• Today is: Thursday, August 5, 2021

စစ်မှန်သောဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု

Federal Journal
September04/ 2016
စစ်မှန်သော ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ကြည့်ရအောင်
.
မန်းအောင်ပြည့်စိုး
.
စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု စနစ်၏အခြေခံအင်္ဂါများ (Principles of Federalism) နှင့်ပတ်သက်၍ ပညာရှင်များက အခိုင်အမာထုတ်ဖေါ် ညွှန်းဆိုခဲ့ကြပြီးဖြစ်ပါသည်။ ပြည်ထောင်စုကို စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စုစနစ်ဖြင့်ထူထောင်လိုပါက အောက်ပါအခြေခံအင်္ဂါ ရပ်များနှင့်ပြည့်စုံစေရမည်ဟူ၍ ဖြစ်ပါသည်။
.
(၁) ဖက်ဒရယ်ပြည်ထောင်စုကို ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိ၍ တန်းတူသောနိုင်ငံရေးအာဏာများအပ်နှင်း ခြင်းခံရသညည့် ပြည်နယ်များဖြင့် အခြေခံ၍ ဖွဲ့စည်းရမည်။
.
(၂) ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များကို ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာ တည်းဟူသော နိုင်ငံရေးအာဏာ (၃) ရပ်စလုံးကို အပြည့်အဝ အပ်နှင်းစေရမည့်အပြင်၊ ထိုနိုင်ငံရေး အာဏာ (၃) ရပ်လုံးကို တရားဥပဒေနှင့်အညီ လွတ်လပ်စွာ ကျင့်သုံးနိုင်ရးအတွက် ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရနှင့် ပြည်နယ်တရားရုံးချုပ်များကို လွတ်လပ်စွာ ထူထောင်ပိုင်ခွင့် ရှိစေရမည်။
.
(၃) ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများကို ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မဆန့်ကျင်စေဘဲ လွတ်လပ်စွာ ရေးသားပြဌာန်းခွင့် ရှိစေရမည်။
.
(၄) ဖက်ဒရယ်ပြည်ထောင်စုစနစ်သည် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Self-rule) နှင့် ထိုအဖွဲ့ဝင် ပြည်နယ်များ ပူးပေါင်း၍ဖွဲ့စည်းသည့် ပြည်ထောင်စုကို စုပေါင်းအုပ်ချုပ်ခွင့် (Sharrd-rule) တို့ကို ပေါင်းစပ်ထားသည့် စနစ်ဖြစ်သောကြောင့် ဖက်ဒရယ်ပြည်ထောင်စုအစိုးရနှင့် ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ် အစိုးရများအကြားတွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အာဏာများကို ခွဲဝေကျင့်သုံးခြင်း (Division of Powers ) ရှိစေရမည်။
.
(၅) တန်းတူသော ပြည်နယ်များပူးပေါင်း၍ ပြည်ထောင်စုကို ဖွဲ့စည်းသောအခါ ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားလွတ်တော် (အထက်လွှတ်တော်) နှင့် ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) များကို ထားရှိရမည်။ ပြည်သူ့လွှတ်တော်သည် ဒီမိုကရေစီစနစ်အ လူထု (ဝါ) လူဦးရေကို ကိုယ်စားပြုသော လွတ်တော်ဖြစ်၍ အမျိုးသားလွှတ်တော်သည် ပြည်ထောင်စုစနစ်အရ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များကို ကိုယ်စားပြုသော လွှတ်တော်ဖြစ်သည်။
.
ထို့ကြောင့် အမျိုးသားလွှတ်တော်တွင် ပြည်နယ်များက ဦးရေတူညီသော ပြည်နယ်ကိုယ်စားလှယ်များကို စေလွှတ်ခွင့် ရှိစေရမည်။
(၆) ပြည်နယ်များက စုပေါင်းကျင့်သုံးရန် ပြည်ထောင်စုလွှတ်တော်သို့ အပ်နှင်းထားသည့် နိုင်ငံခြားဆက်သွယ်ရေး၊ ပြည်ထောင်စုကာကွယ်ရေး၊ ငွေစက္ကူနှင့်ငွေဒင်္ဂါးထုတ်လုပ်ရေးနှင့် ပြည်ထောင်စု လမ်းပန်းဆက်သွယ်ရေးစသော အာဏာများမှအပ ကြွင်းကျန်သောအာဏာ (Residual Powers) များကို ပြည်နယ်များ၌ အပ်နှင်းထားစေရမည်။
.
(၇) ဖက်ဒရယ်ပြည်ထောင်စုစနစ်သည် ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် (Self-rule) နှင့် စုပေါင်းအုပ်ချုပ်ရေးစနစ် (Shared-rule) တို့ကို ပေါင်းစပ်ထားသော စနစ်ဖြစ်သောကြောင့် ပြည်ထောင်စုထဲတွင် အနည်းဆုံး အစိုးရ (၂) ရပ်ဖွဲ့စည်းထူထောင်ရပေမည်။ ယင်းတို့မှာ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများ ဖြစ်ကြသည်။
.
(၈) ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများသာမက ဒေသန္တရအစိုးရ များကိုလည်း ဖွဲ့စည်းထူထောင်ရမည်။ ထိုဒေသန္တရအစိုးရများကိုလည်း သင့်လျော်သော လုပ်ပိုင်ခွင့်အာဏာများ အပြည့်အဝ ပေးထားရမည်။ အထူးသဖြင့် ဒေသန္တရအစိုးရနှင့် ပြည်နယ်အစိုးရများကို သက်ဆိုင်ရာ ဒေသစီမံ အုပ်ချုပ်ရေးအတွက် အခွန်တော် ကောက်ခံခွင့် အာဏာများကို ပေးအပ်ထားရမည်ဖြစ်သည်။
.
အခြေခံ အင်္ဂါရပ်များ၏ အပိုဒ် (၁)တွင် နိုင်ငံတော်ကို တန်းတူသော နိုင်ငံရေးအာဏာများအပ်နှင့် ထားသည့်ပြည်နယ်များဖြင့် ဖွဲ့စည်းရမည်ဟူ၍ ပါရှိရာ မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံမှာ ထိုသို့ဖြစ်နေပါရဲ့လား ၊ စဉ်းစားသုံးသပ်ရန် လိုအပ်ပါသည်။ မိမိတို့နိုင်ငံသည် ကွဲပြားခြားနားသော ဘာသာစကား၊ ယုံကြည်ကိုးကွယ်မှု၊ လူဦးရေအနည်းအများနှင့် နယ်မြေအကျယ်အဝန်းတို့အပြင် မတူညီသော လူမျိုးစုများဖြင့် ပေါင်းစည်းထားသည်ဖြစ်ရာ (Unitary Sate) ခေါ် တစ်ပြည်ထောင်စနစ်ကို မည်သည့်နည်းနှင့်မျှ မထူထောင်သင့်ပါ။ (Federal State) ခေါ် ပြည်ထောင်စုစနစ်ဖြင့် မလွှဲမသွေဖွဲ့စည်းထူထောင်ရမည် ဖြစ်ပါသည်။ ပြည်ထောင်စုစနစ် ဆိုရာ၌ မိမိတို့တွင်ရှိသော တိုင်းရင်းသာားလူမျိုးစုကြီး (၈) မျိုးကို ပြည်နယ်တစ်ခုစီ ပေးရန်နှင့် တူညီသော အခွင့်အရေးနှင့် လုပ်ပိုင်ခွင့်ကိုပေးရန် ဖြစ်သည်။ သို့ဆိုလျှင် ဗမာကို ပြည်နယ်တစ်ပြည်နယ် ပေးရမည် ဖြစ်သည်။ မည်သည့်အရပ်ကို ဗမာပြည်နယ်ဟု သတ်မှတ်သင့်သနည်း။ နိုင်ငံအလယ်ပိုင်း မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများကို သတ်မှတ်သင့်သည်ဟု ယူဆမိသည်။ အဘယ့်ကြောင့်မူ ထိုဒေသများတွင် ဗမာအများစုနေထိုင်ကြသောကြောင့် ဖြစ်သည်။ သို့ဆိုလျှင် တိုင်းရင်းသား (၈) မျိုးအတွင် ပြည်နယ် (၈) ပြည်နယ်ရှိလာမည်ဖြစ်ပါသည်။ သို့သော်တိုင်းရင်းသားပေါင်းစုံနေထိုင်ကြသည့် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီတို့ကို မည်ကဲ့သို့ စီမံဖန်တီးမည်နည်း ၊ ကရင်လည်းရှိ၊ ဗမာလည်းရှိ၊ မွန်လည်းနေ၊ ပအိုဝ်လည်းအခြေချ၊ ထားဝယ်သားလည်းချက်မြှပ် နေထိုင်ကြသဖြင့် တိုင်းရင်းသားများ ပြည်နယ် (သို့မဟုတ်) အမျိုးသားများပြည်နယ် (ဧရာဝတီ) ၊ အမျိုးသားများပြည်နယ် (ရန်ကုန်) ၊ အမျိုးသားများပြည်နယ် (ပဲခူး) ၊ အမျိုးသားများပြည်နယ် (တနင်္သာရီ) စသဖြင့် ဖော်ညွန်းလိုက်လျှင် ပြည်နယ် (၁၂) ပြည်နယ်နှင့် ငါတို့ဖက်ဒရယ်ပြည်ထောင်စုကြီးထူထောင်ဖြစ်လေမလား၊ စိတ်ကူယဉ်တင်ဆက်ကြည့်မိသည်  ထားလိုက်ပါဦး။
.
ဖော်ပြထားသော အခြေခံမူများအနက် အခြေခံမူအမှတ်စဉ် (၁) နှင့် ပတ်သတ်၍ သုံးသပ်ခဲ့ပြီးဖြစ်ရာ အခြေခံမူအမှတ်စဉ် (၅) ကို ထပ်မံစဉ်းစားကြည့်ကြဖို့လိုပါသည်။ ပြည်ထောင်စုလွှတ်တော်ဖွဲ့စည်းပြီး ပြည်ထောင်စုလွှတ်တော်တွင် လူဦးရေကိုယ်စားပြု ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) နှင့် တိုင်းရင်းသားလူမျိုးစုကိုယ်စားပြု လူမျိုးစုလွှတ်တော် (ဝါ) အမျိုးသားလွှတ်တော်ထားရှိရပါမည်။ သို့ရာတွင် လွှတ်တော် ကိုယ်စားလှယ်ဦးရေနှင့် ပတ်သက်၍ စိစစ်ရန်လိုအပ်ပါသည်။ လက်ရှိအခြေခံ ဥပဒေအရ ပြည်သူ့လွှတ်တော်အတွက် တစ်မြို့နယ်လျှင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကျစီ ရွေးချယ်ပါသည်။ မြို့နယ်ဘယ်လောက်ပဲကြီးကြီး၊ ဘယ်လောက်ပဲ သေးသေး၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးသာရမည်ဆိုသည်မှာ သဘာဝတော့ သိပ်မကျလှ၊ လူဦးရေကို အခြေခံခြင်းဖြစ်သဖြင့် လူဦးရေအပေါ် အခြေခံ၍ ရွေးချယ်သင့်သည်ဟု ယူဆပါသည်။
.
ဆိုကြပါစို့…. မြို့နယ်တစ်မြို့နယ်တွင်  လူဦးရေ (၂) သိန်းရှိလျှင် ကိုယ်စားလှယ်တစ်ဦးရသည်ဟု သတ်မှတ်ပါက (၄) သိန်းရှိလျှင် ၂ဦး၊ ၆ သိန်းရှိလျှင် ၃ဦးစသည်ဖြင့် ရွေးချယ်ရန်နှင့် လူဦးရေး ၂သိန်းမပြည့်က ထိုမြို့နယ်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မရပဲ အခြားမြို့နယ်နှင့် ပေါင်းရွေးရန်ဖြစ်သည်။ မှတ်မှတ်ရရပြောရလျှင် လမ်းစဉ်ပါတီခေတ်က မြို့နယ်အတော်များများ တစ်မြို့နယ်လျှင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသာရချိန်၌ ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့နယ်အတွက် လွှတ်တော်ကိုယ်စားလှယ် (၃) ဦး ရရှိခဲ့ဖူးပါသည်။ မြို့နယ်ကျယ်ပြန့်ပြီး လူဦးရေများပြားခြင်းကြောင့်ဖြစ်သည်။ တဖန်လူမျိုးစုလွှတ်တော် (ခေါ်) အမျိုးသားလွှတ်တော်တွက် လက်ရှိအခြေခံ ဥပဒေအရ ပြည်နယ်ကြီးကြီးသေးသေး တစ်ပြည်နယ်လျှင် (၁၂) ဦးကျစီ သတ်မှတ်ခြင်းသည်လည်း သဘာဝမကျသေးဟု ယူဆပါသည်။ မြို့နယ်ပေါင်း (၅၀) ကျော်ရှိသော ရှမ်းပြည်နယ်အတွက် ကိုယ်စားလှယ် (၁၂) ဦးသာရရှိချိန်တွင် မြို့နယ် (၆) မြို့နယ်သာရှိသော ကယားပြည်နယ်အတွက် ကိုယ်စားလှယ် (၁၂) ဦး ရရှိနေသည်မှာ မဖြစ်သင့်ပေ။
.
အထူးတင်ပြလိုသည်မှာ လူမျိုးစုလွှတ်တော် ဟုခေါ်ဆိုသဖြင့် တိုင်းရင်းသားလူမျိုး၏အရေအတွက်ကို ဦးစားပေးရွေးချယ်သင့်သည်ဟု ယူဆပါသည်။ ကရင်ပြည်နယ်တွင် ကရင်တိုင်းရင်းသားချည်းသာနေထိုင် ခြင်းမဟုတ်ဘဲ ဗမာ၊ မွန်၊ ပအို့များလည်းရှိသဖြင့် သတ်မှတ်တိုင်းရင်းသားဦးရေ ပြည့်မီပါက လွှတ်တော်ကိုယ်စားလှယ် တစ်ဦးထားသင့်ပါသည်။ ဥပမာ – တိုင်းရင်းသားဦးရေ (၅၀၀၀၀) ပြည့်တိုင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရရှိသည်ဟု သတ်မှတ်ထားသည်ဆိုပါစို့ – ကရင်ပြည်နယ်တွင် ကရင်က (၄) သိန်း၊ ဗမာက (၇) သောင်း၊ မွန်က (၆)သောင်း၊ ပအို့က (၅) သောင်း ရှိလျှင် ကိုယ်စားလှယ်ဦးရေ (ကရင် -၈ဦး၊ ဗမာ-၁ဦး၊ မွန်-၁ဦး၊ ပအို့ -၁ဦး ) ၁၁ဦးရမည်ဖြစ်ပါသည်။
.
အထက်တွင်တင်စားဖော်ပြခဲ့သည့် ဗမာပြည်နယ်၌ ဗမာဦးရေ (၁၀) သိန်း၊ ချင်းလူဦးရေ (၂)သိန်း၊ ကချင်လူဦးရေ (၁) သိန်း၊ ရှမ်း လူဦးရေ (၈) သောင်းရှိသည်ဆိုပါစို့ လူမျိုးစုလွှတ်တော်ကိုယ်စားလှယ်ဦးရေ (ဗမာ-၂၀ဦး၊ ချင်း-၄ဦး၊ ကချင် – ၂ဦး၊ ရှမ်း- ၁ဦး၊) ၂၇ ဦး ရှိရမည်ဖြစ်သည်။  အလားတူ အမျိုးသားပြည်နယ် (ဧရာဝတီ) တွင် ဗမာက (၈) သိန်း၊ ကရင်က (၈) သိန်း၊ ရခိုင်က (၃) သိန်း၊ မွန်က (၁) သိန်း၊ ရှိပါက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (ဗမာ- ၁၆ ဦး၊ ကရင် – ၁၆ ဦး၊ ရခိုင် – ၆ဦး၊ မွန်-၂ဦး) ၄၀ ဦးရှိရမည်ဖြစ်သည်။
.
ဤသို့ဆောင်ရွက်ပါက အမျိုးသား (ဝါ) လူမျိုးစုလွှတ်တော်တွင် တိုင်းရင်းသားလူမျိုးများကို အမှန်ကိုယ်စားပြုသော လွှတ်တော်ကြီးဖြစ်လာမည်ဖြစ်ပါသည်။ နယ်မြေ အကျဉ်းအကျယ်ကြောင့် စကားမများရ၊ မိမိလူဦးရေများ၍ နည်း၍ကြောင့်လည်း စောဒကတက်စရာမလိုတော့ပါ။ ဗမာလည်းဗမာအလျောက်၊ ချင်းလည်းချင်းအလျောက် မိမိရှိသော လူမျိုးစု၏ လူဦးရေအတိုင်းလွှတ်တော် ကိုယ်စားလှယ်ဦးရေ ရမည်ဖြစ်ပါသည်။ တစ်ခုတော့ရှိသည် တိုင်းရင်းသားလူမျိုးများ၏ သန်းခေါင်စာရင်းကို မဟုတ်မမှန်လီဆယ်လုပ်ကြံပြုစုခြင်းမဟုတ်ဘဲ ဟုတ်တိုင်းမှန်ရာ မကွယ်မဝှက် တကယ့်အရှိအတိုင်းဖော်ထုတ် ပြုစုရန်လိုအပ်ပါသည်။ အခြေခံအင်္ဂါရပ် အမှတ် (၁)မှလွဲ၍ ကျန်အင်္ဂါရပ်များကို အထူးတင်ပြန်ရန် မရှိပါ။
.
ဖော်ပြပါ အခြေခံအင်္ဂါရပ်များအပြင် ကျား-မ တန်းတူညီမျှမှု (Genda) လွတ်လပ်စွာကိုးကွယ်ယုံကြည်မှု (Secular State) စသည့်တို့ကိုလည်း အလေးအနက်ထားရပါမည်။ လူမျိုးပေါင်းစုံရောနှောနေထိုင်သော ပြည်ထောင်စုကြီးတွင် အမျိုးသားပြည်နယ်ထူထောင်နိုင်လောက်သော လူအင်အားမရှိသည့် လူမျိုးစုငယ်များ (တစ်နည်း) တိုင်းရင်းသားပြည်နယ်တစ်ခုထူထောင်ရန် လိုအပ်သည့်သတ်မှတ်ချက် မပြည့်စုံသေးသော သူများကိုလည်း နိုင်ငံရေးအကျိုးခံစားခွင့်များ ရရှိနိုင်ရန် အမျိုးသားနယ်မြေများ (Autonomous Areas) သတ်မှတ်၍ သူတို့၏ အခွင့်အရေးကို ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ကာကွယ်ပြဌာန်းပေးရပါမည်။
ဒီမိုကရေစီစနစ်တွင် အများဆန္ဒအရ အရာရာကို အဆုံးအဖြတ်ပေးရာ၌ အနည်းစု၏ အခွင့်အရေးများကိုလည်း မမေ့အပ်ပေ။ ဒီမိုကရေစီစနစ်သည် လူမျိုးကြီးဝါဒ (ဝါ) မဟုတ်လူမျိုးကြီးဝါဒ လွှမ်းမိုးရေးနှင့် လူအုပ်ကြီးဖြင့် အနိုင်ကျင့်သော (Tyranny of Majority )်ဖြစ်သွားတက်သည်ကိုလည်း သတိမူအပ်ပေသည်။
.
ဒေါ်အောင်ဆန်းစုကြည်အားနိုင်ငံတော်၏ အကြံပေးအတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တာဝန်ပေးသင့်သည့်ဘက်က အလွယ်တကူအနိုင်ရသွားခဲ့သည်။ ထိုရောအခါ ဤဖြစ်စဉ်ပေါ် ဒီမိုကရေစီအနိုင်ကျင့်ခြင်းဟု အဖွဲ့အစည်းတစ်ခုက ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သတင်းများ၌ ရေးသားဖော်ပြထားသည်ကို တွေ့ရပါသည်။
.
ထို့ကြောင့် ဖြစ်ထွန်းပေါ်ပေါက်ထူထောင်လိုသော ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် ဖွဲ့စည်းလိုသော နိုင်ငံတော၏ ပုံသဏ္ဍန်ကို ထုဆစ်ပုံဖော်ကြည့်ပြီးဖြစ်၍ ဝေဖန်သုံးသပ်စိစစ်ကြရန်သာရှိတော့သည်။ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သတ်၍ လွှတ်တော်အသီးသီးတွင် ရွေးကောက်ခံမဟုတ်သော ၂၅ ရာနှုန်းကိစ္စသည်လည်း အလေးအနက်ထားစဉ်းစားရမည့် အချပ်တစ်ရပ်ဖြစ်ပါသည်။ တိုင်းပြည်အေးချမ်း တည်ငြိမ်လာသောအခါ အချုပ်အာဏာတည်တံ့ခိုင်မြဲကြောင်း သေချာပြီးသောအခါ ၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအစစ်အမှန် တည်ဆောက်နိုင်သောအခါ ထို၂၅ ရာနှုန်းကို တဖြေးဖြေးလျှော့ချသွားမည်ဟူသည့် ကတိကိုတော့ ကြားသိရပြီး ဖြစ်ပါသည်။
.
ထိုကတိကြီးအဖြေပေါ်သည့်နေ့၊ မိမိတို့တိုင်းရင်းသားအားလုံးကလည်း စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို လက်ခံယုံကြည်လာသည့်နေ့သို့ ရောက်လာပါက အဆိုပြု တင်သွင်းရခြင်းအပေါ် ကြည်နူးနှစ်သိပ့်ဝမ်းသာလုံးဆုံ့နိုင်ပြီး ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
.
မန်းအောင်ပြည့်စိုး