• Today is: Saturday, April 20, 2024

ငါရူးတွေ ရူးနေကြတယ်

ငါ့ကို ငါမဖြစ်ခင်
ငါဖြစ်ချင်နေသူတွေနဲ့ ဝေးရာပို့ပေးပါ…..
ခုတလော ငါဟာ ငါ့ကြောင့်
အသက်တောင် ဖြောင့်ဖြောင့်မရှူနိုင်တော့ဘူး
ငါရူးတွေ ရူးနေကြပြီ။
.
ငါနဲ့ ငါ့ကြားမှာ
ငါဟာအသက်ရှည်နေသရွေ့
ငါတွေ့တွေ့နေရတာက စပ်ဆုပ်စရာတွေချည်းပဲ
.
ငါလည်း ငါ့ကိုစပ်ဆုပ်နေမိတယ်။
ငါသာအမိ ငါသာအဖ
ငါသည်သာ ကိုးကွယ်ရာလို့ ကြွေးကြော်ရင်း
ငါအချင်းချင်း စစ်ခင်းသွားကြတယ်၊
.
အဲ့ဒီစစ်တလင်းမှာ ချစ်ခြင်းတွေမရှိဘူး
ငါဟာ ငါ့ဘာသာ ငါဟာ ငါ့လူမျိုး
ငါဟာ ငါ့နယ်မြေ ငါဟာ ငါ့အမျိုးသား
ငါနဲ့ ငါ့ကြားမှာ
အမုန်းတရားတွေ ကြီးထွားလာတယ်၊
.
ငါ…ငါ….ငါ……. ငါက ငါ့ကို တိုက်ခိုက်
ငါ့ကို ငါက တိုက်ခိုက်
ငါ့ဝါဒတွေ မှိုင်းတိုက်ထားတော့
ငါမိုက်သလို ငါ့ကိုတုပြီး မိုက်ကြတယ်။
.
ငါသာ ငါ့ကိုမချစ်ရင်
ငါ့ရင်ခွင် တနံတလျား
ငါနဲ့ ငါ့ကြားမှာ ပန်းများလည်း ပွင့်နေမယ်
အနမ်းများလည်း စွင့်နေမယ်။
.
အလွမ်းတရားလည်း သူ့အလိုလိုသေ
အမုန်းတရားတွေ အလိုလိုဆုံး
ငါ့နှလုံးသားတွေ အလိုလိုပြုံးနေလိမ့်မယ်၊
ဒါပေမယ့် ငါနဲ့ငါ့ကြား ငါဟာအသက်ရှည်နေသရွေ့
ငါဟာ ငါ့ကြောင့် အသက်တောင် ဖြောင့်ဖြောင့်မရှူနိုင်ဘူး
ငါရူးတွေ ရူးနေကြတယ်………။
.
မောင်မိုးယံ – သက္ကယ်