဖြင့် နိုင်ငံတော်နှင့် နိုင်ငံတော်အစိုးရအဖွဲ့ဝင်များအပေါ် မုန်းတီးလာအောင်၊ မလေးမစားဖြစ်အောင်နှင့် ယင်းသို့ ဖြစ်စေရန် လှုံဆော်ခြင်း လှုံဆော်ရန်အားထုတ်ခြင်းတို့ကို ပြုလုပ်၍ ပြစ်မှုထင်ရှားကြောင်း ပေါ်ပေါက်ပါက ထောင်ဒဏ် တစ်သက် တကျွန်းဖြစ်စေ၊ တစ်သက်တစ်ကျွန်းအောက် တစ်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်အတူ ထောင်ဒဏ် သုံးနှစ်ဖြစ်စေ၊ ငွေဒဏ် သက်သက် ဖြစ်စေ ချမှတ်နိုင်သည်”လို့ ပြဌာန်းထားတဲ့ ဥပဒေပုဒ်မလည်း ဖြစ်ပါတယ်။